Tuesday, July 9, 2013

ပြည်သူ့ထံမှ ဘယ်သူ့ထံသို့



မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာရှိ အသက် ၈၀ အဘွား ဒေါ်ရွှေမျှင် ပေါင်းနုတ်နေသည်ကို ဇွန်လက တွေ့ရစဉ်။ (ဓာတ်ပုံ) အောင်သူငြိမ်း
(၁)
ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ဟာ 'ပြည်သူ့ထံမှ ပြည်သူ့ထံသို့' အုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ ပြည်သူလူထုတွေက ပြည်သူလူထုထဲကပဲ ရွေးကောက်တင်မြှောက်ခံမယ့် လူထုကိုယ်စားလှယ်တွေကို မိမိတို့ရဲ့ ဆန္ဒအတိုင်း မဲပေးတင်မြှောက် ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်မှာ တကယ်အချုပ်အခြာ အာဏာပိုင်သူတွေဟာ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အချုပ်အခြာ အာဏာကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ 'မောင်ပိုင်စီး' ထားလို့ မရပါဘူး။ တကယ်လို့ တစ်နည်းနည်းနဲ့ 'မောင်ပိုင်စီး' ခဲ့မယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ် အဲဒီအဖွဲ့အစည်းဟာ လူထုကို ကိုယ်စားမပြုတော့တဲ့ 'အာဏာရှင်' သို့တည်းမဟုတ် အာဏာရှင် အဖွဲ့အစည်းပဲ ဖြစ်ပါလိမ့်မယ်။
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဗိုလ်ချုပ်နေ၀င်း တစ်ဦးတည်း 'မောင်ပိုင်စီး' ခဲ့တာ နှစ်ပေါင်း ၂၆ နှစ် ကြာခဲ့ပါတယ်။ အဲဒီနောက် န၀တ၊ နအဖ စစ်အစိုးရ နှစ်ဆက်က ၂၂ နှစ်ကြာခဲ့ပါတယ်။ နှစ်ပေါင်း ၄၈ နှစ်ကြာ 'အာဏာရှင်ဝါဒ' အောက် ပြားပြားမှောက်ခဲ့ ကြရတဲ့ ပြည်သူလူထုဟာ မိမိတို့သည်သာ 'အချုပ်အခြာအာဏာ' ၏ မူလပိုင်ရှင်များ ဖြစ်ကြောင်း မေ့လျော့နေခဲ့ ကြပါတယ်။ တစ်နည်းပြောရရင် ဒီကနေ့ အသက် ၄၈ နှစ် အရွယ် လူကြီးပိုင်း ရောက်နေတဲ့ 'ပြည်သူ' တစ်ယောက်ဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အလှမ်းဝေးလှပါတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့ ဆိုရှယ်လစ် အတုအယောင် ခေတ်တုန်းကလည်း သူများ 'ဆိုရှယ်လစ်' တိုင်း လိုက် 'လစ်' ကြသူတွေကြောင့် အာဏာရှင်ဝါဒ ၂၆ နှစ်ကြာခဲ့ရပြီး တိုင်းပြည် အဖတ်ဆည် မရအောင် ချွတ်ခြုံကျခဲ့ရပါပြီ။ စစ်အစိုးရများ လက်ထက်မှာတော့ 'အစိုးရ' တွေကိုယ်တိုင်က 'ဘာဝါဒကိုမှ' မကြွေးကြော်ဘဲ ကိုယ်ထင်ရာကိုယ် 'လှော်' ခဲ့ကြလို့ တိုင်းပြည်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချွတ်ခြုံကျရုံမက စာရိတ္တပိုင်း ဆိုင်ရာမှာပါ ရစရာမရှိအောင် ချွတ်ခြုံကျကြပြန်တော့ ပြည်သူလူထု ဘ၀များ 'ဖွပ်သထက်ညစ်' ဖြစ် ကြရပါတော့တယ်။
ဟော ယခုအခါ 'ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၊ ဒီမိုကရေစီ ကျင့်စဉ်ကို ဖော်ဆောင်တဲ့ အစိုးရသစ်' လို့ ကြွေးကြော်ခဲ့ကြပြန်တာ 'သုံးနှစ်ကာလ' သို့ ချင်းနင်းမိခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီ တော်လှန်ရေးဟာ 'စိတ်ဓာတ်' တော်လှန်ရေး ဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။
ဒီမိန့်ကြားချက်ကို စာရေးသူ လှိုက်လှဲစွာ ထောက်ခံပါတယ်။ ဒီမိုကရေစီ တော်လှန်ရေးဟာ အကြမ်းဖက် တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ 'ကျေးလက်ကို အခြေခံ၊ မြို့ကို သိမ်းတဲ့' လက်ဝဲတော်လှန်ရေးမျိုး မဟုတ်ပါ ဘူး။ 'ပညာတတ်များ' ကို ဖောက်ပြန်တဲ့ လူတန်းစားအဖြစ် သတ်မှတ် ရန်ပြုတဲ့ ကွန်မြူနစ် တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ အသိပညာ၊ အတတ်ပညာ မြင့်မားသူများထံမှ အသိပညာ၊ အတတ်ပညာ နိမ့်ပါးသူတို့ထံ စီးဆင်းရမယ့် ဒီမိုကရေစီ တော်လှန်ရေး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မင်းမဲ့ဝါဒီစိတ်ဓာတ်၊ အာဏာရှင်စိတ်ဓာတ်၊ ငါကြီး ငါကောင်း စိတ်ဓာတ်နဲ့ 'တစ်တော တစ်ကြက်ဖ တွန်' စိတ်ဓာတ်တွေကို ခ၀ါချပစ်ရမယ့် ချေမှုန်းသုတ်သင် ပစ်ရမယ့် 'စိတ်ဓာတ် တော်လှန်ရေးကြီး' တစ်ရပ် ဖြစ်ပါတယ်။ အာဏာရှင် စနစ်များတုန်းကလို 'လူထု' ကို နလပိန်းတုံးများ နေရာထားပြီး အာဏာပိုင်များက စိတ်ထဲရှိရာ လမ်းညွှန်၊ သြ၀ါဒပေး၊ အာဏာပြနိုင်တဲ့ အခွင့်အရေးများဟာ ဒီမိုကရေစီခေတ်မှာ 'အသုံးမရှိ' တော့ပါဘူး။ ပြည်တွင်းပြည်ပ၊ မြေပေါ်မြေအောက် ၀ဲယာ 'အဖျက်သမားများကြောင့် တိုင်းပြည်မတိုးတက် ဖြစ်ရလေတယ်' ဆိုတဲ့ အသုံးအနှုန်းမျိုးကလည်း ခေတ်ကုန်သွားပါပြီ။ ပြည်သူလူထုက ယုံကြည်လို့ တိုင်းပြည်အပေါ် စီမံခန့်ခွဲမှု အာဏာအရပ်ရပ်ကို အပ်နှင်းခြင်းခံရတဲ့ 'ပြည်သူ့အစိုးရ' ဟာ တိုင်းပြည်ရဲ့ 'လိုအပ်ချက်' မှန်သမျှကို ဖြည့်ဆည်းပေးဖို့ 'တာဝန်ခံ' ရမှာဖြစ်ပါတယ်။ 'အစိုးရ' ရဲ့ လုပ်ရပ်များ မအောင်မြင်မှုအပေါ် တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချတတ်တဲ့ အကျင့်' ကိုလည်း ဒီမိုကရေစီ စိတ်ဓာတ် တော်လှန်ရေးကြီးက အမြစ်ပြတ် ချေမှုန်းပစ်ရမှာ ဖြစ်ပါတယ်။

ပြည်သူလူထုဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို မည်သူ့ထံ၊ မည်သည့်ပါတီထံ အပ်နှင်းကြမယ်ဆိုတာ နိုင်ငံရေး အမြော်အမြင်ရှိရှိ နိုင်ငံရေး သတိရှိရှိနဲ့ ဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏရေး ကင်းရှင်းစွာ အဂတိတရား ကင်းရှင်းစွာနဲ့ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းစားရေးကိုသာ ရည်ရွယ်ချက်ထားပြီး 'မဲ' ပေးကြရမှာ ဖြစ်ပါတယ်...
(၂)
ဒီမိုကရေစီ လမ်းကြောင်းပေါ် စတင်ခြေချနေတဲ့ တိုင်းပြည်ဟာ ဖြတ်သန်းမှုကာလ နုနယ်စဖြစ်တဲ့ အတွက် 'လမ်းလျှောက် တတ်ခါစ ကလေးလို အခြေမခိုင်သေးဘူး' ဆိုတဲ့ အကြောင်းပြချက်ကတော့ ယုတ္တိတန်ပါတယ်။ သို့သော် ထိုအကြောင်းပြချက်မျိုးကို လမ်းစဉ်ပါတီ အစိုးရလက်ထက်က 'စပ်ကူးမပ်ကူး' ကာလဆိုပြီး အကြောင်းပြခဲ့တာမျိုး ရှိခဲ့ပါတယ်။ 'ကြားကာလ' လို့လည်း သုံးနှုန်းလေ့ ရှိခဲ့ပါတယ်။ အခြေမခိုင်စ ကာလပဲပြောပြော 'စပ်ကူးမပ်ကူး ကာလပဲဆိုဆို၊ ကြားကာလလို့ပဲခေါ်ခေါ် အသွင်ကူးပြောင်းရေး ကာလလို့ပဲ သမုတ် သမုတ် ဒီကာလဟာ 'လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း' လောက်တော့ မရှည်လျား သင့်တော့ပါဘူး။ အကြောင်းက ဒီကာလအတွင်းမှာပဲ တိုင်းပြည်ရဲ့ အခြေအနေဆိုး အချို့ဟာ တိုးတက်မလာရုံမက ဆုတ်ယုတ်ပျက်ပြား သွားတာကို တွေ့လာနေရလို့ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်နဲ့ လူလတ်ပိုင်းတို့မှာ 'အမျိုးသား ယဉ်ကျေးမှုလက္ခဏာ ဆိတ်သုဉ်းလာမှုနဲ့ စာရိတ္တမဏ္ဍိုင် ပြိုလဲလာမှုများကို အနာဂတ်အတွက် ရင်လေးဖွယ် တွေ့ရှိလာနေ ရပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြ ကိုင်ကြတော့မယ်လို့ ကြားနေရတဲ့ ကြားထဲက မြန်မာ့ပညာရေး စနစ်ဟာ ဒီနေ့အထိ 'မည်း ပြာပုဆိုး' က မတက်နိုင်သေးပါဘူး။ ပြည်သူလူထုရဲ့ စားဝတ်နေရေး ပြဿနာဆိုတာ ကိုတော့ အများသိ ဖြစ်တဲ့အတွက် ဒီစာမှ၊ ထပ်ကွန့်တင်ပြစရာ မလိုတော့ဘူးလို့ ယူဆပါတယ်။ နှိမ်နင်းမရနိုင်သေးတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ၊ အရက်သေစာ သောက်စားရမ်းကားမှုက စတဲ့ ရာဇ၀တ်မှုတွေ၊ မြို့လယ်ကောင်တွေမှာ ကျက်စားနေတဲ့ ဆယ်ကျော်သက် ပြည့်တန်ဆာတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလရဲ့ မျက်နှာစာကို အိုးမဲသုတ်လျက် ရှိပါတယ်။ မြေယာ ပြဿနာတွေ၊ လယ်သမား ပြဿနာတွေ၊ တောင်သူလယ်သမားများရဲ့ ထွန်တုံးတိုက်ပွဲတွေ၊ သွေးထွက်သံယို လူမျိုးရေး အဓိကရုဏ်းတွေဟာ ဒီမိုကရေစီ လမ်းစဉ်ကို နှောင့်ယှက် ဖျက်ဆီးလိုတဲ့ မသမာသူများရဲ့ ကြိုးကိုင်ဖန်တီးမှုများ ဖြစ်နေကြသလားဟု အတွေးပွားဖွယ် ဖြစ်လာနေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ပြဿနာကလည်း လိပ်ခဲတည်းလည်း အခြေအနေမှာ ရပ်နေဆဲပါ။
(၃)
ဒီမိုကရေစီ လိုလားတဲ့ ပြည်သူအများဟာ အထက်ဖော်ပြပါ တိုင်းပြည်ရဲ့ စိတ်မသက်မသာစရာ ပြဿနာများ ကြားမှာပဲ ရုန်းရင်း ကန်ရင်း ရင်ဆိုင်ရင်းနဲ့ ချာချာလည်လျက် ရှိပါတယ်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲဟာ တရွေ့ရွေ့နဲ့ အဝေးမှာကျန်ရစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲဆီသို့ တစ်စတစ်စ နီးကပ်လာပြန်ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ ပြည်သူ့အလိုဆန္ဒနဲ့ ညီညွတ်ဖို့ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အချိန်မီ ပြင်ဆင်ရေးဆွဲ ရမှာဖြစ်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ပြင်ဆင်ချိန် မရတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ဒီအတိုင်းသာ သည်းခံဆင်နွှဲ ကြပါဦးစို့ဟု ဆိုပါလျှင်တော့ တိုင်းပြည်ဟာ နောက်ပြန်မလှည့် သည့်တိုင် ရှေ့ကကြိုနေမယ့် ချောက်ထဲကို ထိုးကျသွားပါ လိမ့်မယ်။ အကယ်၍သာ တည်ဆဲအစိုးရဟာ နိုင်ငံရေး အမြော်အမြင် ကြီးမားစွာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးခွင့်ရအောင် ဖန်တီးခဲ့မယ် ဆိုရင်တော့ တိုင်းပြည်မှာ ပြည်သူ့အစိုးရ စစ်စစ်တစ်ရပ် ပေါ်ပေါက်ရေး တာဝန်ဟာ ပြည်သူ့ပခုံးပေါ် ကျလာမှာ ဖြစ်ပါတယ်။ ထိုအခါမှာ ပြည်သူလူထုဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို မည်သူ့ထံ၊ မည်သည့်ပါတီထံ အပ်နှင်းကြမယ်ဆိုတာ နိုင်ငံရေး အမြော်အမြင်ရှိရှိ နိုင်ငံရေး သတိရှိရှိနဲ့ ဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏရေး ကင်းရှင်းစွာ အဂတိတရား ကင်းရှင်းစွာနဲ့ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းစားရေးကိုသာ ရည်ရွယ်ချက်ထားပြီး 'မဲ' ပေးကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစစ်စစ် လမ်းစဉ်မှာ အချုပ်အခြာ အာဏာကို မည်သူ့ထံ အပ်နှင်းမည် ဆိုသည့် အဆုံးအဖြတ်နဲ့ အခွင့်အရေးဟာ ပြည်သူလူထု လက်ထဲမှာသာ ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
 Written by ဇော်ငြိမ်းလတ် (၇၄)
Credit To Eleven Journal

Related Articles:

Post a Comment