Wednesday, July 10, 2013

ခယောင်းလမ်းမှသည် ပန်းခင်းလမ်းသို့

Written by  ခိုင်ခိုင်စောလွင်

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မြို့က မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း နီးနီးကပ်ကပ်ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသက တိုင်းရင်းသား လူမျိုးစုတွေ လာရောက်အလုပ် လုပ်ကိုင်နေကြတာ အများအပြားပါ။ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် သန့်ရှင်းရေးပါမကျန် အနှိပ်ခန်းတွေအထိ မြန်မာနိုင်ငံသားတွေ အလုပ် လုပ်နေကြတာ တွေ့နေရပါတယ်။
စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်နေတဲ့ လူငယ်တစ်ယောက်ကို မေးမြန်း ကြည့်မိတဲ့အခါ သူရွာကို အလည်ပြန်တဲ့ အချိန်မှာ သူတို့ရွာ အပါအဝင် ရွာနီးချုပ်စပ်က ရွာတွေမှာ အရွယ်ကောင်း ယောက်ျားလေး၊ မိန်းကလေးတွေ မရှိကြတော့ပါဘူးတဲ့။ မရှိသလောက်လား၊ လုံးဝကို မရှိတာလားလို့ မျှော်လင့်ချက်ကလေး အမျှင်သေးနဲ့ မေးမိတဲ့အခါ မရှိသလောက် မဟုတ်ဘဲ လုံးဝကို မရှိကြတာပါတဲ့။ သူတို့ရဲ့ မိဘတွေနဲ့ သက်ကြီးရွယ်အိုတွေသာ ရှိပါတယ်။ သူတို့ဘာသာ တတ်နိုင်သလောက် လယ်ကလေး ယာကလေးမှာ စိုက်တန်တာစိုက်ပြီး ဒီဘက်က ပို့ပေးတာလေးနဲ့ နေကြတယ်။ သူက စားပွဲထိုးလုပ်တဲ့အတွက် ဆိုင်မှာ စားစရာနဲ့ နေစရာရလို့ အိမ်ကို ပြန်ပို့ပေးနိုင်ပါတယ်တဲ့။ မြန်မာငွေ တစ်သိန်းဝန်းကျင်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေဟာ နည်းတယ်လို့ ဆိုနိုင်ပေမယ့် ရွာမှာနေရင် တစ်လတစ်သိန်း ရနိုင်ဖို့ဆိုတာ ဝေလာဝေးပါတဲ့။ အလုပ်အကိုင် အခွင့်အလမ်း မရှိပါဘူးတဲ့။ ကိုယ့်နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိတာကတစ်ကြောင်း၊ စားစရာ မရှိလောက်အောင် ဆင်းရဲမွဲတေလွန်းလှတာတွေက တစ်ကြောင်း အကြောင်းအမျိုးမျိုးနဲ့ တစ်ဖက်နိုင်ငံမှာ ရွှေ့ပြောင်း လုပ်ကိုင်ကြရပါတယ်။ အဲဒီလို အလုပ်လာလုပ်ကြတဲ့ သူတွေထဲမှာ ဆယ်စုနှစ်နှစ်ခုအတွင်း ဆယ်ကျော်သက်အရွယ် လူငယ်တွေ အတော်များလာတာကို တွေ့နေရပါတယ်။ ဒီလူငယ်တွေကို တွေ့ရဖန်များလာတဲ့အခါ ပညာသင်ယူရမယ့် အရွယ်တွေဖြစ်ပြီး ပညာမသင်နိုင်ဘဲ မိသားစုအတွက် စီးပွားရှာ အလုပ်လုပ်နေကြရတာ သူတို့အနာဂတ်တွေ ပြိုပျက် ပျောက်ဆုံးကုန်ပြီဆိုတဲ့ အတွေးတွေ ဖြစ်ရပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအတွက် စာသင်ခန်းကို ကျောခိုင်းခဲ့ရတဲ့ ကလေးတွေ အများကြီး ရှိနေတာကို စိတ်မကောင်းစွာ ကြားသိနေရပါတယ်။
မိတ်ဆွေတစ်ယောက်နဲ့ ဒီအကြောင်း ပြောမိရာက ထိုင်းနိုင်ငံမှာ ရောက်နေပြီး ပညာဆက်လိုချင်တဲ့ ကလေးတွေအတွက် ပေါင်းကူးပေးနေတဲ့ ကျောင်းတွေရှိတဲ့အကြောင်း ဝမ်းသာစရာ သတင်းကြားရပါ တော့တယ်။ အဲဒီမိတ်ဆွေက လမ်းညွှန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပညာရေး ပေါင်းကူးပေးနေတဲ့ ကျောင်းတစ်ကျောင်းကို ချင်းမိုင်မြို့မှာ တွေ့ ခွင့်ရခဲ့ပါတယ်။ အဲဒီကျောင်းက Bridging Education Access to Migrants (ရွှေ့ပြောင်းအလုပ် သမားများ ပညာရေးပေါင်းကူး အစီအစဉ်) လို့ခေါ်ပါတယ်။ အတိုကောက် BEAM လို့ လူသိများပါတယ်။ အဲဒီကျောင်းကို ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သက်တမ်း သုံးနှစ်အတွင်းမှာ တက္ကသိုလ်အဆင့်ကို တက်ရောက်နိုင်သူ ၁၃ ဦးရှိပြီလို့ သိရပါတယ်။ ရွှေ့ပြောင်း အလုပ်သမားဆိုရာမှာ စစ်ပြေးဒုက္ခသည်တွေ၊ စစ်ကြောင့် မိမိတို့ ရပ်ရွာကို စွန့်လွှတ်ပြီး ဒုက္ခသည်စခန်းတွေဆီ ရောက်ရာက ရွှေ့ပြောင်းကျောင်းတွေ တစ်ဆင့်ရောက်လာတဲ့ ကလေးတွေကိုလည်း လက်ခံသင်ကြားပေးတယ်လို့ သိရပါတယ်။ ပြည်တွင်းက အခြေခံပညာ အလယ်တန်းအဆင့်အထိ တတ်မြောက်ထားဖို့တော့ လိုပါတယ်။
ဒီကျောင်းမှာ စာသင်နှစ် ၂ နှစ်ရှိပြီး အဲဒီစာသင်နှစ်အတွင်းမှာ တက္ကသိုလ်ဝင်တန်း အဆင့်နဲ့ ညီမျှတဲ့ သင်ကြားမှုရှိပါတယ်။ အဲဒီကမှ အမေရိကန် အသိအမှတ်ပြု ဂျီအီးဒီ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမှာ ဖြစ်ပြီး ဂျီအီးဒီ အောင်လက်မှတ်နဲ့ ထိုင်းတက္ကသိုလ်တွေကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
ကလေးတွေဟာ ပညာတစ်ပိုင်းတစ်စနဲ့ သူများနိုင်ငံမှာ အောက်ကျနောက်ကျနဲ့ လုပ်နေရတယ်၊ သူတို့ဘဝရဲ့ တက်လမ်း၊ လမ်းစတွေ ပျောက်နေရတယ် ထိုင်းနိုင်ငံမှာ အထူးသဖြင့် နယ်စပ်တွေ ဖြစ် တဲ့ မဲဆောက်၊ ရနောင်း၊ ဖန်င စတာတွေမှာ ရွှေ့ပြောင်းကျောင်းတွေမှာ တက်နေကြတဲ့ ကလေးတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီအတန်းတွေပြီးရင် ရှေ့ဆက်စရာ မရှိတော့ဘဲ ဖြစ်နေတယ်ဆိုတာ BEAM Foundation မှာ လေ့လာမေးမြန်းရင်း သိလာရပါတယ်။
စတင်ဖွင့်ခါစက ကျောင်းသူကျောင်းသား ၂၀ နဲ့ စခဲ့တာဖြစ်ပြီး အခုဆိုရင် ၇၀ ခန့် တက်ရောက် နေကြပါတယ်တဲ့။ သုံးနှစ်တာ ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတာတွေ၊ ကလေးတွေ ရပ်တည်ရတဲ့ ဘဝတွေကို သိရှိခဲ့ရပါတယ်။
အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့အတွက် ကလေးတွေ၊ တချို့ဆို ကျောင်းစာနဲ့ လေးငါးနှစ်လောက် ကင်းကွာခဲ့ပြီးမှ ရောက်လာတာတွေ၊ စာမလိုက်နိုင်တော့လို့ ကျောင်းထွက်သွားတဲ့ သူတွေရှိတယ်ဆိုတာရယ်၊ သူတို့ပြည်တွင်းမှာ သင်ခဲ့ဖူးတဲ့ အခြေအနေက အလွတ်ကျက်ခဲ့တာ ဖြစ်လို့ ဒီဘက်မှာ သင်တာနဲ့ ကွာခြားပြီး ပြန်မမှတ်မိတာတွေနဲ့ သူတို့အတွက် အခက်အခဲ အရမ်းဖြစ်တယ် ဆိုတာတွေရယ် မေးမြန်းသိရှိခဲ့ရပါတယ်။
BEAM ရဲ့ စာသင်နှစ် ၂ နှစ်ကို ပထမနှစ်နဲ့ ဒုတိယနှစ်လို့ ပိုင်းခြားထားပြီး ပထမနှစ်မှာတော့ ဘာသာရပ်တွေကို မြန်မာဆရာတွေက ပို့ချပေးပြီး ဒုတိယနှစ်မှာတော့ နိုင်ငံတကာအဆင့်မီ International School အဆင့်သင်နိုင်တဲ့ နိုင်ငံခြားသား ဆရာများကသာ ပို့ချပေးတာကို တွေ့ရပါတယ်။ လတ်တလော ကျောင်းတက်နေတဲ့ ပထမနှစ်ကျောင်းသူ တစ်ယောက်ကတော့ ဘယ်လောက်ပဲ အလုပ်ထဲမှာ ပင်ပန်းပါစေ၊ ကျောင်းကိုမှန်အောင် တက်ပါတယ်တဲ့။ ဒီလိုမျိုး အခွင့်အရေးရဖို့ ဆိုတာ အိပ်မက်တောင် မမက်ဖူးပါဘူးတဲ့။ ဘဝတိုးတက်ဖို့အတွက် အပင်ပန်းခံပြီး ကြိုးစားနေပါတယ်လို့ ပြောပါတယ်။ ရှေ့စာသင်နှစ်တွေက အစ်ကိုအစ်မတွေ တက္ကသိုလ်ကျောင်း တက်နေတာကို ကြည့်ပြီး အားကျကာ အဲဒီလို တက်နိုင်အောင် ကြိုးစားနေတယ်လို့ စိတ်အားထက်သန်စွာပဲ ပြောပြနေပါတယ်။
ဒီကျောင်းကနေ ချင်းမိုင်တက္ကသိုလ်မှာ လူမှုရေးသိပ္ပံ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသူလေးကလည်း စာတွေအများနည်းတူ လိုက်နိုင်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ပြောပြပါ တယ်။ ဒီကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးရင်း PAYAP တက္ကသိုလ်မှာ မဟာသင်တန်း တက်ရောက်နေတဲ့ ဆရာမကလည်း အခုလို ပြောပါသေးတယ်။
“ကျွန်မက Payap၊ TESOL ကျောင်းသူပါ။ BEAM ကျောင်းသားတွေ အနေနဲ့ ထိုင်းနိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရတဲ့အခါ တခြားနိုင်ငံတကာ ကျောင်းသားတွေနဲ့တန်းတူ သင်ယူနိုင်ပါတယ်။ ခွဲခြားဆက်ဆံတာမျိုး မတွေ့ရပါဘူး။ နိုင်ငံတကာကျောင်းသား ဖြစ်တဲ့အတွက် ထိုင်းကျောင်းသားတွေနဲ့တော့ နည်းနည်းကွာတာပေါ့။ ဥပမာ-ကျောင်းစရိတ်ဆိုရင် ထိုင်းကျောင်းသားတွေကို ဈေးလျှော့ပေးတာတွေ၊ ဘဏ်တွေကနေ ထိုင်းကျောင်းသားတွေကို ကျောင်းတက်ဖို့ ပိုက်ဆံထုတ်ချေးတာတွေ အစရှိသဖြင့်ပေါ့။ နောက်ပြီး နိုင်ငံတကာ ကျောင်းသားတွေက International Student Fees ဆိုပြီး နှစ်စဉ် ကျောင်းလခပေးရင် ထပ်ပေါင်းပေးရတယ်”
တခြားအခက်အခဲတွေ ရှိသလားလို့ ဆရာမကို မေးကြည့်တော့ “အခက်အခဲတွေကတော့ တချို့ မြန်မာကျောင်းသားတွေ အနေနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ရတယ်။ ဥပမာ- မြန်မာပြည်မှာ အထက်တန်းအောင်ပြီး နိုင်ငံတကာတက္ကသိုလ်မှာ တိုက်ရိုက်ကျောင်းလာတက်ရင် ပထမဆုံးတွေ့ရတာက သင်ကြားမှု နည်းစနစ်ပဲ။ အဲဒီတော့ သူတို့အတွက် သူများထက်ပိုပြီး အားထုတ်ရတယ်။ စာသင်ခန်းတွေထဲမှာ ကိုယ်ပိုင်အမြင်တွေ ပေးတာတွေ၊ အုပ်စုလိုက် ဆွေးနွေးမှု တွေ၊ Presentation တွေပေးရတဲ့အခါ သူတို့အတွက် အသစ်အဆန်းတွေ ဖြစ်နေတတ်တယ်” လို့ ပြောပါတယ်။
စားသောက်ဆိုင်မှာ ပန်းကန်ဆေး အလုပ်လုပ်ရာက ထိုင်းနိုင်ငံ Payap တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရပြီ ဖြစ်တဲ့ တိုင်းရင်းသူ ကျောင်းသူလေး အကြောင်းကိုလည်း ဝမ်းမြောက်ဖွယ် ကြားသိရ ပြန်ပါတယ်။ ဘဝမှာ ပြီးဆုံးသွားခဲ့ပြီလို့ ထင်မှတ်ထားခဲ့တဲ့ အရာတွေက အောင်မြင်မှုတွေဆီ ပြန်လည် ဦးတည်လာတဲ့ ဘဝကို ရောက်ခဲ့ကြရပါပြီ။ ပညာရေး ပေါင်းကူးပေးနေတဲ့ ဆရာတွေမှာလည်း ကြည်နှုးမှု အပြည့်နဲ့ပါ။ မြန်မာလူမျိုး ဆရာတွေက အသက် ၃၀ ဝန်းကျင် လူငယ်များ ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။ မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇ ဖြစ်တဲ့ ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်နဲ့အတူ ဇာတိမာန်ဆိုတဲ့ အမျိုးဂုဏ်တွေကြောင့် ဘယ်တိုင်းပြည်ရောက်ရောက် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်၊ မြှင့်တင်လိုတဲ့ စေတနာတွေကြောင့် ခယောင်းလမ်းကို ပန်းခင်းလမ်းသို့ ရောက်အောင် တံတားတစ်စင်း ထိုးပေးထားတာကို တွေ့မြင်ခဲ့ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူစွာ ရေးသားမျှဝေလိုက်ရပါတယ်။
Credit To The Voice Weekly

Related Articles:

Post a Comment