Saturday, July 13, 2013

ကျန်းမာရေးအတွက်

အစိမ်းရောင် ပါတဲ့ အာလူး မစားသင့် 

 

အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့ စားပွဲ တော်တော်များများမှာ ပါရှိတက်တဲ့ အမယ် တစ်မျိုးလို့လည်း ပြောလို့ ရပါတယ်။
အာလူးကို ကြိုက်သည် ရှိသော် မကြိုက်သည် ရှိသော အခု မျှဝေပေးမယ့် အကြောင်း အရာကတော့ အာလူးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး ဂရုစိုက်မှု ဖြစ်ပါတယ်။
အာလူးကို ပထမဆုံး အခွံခြစ် လိုက်တဲ့ အခါ ထွက်ပေါ်လာတဲ့ အသားမှာ အစိမ်းရောင် ပါနေရင် စားသုံးဖို့  မသင့်တော် ဘူးလို့  သိရပါတယ်။
ဘာကြောင့်လဲ ..?
ဒီဇာတ်လမ်းကို စတင် ခဲ့တာက Solanine လို့ အမည်တွင်တဲ့ ဓာတုဓာတ်ပါတဲ့ အဆိပ် တစ်မျိုးကြောင့် ဖြစ်ပါတယ်။
သူက အာလူးနဲ့ ခရမ်းချဉ်သီးမှာ အဓီက တွေ့ရတဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အဆိပ်ဖြစ်ကြောင်း တွေ့ ရှိခဲ့တာ ကတော့ ၁၈၂၀ ခုနှစ်ပိုင်း ဥရောပမှာ ဖြစ်ပါတယ်။
ဒီအစိမ်းရောင် သန်းနေတဲ့ အာလူးကို စားသုံးမိမယ် ဆိုရင် မအီမသာ ဖြစ်လာမယ်၊ ၀မ်းလျှော တာတွေ၊ ပျို့အန်တာတွေ ဖြစ်မယ် ၊
နောက်အစာအိမ်ကို ထိခိုက်စေပြီး လည်ချောင်းကိုလည်း အပူကန် စေနိုင်တယ်၊ ကယောင် ချောက်ချား ဖြစ်မယ် ၊ နောက်ဆုံး ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်းကိုပါ ဖြစ်စေနိုင်တဲ့ အစာ ဆိပ်တက်ခြင်းများ ဖြစ်ပေါ် နိုင်ပါတယ်။
ဒီလို အစိမ်းရောင် သန်းနေရခြင်း ကလည်း နေရောင်ခြည်နဲ့ အစာချက် လုပ်ဆောင်ခြင်းဓာတ် chlorophyll များစွာ ပါရှိနေတဲ့ အတွက်ကြောင့် ဆိုထားပါတယ်။
ဒါကြောင့် ဈေးနဲ့ စူပါမားကတ် တစ်ချို့ မှာလည်း ဒီလို အစိမ်းရောင် သန်းနေတဲ့ အာလူးများကို မရောင်းချ ဖို့တား မြစ်ထားပါတယ်။
အလွယ်တကူး ဈေးပေါပေါနဲ့ ရရင်လည်း မ၀ယ်စား သင့်ပါဘူး။ အကယ်လို့ မိမိချက်တဲ့ အခါ အစိမ်းရောင် အပိုင်းဟာ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်နေမယ် ဆိုရင်လည်း ထိုပါဝင်နေတဲ့ အပိုင်းကို လှီးထုတ်ပစ် ရမှာ ဖြစ်ပါတယ်။
အစိမ်းရောင်ပါတဲ့ အာလူးဟာ လတ်ဆပ်တာ မဟုတ်ဘဲ အဆိပ် ဖြစ်စေတက်တာကို သတိပြုနိုင်ဖို့ နဲ့ စားသုံးမိသူများ အနေဖြင့် အစာ အဆိပ်သင့်တဲ့ သာဓကများ လတ်တလော ဖြစ်ပွား နေပြီး မိမိ ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေတာကြောင့် အသိပညာပေး မျှဝေ လိုက်ရပါတယ်။
  Credit To Today Myanmar

ဂေါ်ရခါး သီးနှင့် ကျန်းမာရေး 

 

ဂေါ်ရခါးသီး ကိုမြန်မာနိုင်ငံမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။
ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ။
ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့။ စီးပွား ဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲမို့ တစ်နိုင်ငံလုံး ကိုတောင် ရောင်းချ နိုင်လောက်အောင် ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။
တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူ စားသုံး နိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူရှားပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။
ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ် တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။
(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှု တို့ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွား လာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်း လိုသူများ အတွက် အထူးပင် သင့်လျော်ပါတယ် ။
(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်း ပေးတာကိုတွေ့ရပါတယ် ။
(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။
(၅)ဂေါ်ရခါးသီးမှာ အမျှင်ဓါတ် ပေါကြွယ်ဝလို့ အူသိမ်၊ အူမတို့စွမ်းရည်ကို မြှင့်တင် ပေးတာကြောင့် ၀မ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါ လိမ့်မယ် ။
(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ စိတ်ကျ ရောဂါဝေဒနာ များကို ကာကွယ်တားဆီးပေး ပါတယ် ။
(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်း နွမ်းနယ်မှု များကိုလည်း လျော့ပါးသက်သာစေပါတယ် ။
(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။
(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်း မွန်စေပါတယ် ။
(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိ ဖျားရောဂါများကို ကြိုတင်ကာ ကွယ်ပေးနိုင်ပါတယ် ။
(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။
(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်း သက်သာ စေနိုင်ပါတယ် ။
(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင် တာလည်းတွေ့ရပါတယ် ။
ဂေါ်ရခါးသီး သာမက ဂေါ်ရခါးရွက်၊ ဂေါ်ရခါးညွန့် တို့ဟာလည်း အလွန် ဆေးဘက် ၀င်လှပါတယ်။ ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း (အခါးရည်) အဖြစ် မှန်မှန် သောက်သုံး သွားပါက သွေးတိုး ကျစေခြင်း၊ သွေးကြော မကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ် ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။
ဒါကြောင့် ဈေးနှုန်းသက်သာ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြုပြီး ဘေးထွက် ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်း မေတ္တာပို့သ လိုက်ပါတယ်။
Credit To Myawady News

အစွမ်းထက်တဲ့ ဒန့်သလွန်ရွက် 

 

နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင် ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံး နိုင်သော ဟင်းရွက်ပင် တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့် တည့်သလို သွေးတိုး ဝေဒနာများ၊ ဆီးချို, သွေးချို ဝေဒနာရှင်များ၊ လေငန်း ရောဂါ ဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ် ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်လို့ အကြံပြု ချင်ပါတယ်။
Credit To Myawady News

သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသော စားသောက်ဖွယ်ရာများ

မြန်မာပြည်တွင် နှလုံးသွေးကြော ပိတ်ဆို့ခြင်း ရောဂါ တဖြည်းဖြည်း အဖြစ်များ လာပါသည်။ ၄င်းရောဂါကြောင့် သေဆုံးသော လူနာများကို တွေ့ရှိလာပါသည်။
အောက်ပါ အစားအစာများသည် သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသော စားသောက် ဖွယ်ရာများ ဖြစ်ကြောင်း သိရှိရပါသည်။
(က) ငရုတ်သီးမှုန့်
သန့်ရှင်းသော၊ လတ်ဆတ်သော ငရုတ်သီး ခြောက်မှုန့်များသည် သွေးကြော ပိတ်ဆို့မှုကို တားဆီးပေးသဖြင့် အလွန် ထိရောက်သော အစားအစာ ဖြစ်သည်။
( ခ) လေးညှင်း
မွှန်စပ်သော လေးညှင်းသည် သွေးကြောအတွင်း ပျစ်ခဲ ပိတ်ဆို့မှုကို ကောင်းစွာ တားဆီး ပေးကြောင်း သိရသည်။ လေးညှင်းမှုန့်သည် အက်စပရင်ထက် ပိုမို ကောင်းမွန်သည်။
(ဂ) သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်
၎င်းတို့တွင် ဗီတာမင်စီ ဓာတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝသဖြင့် သွေးကြောပျစ်ခဲ ပိတ်ဆို့မှုကို ကာကွယ်ရာတွင် အထောက်အကူ ပြုသည်။ ထို့ကြောင့် သင့်တင့်မျှတစွာ စားသုံးပေးခြင်းဖြင့် ထိရောက်စွာ အကျိုးခံစားခွင့် ရရှိနိုင်သည်။
ဖိုက်ဘရီနိုဂျင် (ခေါ်) သွေးခဲမှုကို ကျဆင်းစေသဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များကို များများ စားသုံး ပေးရပါမည်။ အထူးသဖြင့် သက်သတ်လွတ် စားသုံးသူများတွင် အထိ ရောက်ဆုံးဖြစ်သည်။
(ဃ) ကြက်သွန်ဖြူ
သွေးခဲစေခြင်းကို တိုက်ဖျက်ရာတွင် အားကောင်းသော စားသောက်ဖွယ်ရာ ဖြစ်သည်။ သွေးကြောအတွင်း ပျစ်ခဲ ပိတ်ဆို့မှု အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင် သည်။ ကြက်သွန်ဖြူ အစားနည်းသူနှင့် လုံးဝ မစားသူများ နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ များများ စားသူတို့တွင် သွေးပျစ်ခဲ ပိတ်ဆို့မှု အန္တရာယ်နည်းပါးကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဖြစ်စေ၊ ချက်ပြုတ်၍ ဖြစ်စေ စားသုံးခြင်း၌ အာနိသင် အလွန်ကွဲပြားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။
(င ) ချင်း
မွှန်စပ်သော အနံ့၊ အရသာရှိသည့် အရာကို သင့်တင်မျှတစွာ စားသုံးခြင်းဖြင့် သွေးပျစ်ခဲခြင်း အန္တရာယ်မှ ကာကွယ် ပေးနိုင်သည်။ ချင်းတွင် ပါဝင်သော ဂျင်ဂျာရောလ်(ခေါ်) ဓာတ်သဘာဝ သည် အက်စပရင် ကဲ့သို့ ဓာတုတုံ့ပြန်မှု ရှိသည်ကို တွေ့ရှိရသည်။
(စ) စပျစ်သီး
စပျစ်သီးကို အစေ့၊ အခွံပါ မကျန် စားသုံးခြင်း၊ စပျစ်ရည်အဖြစ် ကြိတ်ညှစ်၍ သောက်သုံး ခြင်းသည် သွေးခဲမှုများကို တိုက်ဖျက် တားဆီးပေးနိုင်စွမ်း ရှိသည်။
(ဆ) မှိုနက်
မှိုနက် စားသုံးခြင်းဖြင့် သွေးကြောအတွင်း သွေးပျစ်ခဲမှုကို တားဆီးပေး နိုင်ကြောင်း သိရသည်။ မှိုနက်တွင် အမ်ဒီနိုဆင်း ကဲ့သို့ သွေးကျဲစေသော ဓာတ်ပေါင်းမျိုးကို တွေ့နိုင်သည်။
(ဇ) သံလွင်ဆီ
သံလွင်ဆီတွင် သွေးပျစ်ခဲမှုကို တိုက်ဖျက်ပေး နိုင်စွမ်းအား ကောင်းစွာပါရှိကြောင်း သိရသည်။ ပုံမှန် စားသောက်ပေးသူများ အတွက် သွေးပျစ်ခဲမှု လျော့ပါး သွားကြောင်း သိရသည်။
(စ် ) ၾကက္သြန္နီ
သွေးပျစ်ခဲမှုကို တားဆီးပေးသော အစားအစာ ဖြစ်ကြောင်း တွေ့ရပသည်။ နေ့စဉ်ကြက်သွန်နီ စားသုံးသော သူများတွင် သွေးပျစ်ခဲခြင်းကို လျော့ပါး စေရန်နှင့် သွေးခဲခြင်းကို ပျော်ကျစေ နိုင်သည်။ ကြက်သွန်နီ ၁ဝဝ ဂရမ်(၆ ကျပ်ခွဲသားခန့် ) သည် သွေးတွင်း အဆီဓာတ်ကို လုံးဝနီးပါး ချေဖျက်နိုင်ကြောင်း တွေ့ရသည်။ ။
ဆရာကြွယ်(ဦးပိုင်)
Credit To Myawady News

အူရောင်ငန်းဖျား ရောဂါအကြောင်း သိကောင်းစရာ 

 

တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားဟာ ဗက်တီးရီးယား တိုက်ဖွိုက်ပိုးကြောင့် ဖြစ်ရတယ်။ တိုက်ဖွိုက်ရှိတဲ့ မစင်အပေါ် ယင်ကောင်က ပျံသန်းပြီး လူတွေစားတဲ့ အစားအစာ အပေါ်နားတော့ အဲ့ဒီ
အစာစားတဲ့လူဟာ တိုက်ဖွိုက်ရောဂါ ဖြစ်စေတယ်။ တစ်ခါတလေ အစားအစာ ချက်ပြုတ်သူရဲ့ မသန့်ရှင်းတဲ့ လက်ကတစ်ဆင့် လူကောင်းများထံ ကူးပြီး တိုက်ဖွိုက်ရော ဂါ ဖြစ်ပွားရတယ်။ သောက်သုံးရေ မသန့်ရှင်းမှု၊ အစာမသန့်ရှင်းမှု၊  ကိုင်တွယ်တဲ့ လက်မသန့်ရှင်းမှု၊ ထည့်စရာ ပန်းကန်မသန့်ရှင်းမှု၊ မထိရောက်တဲ့ ကုသချက်နဲ့  မထိန်းနိုင်တဲ့ ကာကွယ်ရေး စီမံချက်တွေဟာ တိုက်ဖွိုက်ရောဂါ ပျံ့နှံ့ရတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်။
တိုက်ဖွိုက်ဟာ နာတာရှည်အူရောင် ငန်းဖျားဖြစ်တာနဲ့အညီ အချိန်တော် တော်ကြာ မပျောက်ဘူး။ အဖျားတာ ရှည်တယ်။ အရင်က တိုက်ဖွိုက်ဖြစ်ရင် ကလိုရိုဖင်နီကော တစ်ခါသောက် တစ်လုံး သုံးကြိမ်နဲ့  ၂၁ ရက် ကုသရတာ ရှိတယ်။ အဲဒီမှာ အတူနေမိသားစုပါ ဆေးတိုက်ရတာ။ စီဖရန်စားဆေးနဲ့ ကုသပေးရင်လည်း ရတယ်။ ဓာတ်ဆား ရည်သောက်ရမယ်။ ရောဂါဖြစ်သူရဲ့ အသုံးအဆောင်ပစ္စည်း၊ သူမစားလို့ ကျန်တဲ့ရေနဲ့ အစားအစာတွေကို သီးသန့်ထားရမယ်။ ဒါ့အပြင် မစင်တွေ ကိုလည်း စနစ်တကျ  စွန့်ပစ်ရမယ်။
တိုက်ဖွိုက်ဖြစ်သူကို အစာကျွေးရင် ခပ်ပျော့ပျော့ ဆန်ပြုတ်ကျွေးနိုင်တယ်။ ဘာလီရည်နဲ့ ဓာတ်ဆားရည် တိုက်နိုင်တယ်။ တိုက်ဖွိုက်ရဲ့ သွင်ပြင်လက္ခဏာ တွေကတော့ ပထမပတ်မှာ ကိုယ်အပူချိန် ၁ဝဝ ဒီဂရီဖာရင်ဟိုက်မှာ တန့်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် နာကျင် ကိုက်ခဲခြင်း၊ နှလုံးခုန်နှုန်းနှေးသွားခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှော၍ အန်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရပြီး ဒုတိယပတ်ထဲမှာ နှင်းဆီရောင်အစက် များ ခန္ဓာကိုယ်ပေါ်၌ ပေါ်လာခြင်း၊  ဘေလုံးကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်း ဗိုက်တင်းလာခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ခြင်းတို့ တွေ့ကြုံရပြီး တတိယပတ် ထဲ ရောက်တဲ့အခါ  သတိကောင်းစွာမရ တော့ခြင်း၊ ကယောင်ချောက်ချားဖြစ် ခြင်းနဲ့ ကုသမှုမရပါက သေဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။
တိုက်ဖွိုက်ရဲ့ ဆိုးကျိုးလက္ခဏာက တိုက်ဖွိုက် အူအနာ ပေါက်သွားခြင်း၊ အနာမှ သွေးယို ထွက်ခြင်း၊ အရိုးအဆစ်များတွင် ရောဂါပိုး ဝင်ရောက်ခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊ သည်းခြေအိတ် ရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ဆီးနည်းသွား ခြင်း၊ အိပ်မပျော်ခြင်းနဲ့ အစားမဝင်ခြင်း တို့ဖြစ်တာကြောင့် ဒီရောဂါဖြစ်လာရင် ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားသင့်ပါတယ်။
ဒေါက်တာ လွင်သန့် (ဆေး-၂)
Credit To Myawady News

 


 

Related Articles:

Post a Comment