Friday, July 12, 2013

ဝလုံးလေးကို ၀ိုင်းဝိုင်းရေးမယ်


ရေးသားသူ- ထားထားမြင့်

ရှားရှားပါးပါး မနည်းလိုက်ရှာဝယ်ထားရသော လေးကြောင်းမျဉ်းစာအုပ်ပေါ်မှာ ဂျက်ဆီကာက ၀လုံးများကို ဂရုတစိုက်ရေးနေပါသည်။ ၀ိုင်းစက်နေသော မြန်မာအက္ခရာများကို လှလှပပရေးနိုင်ရန် ၀လုံးကို သေချာရေးတတ်ဖို့လိုပြီး လေးကြောင်းမျဉ်းနှင့်ရေးမှ လက်ရေးပိုလှမည်ဟု ဂျက်ဆီကာ၏ မြန်မာစာဆရာမက ပြောထားသည့်အတွက်ဖြစ်သည်။

“ဒီစာလုံးလေးတွေကို ကျင့်နေတာမြင်ရင် သူငယ်ချင်းတွေက ဘာလဲလို့ မေးကြတယ်။ အဲဒီက ၀ိုင်းဝိုင်းလုံးလေးတစ်လုံးရယ် ဆီမီးကော်လံလို အစက်ကလေးနှစ်စက်က စကားတစ်လုံးရဲ့အဓိပ္ပာယ်ကို ရှင်းပြလိုက်မှ သူတို့အံ့သြသွားတယ်။ ဒီလိုဘာသာစကား တစ်ခုကိုသင်ရတာ ကျွန်မတော့ ဂုဏ်ယူတယ်”

မြန်မာစာကို ခြောက်လသင်ပြီး မြန်မာစကားကို အတော်အတန်နားလည်နေသော ဂျက်ဆီကာကရှင်းပြပါသည်။ ဂျက်ဆီကာက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိဘာသာစကားကျောင်းတစ်ခုမှာမြန်မာစာသင်ကြားနေတာ တစ်ပတ်တောင်မပြည့်သေးပါ။

မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေပြောင်းလဲလာပြီး ကမ္ဘာမှာ မြန်မာနိုင်ငံက တစ်ခေတ်ဆန်းချိန်မှာ နိုင်ငံတကာမှာ ဂျက်ဆီကာကဲ့သို့ မြန်မာစာသင်ကြားသူအရေအတွက်က မသိမသာမြင့်တက်လာသည်။ အထူးသဖြင့် မြန်မာနှင့်ဆက်ဆံရေးကောင်းမွန်ရန် စီးပွားရေးအကျိုးတူပူးပေါင်းရန် စိုင်းပြင်းနေသည့် အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမျိုးမှာဖြစ်သည်။

မြန်မာနိုင်ငံကိုအကြောင်းအမျိုးမျိုးနှင့် မကြာခဏရေရှည်ဆက်ဆံပတ်သက်ရမည့်သူများက မြန်မာစကားကို အခြေခံတော့ သင်ယူချင်ကြသည်။ အင်္ဂလိပ်စကားပြောတတ်လျှင် မြန်မာနိုင်ငံမှာ အလုပ်ဖြစ်သော်လည်း နိုင်ငံ၏အောက်ခြေယဉ်ကျေးမှုကို ထဲထဲဝင်ဝင်သိရန်အတွက် မြန်မာစကားပြောကို အခြေခံတော့သိချင်ကြသည်။ မြို့ပေါ်က ပညာတတ်မြန်မာများနှင့်သာမက ကျေးလက်ကအင်္ဂလိပ်စာမတတ်သော မြန်မာလူမျိုးများနှင့်ပါ သူတို့က ရင်းရင်းနှီးနှီးပြောချင်၊ ဆက်ဆံချင်သည်။ ရေးတတ်၊ ဖတ်တတ်၊ သိရန်အတွက် မြန်မာစာကို သင်ချင်ကြသည်။

အမေရိကန်နှင့်မြန်မာဆက်ဆံရေး ရွှေလမ်းငွေလမ်းဖောက်လုပ်သည့်အချိန်ကစပြီး မြို့တော်ဝါရှင်တန်ဒီစီနှင့် အမေရိကန်မြို့ကြီး အတော်များများက ဘာသာစကားသင်တန်းကျောင်းများမှာ မြန်မာစာဆရာကို အလုပ်လျှောက်လွှာတွေထဲမှာ ထည့်သွင်းလာ
ကြသည်။ သို့သော် အမေရိကန်နိုင်ငံက ဘာသာစကားသင်တန်းကျောင်းတစ်ခုမှာ မြန်မာစာ ဆရာဖြစ်ဖို့က မလွယ်ကူပါ။ အမေရိကမှာ မြန်မာလူဦးရေ အတော်များနေပြီဖြစ်သော်လည်း မြန်မာစာဆရာ အရေအတွက်က နည်းပါးပါသည်။ အဘယ်ကြောင့်ဆိုသော်
အမေရိကမှာ မြန်မာစာသင်ကြားသူတစ်ယောက်ဖြစ်ရန် ဘာသာစကားသင်တန်းကျောင်းများက သတ်မှတ်ထားသော အရည်အချင်းက အကန့်အသတ်ရှိသည့်အတွက်ဖြစ်ပါသည်။

“မြန်မာစာကို မဟာဘွဲ့ရသူမှ လိုချင်တယ်။ မြန်မာစာမဟာဘွဲ့အပြင် စာကိုသေချာရှင်းပြနိုင်ဖို့ မြန်မာစာကို အင်္ဂလိပ်စကားသုံးပြီး အသေအချာရှင်းပြဖို့လည်း အင်္ဂလိပ်စာလည်း ကောင်းရဦးမယ်။
ပြီးတော့ သင်ကြားရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိမှလည်း အလုပ်ခန့်တယ်။ ပြီးတော့ မြန်မာကျောင်းမှာ သင်ရသလိုမဟုတ်ဘူး။ ကျောင်းသားက လက်ခံလာအောင် ဟာသ၊ ဗဟုသုတအရွှန်းဖောက်ပြီး သင်တတ်ရတယ်။ နို့မို ကျောင်းသားတွေက မကြိုက်ရင် ချက်ချင်းအလုပ်ဖြုတ်ပစ်လိုက်တာလေ” ဟု ၀ါရှင်တန်ဒီစီရှိ ဘာသာစကားသင်တန်းကျောင်းတစ်ခုမှ မြန်မာစာဆရာတစ်ဦးကပြော
ကြားသည်။

ထို့အပြင် မြန်မာစာဆရာတစ်ဦးဖြစ်ရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခွင့်ကတ် (သို့မဟုတ်) နိုင်ငံသားဖြစ်မှသာ ထိုအလုပ်များကို လျှောက်ထားခွင့်ရှိပါသည်။ ထို့ကြောင့် တစ်နာရီလျှင် ဒေါ်လာ ၃၀ နီးပါးမျှရသည့် ၀င်ငွေကောင်းအလုပ်တစ်ခုဖြစ်သော မြန်မာစာဆရာအလုပ်ကို လုပ်ကိုင်သူအရေအတွက်နည်းပါးသည်။

မြန်မာစာသင်ကြားသူနည်းသလို မြန်မာစာသင်ကြားရေးတွင် အသုံးပြုနေသော သင်ကြားရေးဆိုင်ရာ အထောက်အကူစာအုပ် စာတမ်းကလည်း သိပ်မရှိလှပါ။ မြန်မာကျောင်းတွေမှာသုံးသည့် မြန်မာစာသင်ရိုးညွှန်းတမ်းက မြန်မာနိုင်ငံက မူလတန်းကျောင်းများမှာ ကလေးများကို သင်ကြားသည့် သင်ရိုးညွှန်းတမ်းကိုသုံးပြီး သင်ကြားလို့မရပါ။ ပညာနှင့်ဉာဏ်ရည်ထက်မြက်ပြီးသား ဘာသာစကားတစ်ခုကို အချိန်တိုအတွင်း သင်ကြားလိုသည့်နိုင်ငံခြား ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းစာအုပ် ရှားပါးလှကြောင်း မြန်မာစာသင်ကြားနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော မိုက်ခ်က ညည်းညူပြောကြားပါသည်။

“မြန်မာစာကျောင်းသားတစ်ယောက်အနေနဲ့ အကြီးမားဆုံး အခက်အခဲကတော့ စာအုပ်စာတမ်းကောင်းကောင်းမရှိတာဘဲ။ အထူးသဖြင့် သဒ္ဒါသင်ရင်ပိုဆိုးတယ်။ တခြားဘာသာစကားတွေ ကျွန်တော်သင်တုန်းက စကားပြောတွေ၊ သဒ္ဒါတွေသင်ဖို့ စာအုပ်အစုံရှိတယ်။ အခုလောလောဆယ်မှာတော့ မြန်မာစာသင်ဖို့သုံးနေတဲ့ စာအုပ်က ဂျင်းမက်ရှာရဲ့ စာအုပ်ပဲ။ သူကလည်း အခြေခံအဆင့်ပဲရှိတယ်”

ဝါရှင်တန်ဒီစီရှိ ဘာသာစကားသင်တန်းကျောင်းများမှ မြန်မာစာဆရာများက ကိုယ်ပိုင်ရှာဖွေပြုစုထားသော သင်ရိုးညွှန်းတမ်းများနှင့်သာ သင်ကြားနေစမြဲဖြစ်သည်။ များသောအားဖြင့် အစိုးရ၀န်ထမ်းများ အခြေစိုက်ရာ ၀ါရှင်တန်ဒီစီမှာ မြန်မာစာသင်ကြားသူ ကျောင်းသားများက အစိုးရ၀န်ထမ်းများဖြစ်ကြပြီး မြန်မာနိုင်ငံကို အလုပ်တာဝန်ဖြင့် ဆောင်ရွက်ပတ်သက်ရန်အတွက် မြန်မာစာကို သင်ကြားသူများပါသည်။ ထို့ကြောင့် အများစုက ခြောက်လ၊ တစ်နှစ်အချိန်တိုအတွင်းမှာ တစ်နေ့ကို ခြောက်နာရီနှုန်းဖြင့် မြန်မာစာကို အမြန်ဆုံးတတ်ချင်သူတွေများသည်။

အမေရိကန်မက္ကဆီကန်တစ်ဦးဖြစ်သော အော်စကာက သူ၏မိခင်ဘာသာစကားဖြစ်သော စပိန်ဘာသာမှာ မြန်မာဘာသာလိုပင်
အင်္ဂလိပ်ဘာသာနှင့် သဒ္ဒါပုံစံကွဲလွဲတာချင်းတူသဖြင့် သင်ရသည်မှာလွယ်ကူသည် ဟုဆိုသည်။

“အက္ခရာတွေကို သင်ရတာကတော့ အစမှာ မနည်းလိုက်ရတယ်။ ဒါပေမဲ့ အဲဒါတွေကိုရသွားတော့ သင်လို့သုံးလအကြာမှာ မြန်မာစာကို ကောင်းကောင်းဖတ်နိုင်လာတယ်။ စကားလုံးအတော်များများက အဓိပ္ပာယ်ရှိတဲ့ စာလုံးနှစ်လုံးပေါင်းတာတွေများတော့ မှတ်မိလွယ်တယ်။ ရုပ်ရှင်လိုမျိုးပေါ့။ ရုပ်နဲ့ ရှင်တာလို စကားနှစ်လုံးကို ပေါင်းထားတာ။ ၀င်ကွန်ဆင်ပြည်နယ်သား မိုက်ခ်အတွက်မူ “ချစ်တယ်၊ ခြစ်တယ်” စသောအသံခပ်ဆင်ဆင်တူသောစကားလုံးများက မြန်မာစာသင်ရာမှာ အခက်ခဲဆုံးဖြစ်ပြီး ထိုစကားလုံးများအတွက် နောက်ကအဓိပ္ပာယ်နှင့် ဆက်စပ်မှုကိုသာစဉ်းစားပြီး နားလည်ရသည်ဟု ရှင်းပြပါသည်။

မြန်မာနိုင်ငံနှင့်ဆက်စပ်ပတ်သက်သော အလုပ်အကိုင်များကြောင့် မြန်မာစာကို သင်ကြားရသူများသော်လည်း လေ့လာသင်ယူရင်းနှင့်မှ မြန်မာစာကို သင်ယူရင်းနှင့် လှပသောထူးခြားခမ်းနားသောယဉ်ကျေးမှုများကို တီးခေါက်မိပြီး သင်ကြားရသည်မှာ ပိုစိတ်ဝင်စားလာသည်ဟု မြန်မာစာကျောင်းသားများကဆိုပါသည်။

အမေရိကရှိ ဘာသာစကားသင်တန်းကျောင်းများမှာ ဘာသာစကားသင်ကြားရသည်ဆိုသော်လည်း အမေရိကန်ကျောင်းသားအများစုနှင့် သိပ်မရင်းနှီးသေးသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာစာဆရာများက ကျောင်းသားများကို ယဉ်ကျေးမှုဓလေ့များကိုလည်း ဘာသာစကားသင်ရင်း ထည့်သွင်းသင်ကြားရလေ့ရှိပါသည်။ မြန်မာ့ရိုးရာဓလေ့ထုံးစံများအတိုင်း နေ့နံအလိုက် နာမည်ပေးခြင်း စသောယဉ်ကျေးမှုများကို မြန်မာစာသင်ယူသူများက အထူးစိတ်ဝင်စားပြီး သူတို့နာမည်များကိုလည်း မြန်မာများကဲ့သို့ နေ့သင့်နံသင့်မှည့်ထားကြပါသည်။ တနင်္ဂနွေသမီးဖြစ်သည့်အတွက် သူ့ကိုယ်သူ မြန်မာနာမည် အေးအေးအောင်ဟု နာမည်ပေးထားသူ ဂျက်ဆီကာက “မြန်မာစာက ရှေးကျပြီး ပြိုင်စံကင်းတဲ့ဘာသာစကားတစ်ခုပါ။ မြန်မာလို လှပတဲ့နိုင်ငံတစ်ခုက နိုင်ငံတကာကို ကြိုဆိုနေတဲ့ အချိန်မှာ မြန်မာပြည်ကိုသွားဖို့ မြန်မာစကားသင်ရတာဂုဏ်ယူတယ်။ ပြီးတော့ စာသင်ကြားရင်းနဲ့ ဗုဒ္ဓဘာသာ တရားတော်တွေက ဒီဘာသာစကားမှာ အမြောက်အမြားရှိနေတာကိုသိရတော့ ပိုဂုဏ်ယူတယ်”

ဂျက်ဆီကာလို လူမျိုးတွေရှိနေသရွေ့ ၀ါရှင်တန်ဒီစီက ဘာသာစကားသင်တန်းကျောင်းများမှာ ၀လုံးရေးနည်းသင်ခန်းစာများက ပိုမိုမြိုင်ဆိုင်လာနေဦးမည်သာ။

Credit To 7Day News Journal

Related Articles:

Post a Comment