Friday, July 12, 2013

ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားအမှန်အား ထည့်သွင်းနိုင်ရန်အတွက် လုပ်ဆောင်မည်ဟု တိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား


လာမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ အားလုံးတို့သည် ၄င်းတို့၏ လူမျိုးအမှန်အား ကောက်ယူနိုင်ရန်အတွက် ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရီမှ တိုင်းလိုင်  (ရှမ်းနီ)  တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။ ရှမ်း တိုင်းရင်းသားများသည် ကချင်ပြည်နယ်အတွင်းတွင် ပြန့်ကျဲနေထိုင်လျက်ရှိပြီး ၄င်းတို့ ကိုင်ဆောင်သော အမျိုးသား မှတ်ပုံတင်များတွင် ရှမ်း-ဗမာ ဖြစ်သာရှိကြောင်း၊ ထိုသို့ ကောက်ယူရာတွင် ရှမ်း တိုင်းရင်းသားများသည် ၄င်းတို့၏ လူမျိုးနေရာတွင် တိုင်းလိုင် (ရှမ်းနီ) အားဖြည့်စွက်နိုင်ရန်အတွက် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုများ နေထိုင်ရာဒေသများတွင် စည်းရုံးမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ''ကချင်ပြည်နယ်မှာ ရှမ်းရွာက ၈ဝဝ တောင်ရှိတာ အခု ၂၁၄ ဆိုတာလည်း မကြာတော့ဘူး လပိုင်းပဲလိုတော့တာ အခုထိ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းတွေက ဘယ်လိုဖြည့်ရမယ်ဆိုတာကို စည်းရုံးရမယ်၊ သူတို့တွေက ဟိုတုန်းက ရှမ်း-ဗမာလို့ ဖြည့်လာကြတယ်၊ အဲတာ့လည်း မမှားပါဘူး။ အခုထိ အချိန်ကျရင် သူတို့တွေကို သူတို့ရဲ့ လူမျိုးအမှန်ကို ထည့်နိုင်အောင် လုပ်ဆောင် စည်းရုံးရမယ်'' ဟု ၄င်းက ပြောသည်။ အဆိုပါ တိုင်းရင်းသားများသည် ရှမ်း-ဗမာ ဟု ထည့်ရခြင်းမှာလည်း ဗမာလူမျိုးနှင့် တူသော ရှမ်းများဟု ခေါ်ဆိုသောကြောင့် ရှမ်း-ဗမာဟု ဆိုသော်လည်း ၄င်းတို့၏ လူမျိုးအမှန်မှာ ရှမ်းများသာ ဖြစ်ကြောင်း၊ ထို့ပြင် ၄င်းလူမျိုးများသည် ကိုယ်ပိုင်စာပေများ၊ ယဉ်ကျေးမှုများရှိကြောင်း ထို့ကြောင့် သန်းခေါင်စာရင်း၏ အကျိုးရလဒ်များအား ၄င်းတို့ တိုင်းရင်းသားများအားလုံး တခြား တိုင်းရင်းသားများနှင့် တန်းတူ ခံစားနိုင်ရန်အတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း တက်ရောက်လာသော တိုင်းလိုင် (ရှမ်းနီ) လူငယ်တစ်ဦးက ပြောသည်။ ထို့ပြင် ကချင်ပြည်နယ်အတွင်းတွင် လက်ရှိ အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နယ်မြေ မငြိမ်းချမ်းမှုများ၊ လူမျိုးအမှန်အား ထည့်သွင်းပေးရန်အတွက် စည်းရုံးရေးဆင်းရာတွင်လည်း တခြားနယ်မြေ ကျယ်ပြန့်သောကြောင့်  အချိန်တိုအတွင်း အခက်အခဲများရှိကြောင်း ၄င်းက ပြောကြားသည်။ ကချင်ပြည်နယ် အတွင်းတွင် ရှမ်းတိုင်းရင်းသားများ ခန့်မှန်းခြေ ၂ သိန်း ၈ သောင်းကျော် ရှိပြီး လွန်ခဲ့သော ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင် ရှမ်းတိုင်းရင်းသား ၁ သိန်းကျော် ခန့်သာ ရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ အတွင်းတွင် လူဦးရေ တိုးပွားနှုန်းမှာ အနည်းကျဉ်းမျှသာ ရှိကြောင်း ၄င်းဝန်ကြီးက ပြောကြားသည်။
ကချင်ပြည်နယ် အတွင်းတွင် လက်နက်ကိုင်များ တိုက်ပွဲများကြောင့် ရွာလုံးကျွတ် သေဆုံးမှုများ၊ သတ်ဖြတ်မှုများရှိမှု ကြောင့်သော်လည်းကောင်း၊ တစ်ခြားလူမျိုးများ၏ တိုက်ခိုက်မှုများကြောင့် သော်လည်းကောင်း လူဦးရေတိုးနှုန်းမှာ လျော့နည်းခဲ့သည် ဖြစ်ကြောင်း ၄င်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းတစ်ဦးထံမှ သိရသည်။ ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုသို့ ကောက်ယူမှုများကြောင့် သိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကောက်ယူမှုသည် ၂ဝ၁၄ မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူမည်ဖြစ်သည်။
Credit To The Light of Asia

Related Articles:

Post a Comment