Friday, July 26, 2013

အရုဏ်ဦးလွတ်လပ်ရေး (၄)



(နေသန်မောင်)

ကိုလိုနီခေတ် မြန်မာပြည်အုပ်ချုပ်ရေးပုံစံ

၁၉၂၀ မှ စတင်ခဲ့သည့် ပထမကျောင်းသားသပိတ် မှတစ်ဆင့် နိုင်ငံအနှံ့အပြားတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဦးစီးသော ဗဟန်းမြို့မ ကောလိပ်ကျောင်းမှစတင်ကာ အမျိုးသားကျောင်းများ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ဥရောပ၌ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေရာ ဗြိတိသျှတို့ အရေးနိမ့်နေချိန် ဖြစ်သည်။ ထို့အပြင် ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံများတွင် အမျိုးသားရေး လှုပ်ရှားမှုများ အရှိန်မြင့်တက်လာ နေသဖြင့် ကိုလိုနီနိုင်ငံများအတွက် အုပ်ချုပ်ရေးပုံစံတစ်ခုကို ဗြိတိသျှတို့ ပြန်လည် စဉ်းစားလာကြသည်။ စစ်အောင်နိုင်ရေးအတွက် ကိုလိုနီနိုင်ငံများ၏ ပြည်သူများ ပူးပေါင်းပါဝင်မှုကို ဗြိတိသျှတို့ လိုအပ်သောကြောင့် ဖြစ်သည်။

အာရှတိုက်တွင် ဗြိတိသျှတို့၏ အကြီးမားဆုံးသော အင်ပါယာမှာ အိန္ဒိယတိုက်ငယ်ဖြစ်ပြီး အိန္ဒိယတိုက်သားတို့ ကျေနပ်စေရန် ၁၉၁၉ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူက မြန်မာပြည်နယ် ပါဝင်သော အိန္ဒိယနိုင်ငံကို အုပ်ချုပ်ရေး တိုးမြှင့်ပေးမည်ဟု သြဂုတ်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။ မွန်တေဂူ ကြေညာချက်ကြောင့် မြန်မာပြည်ရှိ နိုင်ငံရေး အတွေးအခေါ် ရှိသူများအကြား နိုးကြားမှုများ ပေါ်ထွက်လာသည်။ အိန္ဒိယကို အုပ်ချုပ်ရေး အဆင့်အတန်း တိုးမြှင့်ပေးရန် ကြေညာချက်တွင် မြန်မာပြည် ပါဝင်သဖြင့် မြန်မာလူမျိုးခေါင်းဆောင် ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း (တူ၊ သာ၊ သင်း) တို့သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး မြန်မာပြည်အား အုပ်ချုပ်ရေး တိုးမြှင့်ပေးရန် အရေးဆိုခဲ့သည်။ သို့သော် အကြောင်းမထူးခဲ့ချေ။ ထို့နောက် မြန်မာ့သမိုင်းတွင် ပထမဆုံးသော ဗြိတိန်နိုင်ငံသို့ သွားရောက်အရေးဆိုသည့် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) ကိုယ်စားလှယ်အဖွဲ့ သွားရောက် အရေးဆိုသော်လည်း အကြောင်းမထူးခဲ့ပေ။ ထို့နောက် ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင် (ဖေ၊ ပု၊ မောင်) ကိုယ်စားလှယ်အဖွဲ့ ဗြိတိသျှ ပါလီမန်သို့ သွားရောက် အရေးဆိုခဲ့ပြန်သည်။ ပထမကမ္ဘာစစ်တွင် စစ်ဒဏ်ကို အလူးအလဲ ခံနေရသော ဗြိတိသျှတို့သည် မြန်မာပြည်ကို အုပ်ချုပ်ရေး တိုးမြှင့်ပေးရန် နောက်ဆုံး၌ သဘောတူညီခဲ့သည်။

၁၉၀၈ ခုနှစ်တွင် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဦးတည်ထူထောင်ခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓကလျာဏယုဝ အသင်းသည် မွန်တေဂူ ကြေညာချက်အရ အုပ်ချုပ်ရေး တိုးမြှင့်ပေးမှုအပေါ် အချေအတင် ဖြစ်လာကြပြီး နောက်ဆုံး၌ လူကြီးဂိုဏ်းနှင့် လူငယ်ဂိုဏ်းဟူ၍ နှစ်ခြမ်းကွဲသွား တော့သည်။ ဝိုင်အမ်ဘီအေ လူငယ်ဂိုဏ်း၏ လုပ်ငန်းစဉ်မှာ မြန်မာပြည်ကို မွန်တေဂူ စီမံကိန်းအတွင်း အကျုံးဝင်စေကာ အုပ်ချုပ်ရေးအာဏာကို တိုးတက်ရယူသွားပြီး နောက်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်နိုင်ငံအတွင်း ဗြိတိသျှ ဓနသဟာယအတွင်း ပါဝင်နိုင်ရေး ဖြစ်သည်။ လူကြီးဂိုဏ်း၏ ရည်ရွယ်ချက်မှာ မြန်မာပြည်ကို အုပ်ချုပ်သည့် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ရေးဆွဲသော စီမံကိန်းအတိုင်း အုပ်ချုပ်သည်ကိုသာ လက်ခံလိုကြသည် မြန်မာပြည်သူ အများစုမှာ လူကြီးဂိုဏ်း၏ သဘောထားကို လက်မခံကြသဖြင့် လူငယ်ဂိုဏ်းသည် အရေးပါသော နိုင်ငံရေးပါတီ တစ်ခုသဖွယ် ဖြစ်လာသည်။

၁၉၂၀ တွင် ဝိုင်အမ်ဘီအေအသင်းမှ လူငယ်ခေါင်းဆောင် များအနက် ဦးချစ်လှိုင် ဦးဆောင်ကာ ဂျီစီဘီအေခေါ် ဗုဒ္ဓဘာသာအသင်း ကောင်စီချုပ် (Government Council of Buddhist Association) ကို ပြောင်းလဲ ထူထောင်လိုက်သည်။ ဂျီစီဘီအေတွင် ဦးဘဖေ၏ ပြည်သူ့ပြည်သားပါတီ၊ ဆာ ဂျေ၊ အေ၊ မောင်ကြီး၏ တိုးတက်ရေးပါတီခေါ် ရွှေတောင်ကြားပါတီတို့ ပါဝင်သည်။ ၁၉၂၂ တွင် ဗြိတိသျှအစိုးရက မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် ပြောင်းလဲအုပ်ချုပ်မည်ဟု ကြေညာလိုက်ရာ ဒိုင်အာခီကို လက်ခံသင့်၊ မသင့်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲလာကာ ဂျီစီဘီအေအတွင်း ဦးချစ်လှိုင်တစ်စု၊ ဦးပုတစ်စုနှင့် ဦးစိုးသိမ်းတစ်စုဟူ၍ အုပ်စုများ ပေါ်ပေါက်လာရာမှာ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများ ပေါ်လာပြီး ဂျီစီဘီအေအဖွဲ့ နှစ်ခြမ်းကွဲသွားတော့သည်။

မြန်မာပြည်တွင်စတင်သော ဒိုင်အာခီ (Dyarchy) အုပ်ချုပ်ရေးကို လီယွန်နယ်ကားတစ် (Lionel Curtis) ဆိုသူက စတင်တီထွင်ခဲ့သည်။

ယင်းအုပ်ချုပ်ရေးပုံစံ၏ ရည်ရွယ်ချက်မှာ အရာရှိစနစ်မှ တာဝန်ခံအုပ်ချုပ်ရေးသို့ ကူးပြောင်းသည့် အသွင်ကူးပြောင်းရေး စပ်ကူးမပ်ကူးကာလတွင် ယာယီကျင့်သုံးရန် ဖြစ်သည်။ အဆိုပါပုံစံသစ်အရ အုပ်ချုပ်ရေးကို သုံးပိုင်းခွဲခြားလိုက်သည်။ အိန္ဒိယနိုင်ငံရှိ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ခြင်း၊ မြန်မာပြည်ကို ဘုရင်ခံတစ်ဦးက အုပ်ချုပ်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်နှစ်ဦး၊ ဘုရင်ခံရွေးချယ်သော ကိုယ်စားလှယ်နှစ်ဦးတို့က အုပ်ချုပ်ခြင်းဆိုသည့် သုံးမျိုးကို ရောစပ်ထားခြင်း ဖြစ်သည်။ မူအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုလိုနီအုပ်ချုပ်ရေးကို ရောနှောထားပြီး ဒိုင်အာခီ အက်ဥပဒေအရ ရခိုင်၊ ပခုက္ကူ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ချင်းတောင်၊ ပူတာအို စသောဒေသများကို ဖွံ့ဖြိုးမှုမရှိဟု သတ်မှတ်ပြီး ဒိုင်အာခီ အုပ်ချုပ်ရေးအောက် မထားဘဲ အိန္ဒိယရှိ ဗြိတိသျှ အုပ်ချုပ်ရေးအောက် တိုက်ရိုက်ထားရှိသည်။ ယင်းပေါ်လစီကို သွေးခွဲအုပ်ချုပ်ရေး (Divided and Rule Policy) ဟု သတ်မှတ်သည်။

ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံသင့်၊ မသင့်ဆိုသည့် ပြဿနာမှာ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ရသည်ဆိုသော မြန်မာစကားအတိုင်း မြန်မာတို့၏ အတောင့်တင်းဆုံးသော အဖွဲ့ဖြစ်သည့် ဂျီစီဘီအေသည် ဒိုင်အာခီကို လက်မခံသော ဦးချစ်လှိုင် (ဂျီစီဘီအေ) နှင့် ဒိုင်အာခီကို လက်ခံသော ဦးဘဖေ (ဂျီစီဘီအေ) ဟူ၍ နှစ်ခြမ်းအဖြစ် အတိအလင်း ကွဲသွားတော့သည်။

ဦးဘဖေ (ဂျီစီဘီအေ) မှ ခေါင်းဆောင် ၂၁ ဦးက ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံကြောင်း ကြေညာလိုက်သောအခါ ဦးချစ်လှိုင် ခေါင်းဆောင်သော ဝံသာနုအဖွဲ့က အပြင်းအထန် ရှုတ်ချကြသည်။ ၁၉၂၃ ဇန်နဝါရီ ၁ ရက်နေ့တွင် မြန်မာပြည်ကို ဒိုင်အာခီစနစ်ဖြင့် စတင် အုပ်ချုပ်လေတော့သည်။

ဒိုင်အာခီ အုပ်ချုပ်ရေးအရ ဒုတိယဘုရင်ခံကို မထားဘဲ ဘုရင်ခံအနေဖြင့် အုပ်ချုပ်ရသောကြောင့် ဆာရယ်ဂျီနယ်ကရက်ဒေါက်ကို ဗြိတိန်သို့ ပြန်လည်ခေါ်ယူပြီး မြန်မာပြည်တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဆာဟာကုတ် ဘတ္တလာကို မြန်မာပြည်၏ ပထမဆုံးသော ဘုရင်ခံအဖြစ် ခန့်အပ်လိုက်သည်။ ဒိုင်အာခီကို လက်မခံသော ဦးချစ်လှိုင် ဦးဆောင်သော ဝံသာနုများက အစိုးရနှင့် မပူးပေါင်းရေး၊ အခွန်မပေးရေးတို့ကို လှုံ့ဆော်ကြပြီး အစိုးရနှင့် အခေါ်အပြောမလုပ်ဘဲ ဘူးကွယ် ကြသဖြင့် မြန်မာ့သမိုင်း၌ ‘ဘူး’ အသင်းများအဖြစ် ထင်ပေါ်ခဲ့သည်။

ဘုရင်ခံ ဘတ္တလာက တိုက်ရိုက်ခန့်အပ်သော ဝန်ကြီးနှစ်ဦးမှာ ဆာမောင်ခင်နှင့် မစ္စတာကိတ်တို့ဖြစ်ပြီး ဘဏ္ဍာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ကိုင်တွယ်ရသည်။ မြန်မာပြည်သူတို့ ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်နှစ်ဦးမှာ ဆာဂျေ၊ အေ၊ မောင်ကြီးနှင့် အမ်အေမောင်ကြီးတို့ဖြစ်ပြီး သစ်တောရေးနှင့် ပညာရေးကို ကိုင်တွယ်ရသည်။ ၁၉၂၃ မှ စတင်ခဲ့သည့် ဒိုင်အာခီ အုပ်ချုပ်ရေးသည် ၁၉၃၇ အထိ ၁၄ နှစ်သက်တမ်း ကြာမြင့်ခဲ့ပြီး ဒိုင်အာခီလွန် မြန်မာပြည်သည် အမျိုးသားရေး လှုပ်ရှားမှုများ အမြင့်ဆုံးဒီဂရီအထိ ထိုးတက်ခဲ့သည်။

၁၉၂၈-၂၉ တွင်ဖြစ်ပွားသည့် ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) သည် မြန်မာပြည်ရှိ တောင်သူလယ်သမားများကို အပြင်းထန်ဆုံး ရိုက်ပုတ်ခဲ့လေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)

Credit To The Voice Weekly

Related Articles:

Post a Comment