Monday, July 8, 2013

နိုင်ငံရေး ကျောက်သင်ပုန်းကြီး

   
    အစ်မရောဂါ NLD မှာ ထနေဟု
    ဒေါ်အောင်ဆန်းစုကြည် ပြောလာပြီ။
    ဝန်နေရာ မျှော်နေသူများ
    လဲသေလိုက်ဖို့ပဲ ကောင်းတော့၏။
    အဲဒီရောဂါ ကုစရာဆေး မရှိပါ။
    ပြည်သူဒဏ်ခတ်လျှင်
    သမိုင်းအကျည်းတန်သည် မဟုတ်ပါလား။
    အဘတစ်ခေတ် သင်ခန်းစာယူပါဦး။
    နိုင်ငံရေး လုပ်စား
    သားစဉ်မြေးဆက် မျက်နှာငယ်ရမယ်ပေါ့။
    ၂ဝ၁၅ တကယ်တမ်း လိုသေး မဟုတ်ပါလား။
    ဘာတွေဖြစ်နေကြသနည်း။
    ပေါင်းရေး မပေါင်းရေး ငြင်းသံခုန်သံ ဆူညံနေ၏။
    ကိုလိုနီခေတ် တွဲရေး ခွဲရေး သတိရပါ။
    ဒေါင်းကွဲလျှင် ခြင်္သေ့ဆွဲတတ်သည်။
    ကြိုးကိုင်သူများ ကြိတ်ပြုံး မပြုံးပါစေနှင့်။
    ပြည်သူ့ အဆုံးအဖြတ် စောင့်ကြည့်ကြပါဦး။
    တိုင်းပြည်နုနု မုန်တိုင်း ထန်ထန်
    ရောင်စုံသူပုန်ခေတ် မှတ်မိပါရဲ့လား။
    ယခုလည်း အနု အကြမ်း ထန်လွန်းနေသည်။
    အမှားဟူသည် ခဏအတွင်း အလွယ်ရ၏။
    အမှန်ပြန်ရောက်ဖို့ နှစ် (၆ဝ) တောင်
    ပန်းတိုင်ရေးရေး မမြင်ရသေးပါ။
    အတိတ် သင်ခန်းစာနဲ့
    အနာဂတ်ကို တည်ဆောက်ကြရမည်။
    သီတဂူဆရာတော်ဘုရားကြီး စကား
    စားစားသွားသွား နှလုံးနာနာသွင်းကြပါ။
    အကျယ်ချဲ့လျှင် ငြိမ်းချမ်းရေးပျက်တတ်သည်တဲ့။
    တို့တိုင်းပြည်နှစ် (၆ဝ) တောင် ချဲ့ခဲ့ပြီးပြီလေ။
    မြန်မာပြည်သားတိုင်း ငြိမ်းချမ်းခွင့်ရပါစေသား။
    အာနှင့်ဏာ
    ကျယ်သည်ထက် ကျယ်အောင် မချဲ့ကြပါနှင့်တော့။
    ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ။
    ဘာမှမသိဘဲ ပြီးသွားရလေ၏။
    ဘာဘာ ဘာမှ နားမလည်ပါ
    ဘာမဟုတ်တာကို အလေးထားခဲ့သည်ကိုး။
    ဘာပဲဖြစ်ဖြစ် ဒေါက်တာဆိတ်ဖွား နာမည်ကျော်ခဲ့ပြီ။
    Facebook  ထက်က လှုံ့ဆော်နေသူများ
    ပို၍ ပို၍ ရမ်းတော့မည်။
    ဒီအရေး ဝိုင်း၍ စဉ်းစားကြပါဦး။
    ဒီတစ်ပတ် နှုတ်ဆက်သည်။
    အာဆီယံနိုင်ငံများ ငြိမ်းချမ်းပါစေ။
    ပါကစ္စတန်လည်း အကြမ်းဖက်မှုများမှ ကင်းပါစေပေါ့။
    မြောက်ကိုရီးယား ခေါင်းဆောင်လေး
    စိတ်ချမ်းသာဖို့လည်း ဂရုစိုက်ကြပါဦး။
    အကူအညီ များများပေးကြပါ။
    မျောက်ပြဆန်တောင်းနည်းများ
    ခေတ်စားနေသည် မဟုတ်ပါလား။
    ဆန်ရမှ မျောက်သက်သာမည်။

မောင်ဘူးလော့(ရွှေလက်)
Credit To the light of Asia

Related Articles:

Post a Comment