Saturday, July 13, 2013

မြန်မာ့ဒီမိုကရေစီ အဆင့်အတန်းကို ပြသလာသည့် ဥပဒေကြမ်း (အတ္တနောမတိများ-ဖေမြင့်)



ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ဟူသည်ကို ဇူလိုင် ၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုသွားခဲ့သည်။
          သည်ဥပဒေကြမ်း စတင် ထုတ်ပြန်ကတည်းက စာနယ်ဇင်းသမား အများအပြား အစဉ်တစိုက် ဝေဖန် ကန့်ကွက်ခဲ့သည်။ ဒါသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချုပ်ချယ် ကန့်သတ်သည့် ဥပဒေကြမ်း ဖြစ်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့် ကင်းမဲ့ပါက ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် မရှိမဖြစ် လိုအပ်သည့် စတုတ္တမဏ္ဍိုင်တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာမည် မဟုတ်ပါ။  စသဖြင့် ထောက်ပြ ပြောဆိုခဲ့ကြသည်။
          သို့သော်၊  စတုတ္ထမဏ္ဍိုင်  ဟူသော  စကားကို တစ်ခါတစ်ရံ ကြုံကြိုက်သည့်အခါ သုံးစွဲ ပြောဆိုကြသော်လည်း အမှန်တကယ် ယုံကြည်မှု မရှိကြ၍လား၊ သို့တည်း မဟုတ် စာနယ်ဇင်းလွတ်လပ်ခွင့် ဟူသည်ပင် စာနယ်ဇင်း သမားများက သူတစ်ပါးထက် ပိုကဲ တောင်းဆိုသည့် အထူး အခွင့်အရေးတစ်ရပ်ဟု မှတ်ယူကြ၍လား မသိ၊ စာနယ်ဇင်းကို ထိန်းချုပ် ကန့်သတ်မည့် ၎င်းဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က လက်ခံ အတည်ပြုပေးခဲ့သည်။
          စာနယ်ဇင်းသမားတို့၏ ထောက်ပြ ဝေဖန် စကားများသည် တောကြီးမျက်မည်းထဲတွင် သွားရောက် အော်ဟစ် ပြောဆိုခဲ့သည့်ပမာ အချည်းနှီး အလဟဿ ဖြစ်သွားခဲ့သည်။

အကြိမ်ကြိမ် ရေးခဲ့ ပြောခဲ့သော စကားကိုပင် ထပ်၍ ကိုးကား ပြောဆိုရပါဦးမည်။
          စာနယ်ဇင်းလွတ်လပ်ခွင့် ဟူသည် ပြည်သူ့ရပိုင်ခွင့် လွတ်လပ်ခွင့်များထဲတွင် သော့ချက်အကျဆုံး အရာဖြစ်၍၊ ၎င်းဆုံးရှုံးလျှင် အခြား လွတ်လပ်ခွင့် အားလုံး ဆုံးရှုံးလိမ့် မည် ဟူသော စကားဖြစ်သည်။
          စင်စစ်၊ ကျွန်တော်တို့သည် မည်သည့် လွတ်လပ်ခွင့် ကိုမျှ ပြည့်ပြည့်၀၀ မရကြသေးပါ။ စတင် မြည်းစမ်းစကာလ၊ လွတ်လပ်ခွင့်များ အခြေခိုင်အောင်၊ ကျင့်သားရအောင် ပျိုးထောင် တည်ဆောက်စ၊ လေ့ကျင့် သုံးစွဲစကာလသာ ဖြစ်ပါသည်။
          ကျွန်တော်တို့ တိုင်းပြည်က သည်ကနေ့ ရရှိနေသည့် စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းသည် နိုင်ငံတကာနှင့်စာသော် ဟိုး အောက်တန်းနောက်တန်းမှာပင် ရှိနေ ပါသေးသည်။
          ပြီးခဲ့သည့်နှစ်က စတင်ကာ စာနယ်ဇင်းများအား ကြိုတင် စိစစ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်သည့်အခါ စာနယ်ဇင်းသမားတွေ အဆုံးစွန် လွတ်လပ်မှု ရရှိသွားပြီဟု အချို့က ထင်ခဲ့ကြသည်။
          စင်စစ် အခြေအနေအရပ်ရပ်ကို ကြည့်ကာ အုပ်ချုပ်ရေးပိုင်းက ယာယီ သက်ညှာခွင့် ပေးထားခြင်းသာ ဖြစ်၍၊ ဖိနှိပ်ချုပ်ချယ်သော ဥပဒေတို့က ငုတ်တုတ်ရှိနေသည်။
          ထို့ကြောင့်၊ ကမ္ဘာ့မျက်စိနှင့် ကြည့်သောအခါ ကျွန်တော်တို့ တိုင်းပြည်၏ စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းသည် အောက်ဆုံးတန်းက ဘယ်လောက်မှ တက်မလာသေးခြင်း ဖြစ်သည်။
          စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းသည် တိုင်းပြည်၏ ဒီမိုကရေစီ အဆင့်အတန်းကို တိုင်းတာသော ပေတံ တစ်ခုလည်း ဖြစ်သည်။
          ဒီမိုကရေစီနိုင်ငံဟူသည် အာဏာများကို လူတစ်ဦး တည်း၊ သို့မဟုတ် တစ်စုတစ်ဖွဲ့တည်း လက်မှာမထား၊ ကဏ္ဍ (မဏ္ဍိုင်) အသီးသီး၌ ခွဲခြားထားရှိကာ ယင်းသို့ ခွဲခြား ကိုင်တွယ်ထားသူ အချင်းချင်းလည်း အပြန်အလှန် ထိန်းကျောင်း တည့်မတ်ခြင်းပြုရ၏။ ယင်းနည်းဖြင့်သာ အာဏာအလွဲသုံးခြင်း၊ ပြည်သူကို နှိပ်စက်စိုးမိုးခြင်းမှ ကာကွယ်နိုင်၏။ ယင်းသို့ ခွဲခြားထားသည့်ကြားက အာဏာ မဏ္ဍိုင် အချင်းချင်း ညှိနှိုင်း အပေးအယူပြု၍သော် လည်းကောင်း၊ မဏ္ဍိုင်တစ်ခုက ကျန်မဏ္ဍိုင်များကို လွှမ်းမိုး၍သော်လည်းကောင်း၊ အာဏာအလွဲသုံးမှု ရှိခဲ့သော် အုပ်စိုးခံ ပြည်သူတို့ ကိုယ်စား ထောက်ပြ ဝေဖန်ခြင်းဖြင့် ထိန်းကွပ်မှုပြုနိုင်ရန် စတုတ်္ထမဏ္ဍိုင် ဟူသော လွတ်လပ်သော စာနယ်ဇင်းများသည် ဒီမိုကရေစီနိုင်ငံတိုင်းတွင် ရှိရ၏။ 
          ထိုစတုတ္တမဏ္ဍိုင်သည် ဝေဖန် ထောက်ပြသော အလုပ်ကို ထိရောက်စွာ လုပ်နိုင်ရန်အတွက် ယင်းတို့၏ လွတ်လပ်စွာ ရေးသားခွင့်ကို နိုင်ငံ၏ ဥပဒေများအားဖြင့် အခိုင်အမာပြုပေးရ၏။ ကာကွယ်စောင့်ရှောက်ပေးရ၏။
          အဲသည်လို စာနယ်ဇင်းသမား၏ လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်သည့် ဥပဒေမျိုး တည်ရှိလာမှသာ ဤနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်း မြင့်လာပြီ၊ နိုင်ငံတကာ အဆင့်မီလာပြီ၊ ဒီမိုကရေစီ အဆင့်လည်း တိုးမြင့်လာပြီဟု ကမ္ဘာက အသိအမှတ်ပြုမည် ဖြစ်သည်။
          လွတ်လပ်ခွင့်ဟု ဆိုသောအခါ စာနယ်ဇင်းသမားတွေ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရေးချင်ရာတွေ ရေးခွင့်ရသွား ကြမည်လားဟု တချို့က ထင်နိုင်၏။
          မဟုတ်ပါ။
          စာနယ်ဇင်းသမား၏ လွတ်လပ်ခွင့်သည် အခြားသော နိုင်ငံသားတို့၏ မူလရပိုင်ခွင့် လွတ်လပ်ခွင့်များကို လုံးဝ ထိပါး၍မရ။ သူတစ်ပါးအား ဂုဏ်သိက္ခာပျက်အောင်၊ ထိခိုက်နစ်နာအောင် မတော်မတရားရေးလျှင် အသရေ ဖျက်မှု၊ ထိခိုက်နစ်နာမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံရမည်သာ ဖြစ်သည်။ အလားတူ၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အစရှိသည်တို့ဆိုင်ရာ ဥပဒေများကို ဆန့်ကျင် ဖောက်ဖျက်လျှင်လည်း အရေးယူ အပြစ်ပေးခြင်း ခံရမည်သာ ဖြစ်ပါသည်။
          နိုင်ငံသားတိုင်း နည်းတူ တည်ဆဲဥပဒေများ အောက်တွင်သာ ရှိနေသော စာနယ်ဇင်းသမားသည် လွတ်လပ်စွာ ရေးသားခွင့်ကို ထိုဥပဒေများနှင့်အညီသာ ကျင့်သုံး ခံစားခွင့်ရှိပါသည်။
          ယခု ပြောနေသည်က၊ ထိုဥပဒေများ ရှိနေသည့် ကြားက စာနယ်ဇင်းသမားကို အများနှင့် မဆိုင်ဘဲ၊ ၎င်းင်းအတွက် သက်သက် ထုတ်ပြန်သည့် အထူး ဥပဒေများ အားဖြင့် ထပ်ဆင့် ချုပ်ချယ်ခြင်းမပြုဖို့ ဖြစ်သည်။

ယခု ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်ဆိုသော ဥပဒေကြမ်းတွင် စာနယ်ဇင်းသမားအား တည်ဆဲဥပဒေများ အပြင် ထပ်ဆင့် ချုပ်ချယ်လိုက်သည့် အချက်က မှတ်ပုံတင် စနစ်ဖြစ်သည်။
          မှတ်ပုံတင်စနစ် ဟူသည် တိုတိုရှင်းရှင်း ပြောရသော်  စာနယ်ဇင်းသမားအား မှတ်ပုံတင် အရာရှိ လက်ထဲ ၀ကွက်အပ်လိုက်သော စနစ်ဖြစ်သည်။ မလွတ်လပ်သော တိုင်းပြည်များတွင် အာဏာပိုင်တို့က စာနယ်ဇင်းများအား ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ကျင့်သုံးခဲ့သည့် ၎င်းင်းစနစ်၌ စာနယ်ဇင်းသမားသည် မှတ်ပုံတင် အရာရှိတို့ ချမှတ်သော မူဝါဒများအောက်တွင် နေသမျှ ကာလပတ်လုံး မိမိ စာနယ်ဇင်းကို ပုံနှိပ်ထုတ်ဝေခွင့် ရှိ၏။ သို့မဟုတ်က အချိန်မရွေး ပိတ်သိမ်း ရပ်ဆိုင်းခံရမည် ဖြစ်၏။
          ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်း ဟူသော မဏ္ဍိုင်သုံးရပ်ကို ထောက်ပြ ဝေဖန်မည့် စာနယ်ဇင်းသမားသည် အုပ်ချုပ်ရေးမဏ္ဍိုင်ရှိ မှတ်ပုံတင်သမား၏ လက်အောက်၌ မိမိအလုပ်ကို ထိရောက်စွာ ထမ်းဆောင်နိုင်မည် မဟုတ်။
          ထို့ကြောင့် မှတ်ပုံတင်စနစ်ကို ဖျက်သိမ်းပါ။ ၎င်းနေရာတွင် မှတ်တမ်းတင်စနစ် သို့မဟုတ် မော်ကွန်းဌာန စနစ်ကိုသာ ကျင့်သုံးပါ၊ စာနယ်ဇင်းများကို မော်ကွန်း ဌာနတွင် မှတ်တမ်းတင်စေခြင်းဖြင့် ပိုင်ဆိုင်မှု ကိစ်္စများ ရှင်းလင်းစေနိုင်ပါသည်။ စာနယ်ဇင်းပါ ရေးသားချက်များသည် တည်ဆဲ ဥပဒေ တစ်စုံတစ်ရာနှင့် ငြိစွန်းပါကလည်း မည်သူမည်ဝါကို အရေးယူရမည် ဖြစ်ကြောင်း ရှင်းလင်းပါသည်။ ဒါဆိုလျှင် တိုင်းပြည်အတွက် ပြည့်စုံ လုံလောက် ပါသည် ဟူ၍ စာနယ်ဇင်းသမားများ အကြိမ်ကြိမ် ထောက်ပြခဲ့ကြ၍ သက်ဆိုင်သည့် ပုဂ်္ဂိုလ်တို့လည်း သဘောတူခဲ့ လက်ခံခဲ့ကြပြီး ဖြစ်ပါသည်။
          ထို့ကြောင့် သည်လောက် ပြောဆို ဆွေးနွေးပြီး နောက်တွင်မှ၊ ယခု ဥပဒေကြမ်းတွင် မှတ်ပုံတင် ကိစ်္စ ပြန်ပါလာသည့်အခါ စာနယ်ဇင်းသမားတွေ လူမရှိသည့် တောကြီးမျက်မည်းထဲမှာ သွားအော်နေမိခဲ့ကြသလားဟု စဉ်းစားမိခြင်း ဖြစ်သည်။

သည်အတိုင်း ဆိုပါက စာနယ်ဇင်းလွတ်လပ်ခွင့်ကို မလိုလားသူတို့၏ လက်၌ အဲသည် ဥပဒေကြမ်းသည် အဆင့်ဆင့်တွေ ဖြတ်သန်းကာ ၎င်းင်းအတိုင်း အပြီးသတ် အတည်ပြု ပြဋ္ဌာန်းလိုက်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
          စာနယ်ဇင်းသမားတို့သည် ဥပဒေပြု အာဏာ ရရှိထားသူများ မဟုတ်သဖြင့်၊ ၎င်းအတိုင်း ဖြစ်လာခဲ့လျှင် လည်း မတတ်နိုင်ပါ။
          သို့သော်၊ တစ်ဖက်တွင် တတ်နိုင်သည်ကား-
          စာနယ်ဇင်းလွတ်လပ်ခွင့် ဟူသည် ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။ စတုတ္တမဏ္ဍိုင် မရှိဘဲ ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါ၊ ဟူသည်ကို လက်ရှိ ပြည်သူ့ ကိုယ်စားလှယ်များနှင့် နောင်ဖြစ်လာမည့် ကိုယ်စားလှယ်လောင်းလျာများ နားလည် လက်ခံလာအောင် “မှတ်ပုံတင်များ ပိတ်သိမ်းခံရသည်အထိ” အဖန်တလဲလဲ ရေးသား တောင်းဆိုကြဖို့သာ ဖြစ်ပါသည်။
ဖေမြင့်

Credit To (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၃)

Related Articles:

Post a Comment