Wednesday, July 24, 2013

အရုဏ်ဦး လွတ်လပ်ရေး (၂)



(နေသန်မောင်)

အောင်ဆန်း၏ ငယ်စဉ်ကာလများ

မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း ၃၀ အကြာ မြန်မာ့နိုင်ငံရေး ခေတ်သစ်သမိုင်း၌ အရေးပါအရာရောက်မည့် သူတစ်ဦးကို အပူပိုင်းဒေသ အလယ်ပိုင်းအရပ်တွင် မွေးဖွားခဲ့လေသည်။ မကွေးတိုင်း နတ်မောက်မြို့ငယ်လေးတွင် လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူ ဦးဖာနှင့် ပဒေသရာဇ်မျိုးရိုးမှ ဆင်းသက်လာသူ ဒေါ်စုတို့ အောင်ဆန်းကို ၁၉၁၅၊ ဖေဖော်ဝါရီ ၁၃ တွင် မွေးဖွားခဲ့သည်။ ဦးဖာသည် လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း လယ်သမားလုပ်ငန်းကို တတ်ကျွမ်းသူတစ်ဦး မဟုတ်ခဲ့ပေ။ ဦးဖာသည် နတ်မောက်မြို့ ဒီပင်္ကရာ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြား၍ ရှေ့နေစာမေးပွဲ ဖြေဆိုပြီးနောက် ရှေ့နေတစ်ယောက် ဖြစ်လာခဲ့သည်။ ရှေ့နေတစ်ဦး ဆိုသော်လည်း အနေအထိုင် အင်မတန်ရိုးပြီး လောကီရေးရာတွင် လိမ္မာပါးနပ်မှုမရှိ၊ စကားအလွန်နည်းသူဟု သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။

မိခင်ဒေါ်စုမှာ ထက်မြက်လှသော မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်ထောင့်စီးပွားကို ဦးစီးဦးဆောင်ပြု စီမံခန့်ခွဲရသူ ဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်းများတွင် အမျိုးသမီးများ စာသင်ကြားခွင့် မရှိသဖြင့် ဒေါ်စုသည် အတန်းပညာ မတတ်ခဲ့သော်လည်း နှလုံးရည်၊ လက်ရုံးရည်ထက်သော ပဒေသရာဇ်အနွယ်မှ ဆင်းလာသူ ဖြစ်သောကြောင့် ထက်မြက်သည်။ မြန်မာ နိုင်ငံကို ကျွန်ပြုခဲ့သည့် ဗြိတိသျှတို့အား ကနဦးပုန်ကန်ခဲ့သူ မျိုးချစ်များအနက် ဒေါ်စု၏ ဦးလေးတော်စပ်သူ ဗိုလ်မင်းရောင်မှာ ထင်ရှားသည်။

အောင်ဆန်းသည် မွေးချင်းများအနက် ကိုးယောက်မြောက် အငယ်ဆုံးသားဖြစ်ပြီး စတုတ္ထသမီးနှင့် သတ္တမသားတစ်ဦးတို့ ငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့သဖြင့် ခုနစ်ဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ အောင်ဆန်း၏ မွေးချင်းများမှာ -
၁။ မခင်ညွန့် (၁၉၄၆ ခုနှစ် အသက် ၅၀ တွင် ကွယ်လွန်)
၂။ မဝက် (အပျိုကြီးအဖြစ် ၁၉၅၆ ခုနှစ်တွင် ကွယ်လွန်)
၃။ ကိုဘဝင်း (ဦးအောင်ဆန်းနှင့်အတူ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံရ)
၎။ မရွှေမှန် (၁၃ နှစ်သမီးအရွယ်တွင် ကွယ်လွန်)
၅။ ကိုနေအောင်
၆။ ကိုညိုမောင်
၇။ ကလေးအရွယ်တွင် ကွယ်လွန်
၈။ အောင်သန်း
၉။ အောင်ဆန်းတို့ ဖြစ်သည်။

အောင်ဆန်း၏ ဇာတာအမည်မှာ ထိန်လင်းဖြစ်သည်။ သူ၏ ဇာတာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
“မင်္ဂလာအညီ ရာသီလနှစ် သက္ကရာဇ်ကား ၁၂၇၆ ခု ဒီဃ ၄၇၈ ရဿ သူရိယ မာသ ကုမ်ရာသီ ဝေါဟာ သမယ တပေါင်းလ္ဆန်း ၁ ရက် စနေနေ့သို့အဝင် နံက် ၄ ချက် မတီးမှီ အချိန်တွင် ရတနာသုံးပါး ဦးထိတ္ထားလျက် သတို့သားကို မာတာမိခင် ဖွားသန့်စင်က ချမ်းသာရသည့် အဖဦးဖါ အမိမစု သားမောင်ထိန်လင်းဟူသည် ဇာတာအသက် ၁၂၀ ရှည်စေသော်ဝ်” (မူရင်းသတ်ပုံအတိုင်း)

ကလေးတစ်ဦး မွေးဖွားသည့်အခါ အမည်ပေးခြင်းနှင့် ဇာတာဖွဲ့ခြင်းသည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီးသော လုပ်ဆောင်ချက် ဖြစ်သည်။ မွေးဖွားသည့် ရက်၊ လ၊ ခုနှစ်နှင့် အချိန်အတိအကျတို့ကို နက္ခတ်ပညာရှင်များက စနစ်တကျ တွက်ချက်ပြီး ဇာတာအမည် ဖွဲ့သည်။ သို့သော် ဇာတာအမည်မှာ တရားဝင်အမည် မဟုတ်ပေ။ မြန်မာတို့၏ ဓလေ့ထုံးတမ်းအရ ဇာတာအမည်သည် မွေးဖွားသူ၏ နေ့နံအတိုင်း တွက်ချက်ပြီး မှည့်ခေါ်ရသော ကိစ္စတစ်ရပ် ဖြစ်သည်။ အောင်ဆန်းသည် စနေနေ့တွင် မွေးဖွားသောကြောင့် ဇာတာအမည်အဖြစ် ထိန်လင်းဟု ပေးခြင်းဖြစ်သော်လည်း သူ၏တရားဝင် အမည်မှာ အောင်ဆန်း ဖြစ်သည်။ အောင်ဆန်းနှင့် ထိန်လင်းဆိုသော အမည်နှစ်ခုနှင့် ပတ်သက်ပြီး အစ်ကိုဖြစ်သူ ဦးအောင်သန်းက အောက်ပါအတိုင်း ရေးသားခဲ့သည်။

ထိန်လင်းဆိုသည်မှာ ဇာတာတွင်ပါသည့် အမည်မျှသာ ဖြစ်သည်။ တရားဝင်အမည်လည်း မဟုတ်၊ ငယ်နာမည်လည်း မဟုတ်ပေ။ သူ့အား မည်သူမျှ ထိန်လင်းဟု မခေါ်ခဲ့ကြပေ။ အောင်ဆန်းဟူသော အမည်မှာ ကျွန်တော်ပေးသော အမည်ဖြစ်သည်။ ကျွန်တော်က အာသွက်လျှာသွက်ဖြင့် “ကျုပ် အောင်သန်းဆို သူအောင်ဆန်းပေါ့ဗျာ” ဟု ပြောလိုက်ရာ အောင်ဆန်း တွင်နေသည်။

အောင်ဆန်းသည် ငယ်စဉ်ကတည်းက အင်မတန်ချူချာသော ကလေးတစ်ယောက်ဖြစ်ပြီး သုံးနှစ်သားအထိ စကားမပြောသဖြင့် ဆွံ့အနေမလားဟု မိသားစုက စိုးရိမ်ခဲ့သည်။ မကြာခဏ ဆိုသလို နာမကျန်းခြင်းနှင့် ခန္ဓာကိုယ်အနှံ့ အရေပြားရောဂါများ ဖြစ်သည်ဟု အောင်ဆန်းကိုယ်တိုင် ပြောပြဖူးသည်။ ညီအစ်ကိုမောင်နှမ များအနက် အထွေးဆုံးသား အောင်ဆန်းသည် သူကိုယ်တိုင် ရေးသားခဲ့သည့် မှတ်တမ်းများအရ ညစ်ပတ်ချူချာပြီး အစားကြီးသူ၊ နှစ်လိုဖွယ် လုံးဝမရှိသောသူဟု ဖော်ပြသော်လည်း ပရိယာယ် မရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ကြင်နာသနားတတ်ခြင်း စသည့် ချစ်စဖွယ် စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု အောင်ဆန်းကို ငယ်စဉ်ဘဝ ကတည်းက သိသူများနှင့် မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

စကားပြောသော အရွယ်သို့ ရောက်သောအခါ အောင်ဆန်းသည် အရာရာကို စူးစမ်းတတ်သော ဉာဉ်ရှိသူ ဖြစ်လာသည်။ လူကြီးများ မဖြေနိုင်သော မေးခွန်းများကို မေးလေ့ရှိသည်။ မိုးတွင်း၊ ဆောင်းတွင်းဟု ပြောကြသော်လည်း အဘယ့်ကြောင့် နွေတွင်း မရှိသလဲ။ ညီအစ်ကို တစ်ဝမ်းကွဲ၊ မောင်နှမတစ်ဝမ်းကွဲ ရှိသော်လည်း အဘယ့်ကြောင့် လင်မယား တစ်ဝမ်းကွဲ မရှိသလဲ ဆိုသည့် မေးခွန်းများကို လူကြီးများက မဖြေနိုင်ခဲ့ပေ။

အောင်ဆန်းသည် အင်မတန်ရိုးလွန်း၊ အလွန်းသော ကလေးငယ်ဖြစ်ပြီး အရိပ်အကဲကို နားမလည်သူ တစ်ယောက်ဖြစ်သည်။ ဒေါ်စုသည် သူမ၏ အထွေးဆုံးသားကို အင်မတန်ချစ်သည်။ အငယ်ဆုံးဖြစ်သဖြင့် အလိုလိုက်ခြင်းကို ခံရသည်။ အောင်ဆန်းကို မွေးသည့်အချိန် နို့ညှာသား အောင်သန်းမှာ ကျောင်းနေသည့် အရွယ်ရောက်နေရာ အောင်ဆန်းမှာ အိမ်၏ဆည်းလည်းလေး ဖြစ်လာသည်။ သားသမီးများ ငါးနှစ်အရွယ်တွင် ကျောင်းစနေရသော်လည်း အောင်ဆန်းကမူ ကျောင်းမတက်လိုဘဲ ငြင်းဆန်သည်။ “အစ်မနေမှ နေမယ်” ဟု ပြောရာ ဒေါ်စုမှာ သားထွေးလေးကို အလိုလိုက်ပြီး ဇွတ်အတင်း ကျောင်းမထားရက် ဖြစ်နေသည်။

အောင်ဆန်းသည် အစ်ကိုအောင်သန်းနှင့် ငယ်စဉ်က တကျက်ကျက် ရန်ဖြစ်လေ့ရှိသည်။ ဦးအောင်သန်း၏ မှတ်တမ်းများတွင် ...“ကျွန်တော်သည် သူ့ကို မကြာခဏ စလေ့ရှိသည်။ ငါက မင်း အရင် ထမင်းစားရတာပါကွာ” ဟု ပြောလျှင် သူအလွန်စိတ်ဆိုးသည်။ မိခင်ကြီးက “ဒါ စိတ်ဆိုးစရာလား၊ သူက အရင်မွေးတော့ ထမင်းအရင် စားရတာပေါ့၊ ဘာဖြစ်သလဲ” ဟု ပြောသည်ကိုပင် လက်မခံ။ ကျွန်တော်ကလည်း သူမကြိုက်မှန်းသိ၍ ခဏခဏပြောသည်။ ခဏခဏ ရန်ဖြစ်ရသည်။ ရန်ဖြစ်ပြီးလျှင် မခေါ်ဘူးဟုပြောကာ ကျွန်တော်တို့ စိတ်ကောက်နေကြသည်။ အောင်ဆန်းသည် ကြာရှည်မနေနိုင်၊ လိုက်ခေါ်တော့သည်” ဟု ဖော်ပြထားသည်။

အောင်ဆန်းသည် အလွန်စပ်စုသော ကလေးမျိုးထဲတွင် ပါဝင်သည်။ ငယ်စဉ်က အိမ်အနားရှိ ကာကာဆိုင်သို့ သွားကာ ဘီလီဆေးလိပ်များကို ဝယ်ကာအထဲတွင် ဘာများပါသနည်းကို သိလိုပြီး ချိုးကြည့်သည်။ ဒေါ်စု သိသောအခါ အောင်ဆန်းလက်ကိုဆွဲ၊ ကာကာဆိုင်သွားပြီး ကလေးကို ဆေးလိပ်ရောင်းသော ကာကာကုလားကို ဆူပူမာန်မဲသည်။ ကာကာကုလားသည် အောင်ဆန်းကိုကြည့်ပြီး “နောက်တစ်ခါလာရင် ဘမ်ဘူး ပေးမယ်” ဟု ပြောလိုက်သည်။ ဘမ်ဘူးပေးသည် ဆိုသည်မှာ ရိုက်မည် ဖြစ်ကြောင်း ဒေါ်စုပြောသဖြင့် သိရသောအခါ အောင်ဆန်းသည် ကာကာဆိုင်သို့ မသွားတော့ပေ။

မိခင်၏ အလိုလိုက်ခြင်းကို ခံရသည့် အောင်ဆန်းသည် နေမကောင်းဖြစ်၍ ဆေးသောက်ရသောအခါ ငွေပေးမှ သောက်မည်ဆိုသဖြင့် ဒေါ်စုမှာ ငွေပေးပြီး ဆေးတိုက်ရသည်။ ထို့ကြောင့် အောင်ဆန်း၌ ငွေဒင်္ဂါးလေး၊ ငါးဆယ်ခန့် ရှိတတ်သည်။ ကာကာဆိုင် မသွားရဲသဖြင့် လိုသမျှကို အစ်ကို အောင်သန်းက ဝယ်ပေးသည်။ တစ်နေ့ ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်သောအခါ အောင်ဆန်းက သူ့ငွေကိုပေးရန် ပြန်တောင်းသည်။ မိခင်ဒေါ်စုက “နင်ဘာဖြစ်လို့ အစကပေးသလဲ” ဟု မေးရာ “အိုး။ သူက ညီအစ်ကိုချင်းပဲကွာ ဘာညာနဲ့ ချော့တောင်းတာကိုးဗျ” ဟု ပြောသဖြင့် ရယ်ကြရသည်။

အောင်ဆန်းသည် ငယ်စဉ်ကလေးဘဝ အရွယ်ကတည်းက ဖြောင့်မတ်သူဖြစ်ပြီး လိမ်ညာမပြောတတ်၊ မှန်သည့်အတိုင်းသာ ပြောတတ်ကြောင်း မိခင်ဖြစ်သူ ဒေါ်စု ဥပမာတစ်ခုပေးကာ ဆိုဖူးသည်။

“တစ်နေ့၌ အောင်ဆန်းသည် အိမ်အောက်ထပ်တွင် တစ်ယောက်တည်း ကစားရင်း သူ၏အစ်မတစ်ဦး ရက်လုပ်ထားသော ရက်ကန်းစင်မှာ ပိုးရောချည်ပါ လုံချည်စကို ချည်ဖြတ်သော ဓားငယ်ကလေးဖြင့် ထိုးဖောက်ကစားပစ်၏။ ရက်ပြီးသားချည်စမှာ အသုံးပြု မရလောက်အောင် ဓားဖောက်ရာ ဗလပွနှင့် ပျက်စီးသွား၏။ အမေစု သိသောအခါ စိတ်ဆိုးပြီး ဘယ်သူလုပ်သွားသည်ကို ဟိုလူမေး၊ ဒီလူမေးနှင့် လူစုံအောင် မေး၏။ လက်သည်ကို ရှာမတွေ့။ တစ်နေရာတွင် တစ်ယောက်တည်း ကစားနေသော အောင်ဆန်းကို မသင်္ကာ၍ ခေါ်ရိုက်၏။ ကြောက်ပါပြီ ဟုလည်းမပြော၊ ဘာမျှပြန်မပြောချေ။ အမေစုက “အောင်ဆန်း။ ဒါ မင်းလုပ်တာလား” ဟု မေးသောအခါ “ဟုတ်တယ်” ဟု ဝန်ခံ၏။ အောင်ဆန်းသည် အရိုက်ခံရမည်ကို သိလျက်နှင့် လိမ်ညာ မပြောတတ်ခြင်းကို သဘောကျလှသဖြင့် ဆက်မရိုက်တော့ပေ။

Credit To The Voice Weekly

(ဆက်လက်ဖော်ပြပါမည်)

Related Articles:

Post a Comment