Sunday, July 21, 2013

နိုင်ငံရေးသမားမှ နိုင်ငံရေးအမြင်တတ်လုပ်တတ်တယ် ဟုဆိုလာသော အသက်(၉၀)ကျော် ဖဆပလ၀ါရင့်နိုင်ငံရေးသမားကြီး တံစဉ်သိန်း


မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်၊တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁)ရပ်ကွက်၊အိမ်အမှတ် (၁၁၀)နေ ၁၉၅၀ခုနှစ်ဝန်းကျင်မှ စ၍ဖဆပလတွင်ပါဝင်ခဲ့သော နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်ကြီးတံစဉ်သိန်း နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး- နိုင်ငံတော်အစိုးရ အသစ် လက်ထက်ဝန်ထမ်းတွေကိုလစာတိုး ပေးပါတယ်။အဲဒါနဲ့ပတ်သက်ပြီး ဆရာကြီးတို့ဖဆပလနိုင်ငံရေးသမား တစ်ဦးအနေနဲ့ဘယ်လိုမြင်ပါသလဲ၊ ဘယ်လိုယူဆ ပါသလဲ။
ဖြေ- အဲဒါကြိုက်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ စားသုံးမှုခက်ခဲမှန်းသိလို့အစိုးရက ပေးတာပေးထိုက်ပါတယ်။ဒါပေမဲ့ အဲဒီလိုပေးတဲ့နေရာမှာအတိုင်းအဆ တစ်ခုတော့ရှိရပါမယ်။စားသုံးမှု ပြေလည်အောင်လို့ပေးတာအဓိက ပါ။အခုတော့လစာနည်းသူ၊ အလယ်အလတ်ရသူ၊အထက်တန်း လစာရသူ၊နောက်အလွန်များပြား တဲ့လစာကြီးတွေရနေသူတွေပါ အားလုံးတစ်ညီတည်းပေးတာဆို တော့ဒါမမှန်ဘူး၊မလုပ်သင့်ဘူး (ဆန်လာလုံးချင်း၊ဖွဲလာလုံးချင်း) ဆိုတာမလုပ်သင့်တဲ့ကိစ္စပါ။ဥပမာ လစာငါးသောင်းနဲ့တစ်သိန်းကျော် အတွင်းရသူတွေပေးရမယ်။လစာ ငါးသိန်းနဲ့အထက်ရနေသူတွေဟာ စားသုံးမှုပြေလည်နေပြီ၊ပေးဖို့မလို ဘူးထင်တယ်။ငါးသိန်းဆိုမိသားစု ဆယ်ယောက်ကောင်းကောင်းစား နိုင်တယ်။ငါတို့အဘိုးကြီး၊အမယ် ကြီးနှစ်ယောက်ကိုသားသမီးကပေး တာသုံးသောင်း။ငါ့အိမ်သားဆရာမ ပင်စင်ကတစ်လ(၈၀၁၄)ရတာနဲ့ပဲ လောက်အောင်စားနေတာပါ။စားနိုင်ပါတယ်။ခုတော့တာဝန်ရှိ သူတွေကစားသုံးမှုခက်ခဲသူကော ပိုလျှံသူရောတန်းတူပေးနေတာက နိုင်ငံရေးမသိလို့လုပ်နေကြတာပါ။  မေး- ဒါနဲ့မူလတန်းကျောင်း သား/ကျောင်းသူအားလုံးကိုတစ် ယောက်(၁၀၀၀)စီပေးမယ်လို့ဂျာနယ် တွေမှာဖတ်ရသလိုအပြင်မှာတကယ် ပေးနေတယ်လို့လည်းကြားသိရပါ တယ်။အဲဒါကောဆရာကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ- အဲဒါနည်းလမ်းမကျဘူးကွ။ ဆရာကြီးစောစောကပြောသလို လစာငါးသိန်းနဲ့ အထက်ရသူ (သို့မဟုတ်)အရပ်သားထဲက ကိုယ်ပိုင်အလုပ်တစ်ခုခုနဲ့တစ်လ ငါးသိန်းကျော်ဝင်ငွေရနေသူရဲ့ သားသမီးကို(၁၀၀၀)ပေးဖို့မလိုဘူး။ အဲဒါမှဆင်းရဲတဲ့မိဘ သားသမီး ကို(၁၀၀၀)ထက်ပိုပြီးပေးဖို့ငွေထွက် လာမှာမဟုတ်လား။အဲဒီလိုအ တိုင်းအဆစည်းစနစ်ရှိရမယ်။စနစ် တကျလုပ်တတ်မှ၊လုပ်မှသာအမှန် တရားပါ။ ဘာမဆိုတစ်ညီတည်း လုပ်ရတာလွယ်တယ်။ဒါပေမဲ့ မမှန် ဘူး။
မေး- အခုအစိုးရကလစာ ကော၊အပိုဆောင်းငွေတွေလည်း ပေးလိုက်တော့ကုန်ဈေးနှုန်းလည်း တက်လာတယ်လို့ကြားသိရတယ်။ အဲဒါကောဆရာကြီးအနေနဲ့ဘယ် လိုမြင်ပါသလဲ။
ဖြေ-သူတို့ကတော့ ဒါကိုလုပ်ပြီးပြီ လို့ထင်မှာပေါ့။တကယ်တော့မပြီးသေး ဘူး။ဒီလိုလစာတိုးပေးတာနဲ့တစ် ချိန်တည်းမှာတွဲဖက်လုပ်ရမှာက ကုန်ဈေးနှုန်းမတက်အောင်လုပ်ရ မှာ။လုပ်တတ်ရင်ရပါတယ်။လစာ တိုးပေးလေ၊ကုန်ဈေးနှုန်းကျလာလေ အဲဒါမျိုးတောင်လုပ်လို့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၄၅-၄၆ခုမှာငါကိုယ်တိုင်ကြုံ ဖူးတာက ငါပျော်ဘွယ်ကနေ ပလေကပ်လုံချည်တစ်ထည်(၄၀)ပေး ၀ယ်ဝတ်တယ်။အိန်္ဒိယကထုတ် တာပါ။နောက်(၆)လလောက်ရှိ တော့(၂၈)ပေးရတယ်။နောင်နှစ် တွေမှာ(၁၈)ကျပ်ဖြစ်တယ်။နောက်ရက်ကန်းလုပ်ငန်းတွေအစိုးရ ကဦးဆောင်လုပ်လိုက်တာ(၂/၆၄) တစ်ထည်(၇)ကျပ်၊(၂/၈၀)တစ်ထည် (၉ကျပ်/၁၀)အထိဈေးကျသွားတယ်၊ တခြားစားစရာပစ္စည်းတွေလည်း အဲဒီအတိုင်းဈေးကျသွားပါတယ်။ အဲဒါဆရာကြီးကိုယ်တွေ့ပါ။ မေး- ဒါနဲ့ဆရာကြီးအဲဒီလိုဖြစ် အောင်ခုကောလုပ်လို့ရပါမလား။ ဖြေ- ရပါတယ်။အခုပြည်ပကိုပို့ နေတဲ့အဲဒါတွေကိုလျှော့ပို့ပြီးကိုယ့် နိုင်ငံကပိုလျှံမှသာပို့ရမယ်။ဈေးကွက်ရှိသမျှပို့ပေးနေတော့ နိုင်ငံမှာရှိတဲ့ပြည်သူတွေကသား ငါးမစားနိုင်။ဆိတ်၊၀က်၊အမဲဈေးကြီး လို့မစားနိုင်၊ဈေးတွေကတစ်နေ့တစ် ခြားလျော့သွားတယ်မရှိဘူး။တက် လာတယ်။ဒါတွေကိုဈေးမတက် အောင်ထိန်းချုပ်ရမယ်။ဒါမှဈေး သက်သာမယ်။ဒါတွေကို ဦးဝင်းတင်တို့သိမှာပါ။သူဘာလို့ ဒီလိုင်းမှာမရေးလဲ။ဒေါ်အောင် ဆန်းစုကြည်ကရောဒါတွေကိုလွှတ် တော်မှာဘာလို့မပြောလဲ။သူတို့ ကပြောရင်အရာရောက်ပါတယ်။ တကယ်တော့ဒီကိစ္စဟာ တကယ့်ပြဿနာကြီးပါ။အဲဒါကို ထင်ရှားအောင်ဆရာကြီးပြောပြ မယ်။လွတ်လပ်ရေးရတဲ့၁၉၄၈ ခုနှစ်မှာပဲကရင်တပ်ဖွဲ့တွေက လက်နက်ကိုင်ပြီးမြို့တကာသိမ်း လိုက်တော့ဖဆပလဟာရန်ကုန် အစိုးရဖြစ်သွားရောကွာ။အဲဒီသူပုန်တွေကရွာတကာလည် ပြီးအဆိုနဲ့မယ်ဒလင်နဲ့အပြော ကောင်းကောင်းနဲ့ သူတို့အထဲပါဝင် ဖို့ပြောဟောကြတာ(၁၀)ရွာပေါင်း လို့သူတို့အထဲလိုက်မယ့်သူမရှိဘူး။ အဲဒါ ဘာကြောင့်လဲ၊ ဖဆပလကကုန်ဈေး နှုန်းမတက်အောင်လုပ်ထားတယ်။ ဆန်တစ်ပြည်ပြားငါးဆယ်၊ဆီတစ် ဆယ်သားပြားသုံးဆယ်၊အမဲသား တစ်ပိဿာတစ်ကျပ်ဆိုတော့စားသုံးမှု မခက်ခဲဘူး။ရွာတွေမှာနေ့စားလုပ် စားတဲ့ကူလီတွေတောင်တစ်နေ့ တစ်ကျပ်ရတော့စားနိုင်တယ်။ ကွန်မြူနစ်တွေပြောသလိုမငတ်ဘူး။ (၀လို့)ပြီးတော့ကွန်မြူနစ်နဲ့ရဲဘော် ဖြူတွေက(မော်စီတုန်းလို)မြေယာ တော်လှန်ရေးလုပ်ပြီးစည်းရုံးမယ် လို့လုပ်နေတုန်းရှိသေး၊ဦးနု၊သခင်တင်၊ ဦးကျော်ငြိမ်းတို့ကမြေယာတွေ၊ လက်ငုတ်လက်ရင်းထက်မပေးရ၊ သီးစားခအခွန်တော်(၂)ဆပဲပေး ရမယ်လုပ်လိုက်တော့သူပုန်တွေ လုပ်စရာအလုပ်မရှိဖြစ်ကရော။လူအင်အားလည်းစုမရ၊နောက်ဆုံး ရိုးမတောင်ပေါ်ရောက်၊ရဲဘော်ဖြူ တွေလက်နက်ချ။ အဲဒီမှာတင် သခင်သန်းထွန်းလည်းရိုးမပေါ်မှာ စခန်းချ၊နောက်ဖေးထိုင်ရင်းရဲဘော် မောင်မြကသေနတ်နဲ့လှမ်းပစ်၊ ထွက်ပြေးသွားရင်းသခင်သန်းထွန်း ခင်ဗျာနောက်ဖေးထိုင်နေဆဲမှာပဲ ကိစ်္စချောပါလေရောကွာ။ဒီလောက်ဆိုကုန်ဈေးနှုန်းထိန်းချုပ် ရေးဆိုတာသိပ်ပြီးအဓိကကျတယ် ဆိုတာထင်ရှားအောင်လို့ငါ့ကိုယ် တွေ့ပြောတာပါ။ အရင်ကဆို လုပ်သားစပါးတင်း(၁၀၀)ထွက် ရင်တင်း(၅၀)ပေးရတယ်။ခုကျတော့စပါးဖိုးမြေ(၁)ဧက အခွန်(၃၁ိ/-)မြေရှင်ကိုငွေ(၆)ကျပ် ပေးလိုက်ရင်ပြီးပြီ။အဲဒါကိုတောင် သူပုန်တွေကဒီမြေယာကိစ်္စမအောင် မြင်ဘူးလို့ပြောကြသေးတယ်။ မြေရှင်ဟာသူ့လယ်ကန်သင်းတောင် မလျှောက်ဝံ့တော့ပါဘူး။အချို့ မြေရှင်က(၆)ကျပ်နဲ့လန့်လို့မယူ ကြတော့ဘူး။အခုပြောတာ တကယ့်ကိုယ်တွေ့အမှန်ပါ။ငါ့တူမကြီးဒေါ်အောင်ဆန်းစုကြည် လည်းဒါတွေလေ့လာသိရှိပြီးဖြစ် မယ်ထင်ပါတယ်။အခုနိုင်ငံတော် က၀န်ထမ်းတွေကိုအပိုဆောင်းငွေ တွေနဲ့လစာတိုးငွေဆိုတာဟာ တိုးပေးရုံနဲ့မပြီးဘူး။စစ်တပ်ကရိက္ခာ ခွဲတမ်းပို့ရာမှာစစ်သားဘယ်လောက် ဘာပစ္စည်းကဘယ်လောက်ဆိုပြီး ခွဲတမ်းချပေးသလိုမျိုးနိုင်ငံရေးသမား မဟုတ်တော့ နိုင်ငံရေးအရမတွေး တတ်၊မဝေခွဲတတ်ဘူးကွာ။ဘာကြောင့်လဲမှတ်ထား(ဆိုင်းသမား မှဆိုင်းတီးတတ်တယ်)၀ါသနာပါတော့ ဆိုင်းသံကြားမနေနိုင်ဘူး။မိဘက ဘယ်လောက်ရိုက်ရိုက်သွားတယ်။ နောက်ဆိုင်းထဲလိုက်၊နှစ်ကြာတော့ ဆိုင်းသမားဖြစ်ကရော။လိုရင်းက တော့နိုင်ငံရေးသမားမှနိုင်ငံရေး မြင်တတ်လုပ်တတ်တယ်။နို့မဟုတ်ရင်ဘာဘွဲ့တွေတစ်သီကြီး ဘယ်လောက်ပဲရရ၊ဘယ်သူဖြစ်ဖြစ် ငယ်စဉ်က၀ါသနာမပါလို့ရှိရင်မတတ် ဘဲနဲ့တတ်တယ်ထင်ပြီးဆိုင်းဝိုင်းကြီး ထဲဝင် တီးရင်ဆိုင်းတွေ၊ဗုံတွေ၊နှဲတွေ လင်းကွင်းကြီးတွေကွဲကုန်ပြဲကုန် မှာပဲ။ဒါကြောင့်၁၉၈၇ခုနှစ်မှာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားရောကွာ။
 Credit To Hot News Journal
ဟင်္သာ(တောင်တွင်းကြီး)

Related Articles:

Post a Comment