Friday, July 12, 2013

အမျိုးသားရေးတွင် အစွန်းလွတ်ဖို့ အရေးကြီးတယ်



မိတ္ထီလာ ပဋိပက္ခတွင် နေအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရသူများ မိတ္ထီလာမြို့ ဘောလုံးအားကစားကွင်းအတွင်း ယာယီတဲများဖြင့် နေထိုင်သည်ကို မတ်လနောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ၀ဏ္ဏစိုး)
အမျိုးသားရေး ၀ါဒသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် အမျိုးသားရေး ၀ါဒအပေါ် အခြေပြုသော နိုင်ငံရေး လမ်းကြောင်းသည် အားအကောင်းဆုံးတစ်ခု ဖြစ်သည်ဟုလည်း သုံးသပ်နိုင်သည်။ အမျိုးသားရေး ၀ါဒနှင့် အနီးဆုံးတွင် အစွန်းရောက် အမျိုးသားရေး ၀ါဒနှင့် မျက်ကန်းမျိုးချစ်အမြင်တို့ ရှိနေသည်ကိုလည်း သတိချပ်သင့်သည်။ တိုင်းပြည်ပြန်လည် ထူထောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူလူထု၏ ဘ၀အဆင့်အတန်း မြင့်မားရေးတို့ကို ဖော်ဆောင်ရာတွင် အမျိုးသားရေး ၀ါဒသည် အလွန်အရေးပါသော တွန်းအားဖြစ်သည့်နည်းတူ အစိုးရ၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျရှုံးမှုများကို ရင်ဆိုင်လာရသော အခါတွင်လည်း အစိုးရများသည် အမျိုးသားရေးဝါဒကို အကာအကွယ် ယူတတ်ကြပြီး ထိုမှတစ်ဆင့် အမျိုးသားအစွန်းရောက် ၀ါဒအထိ ခရီးပေါက်သွား တတ်သည်ကိုလည်း သတိပြု ဆင်ခြင်သင့်သည်။
အမျိုးသားရေး ၀ါဒသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်သော်လည်း အစွန်းရောက် အမျိုးသားရေး ၀ါဒသည် အကြမ်းဖက်ခြင်း၊ ဖျက်ဆီးခြင်း စသည့်ပျက်စီးခြင်းသဘော၊ ပျက်သုဉ်းခြင်း သဘောများကို ဆောင်သဖြင့် ပကတိ အခြေအနေတွင် တိုင်းပြည်၏ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဟန့်အတား၊ အနှောင့်အယှက် ပြုလာနိုင်သည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဘက်စုံပြုပြင်ပြောင်းလဲရေး ခရီးတွင် အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားရေး အမြင်၊ အမျိုးသားရေး ၀ါဒတို့သည်  အပြုသဘောဆောင် ကောင်းကျိုးပြုနိုင်သော်လည်း အမျိုးသားရေး အစွန်းရောက် အယူအဆများနှင့် လုပ်ရပ်များသည် အဖျက်သဘော၊ အပျက်သဘောကို ဦးတည်နိုင်သဖြင့် တော်လှန်ရေး သတိရှိရှိ၊ စောင့်ကြည့်ကာကွယ်နိုင်ရန် အထူးလိုအပ်သည်။
အမျိုးသားရေး ၀ါဒသည် ပုံစံအမျိုးမျိုး ရှိသော်လည်း၊ ယေဘုယျအားဖြင့် လူမျိုးစုများအပေါ် အခြေပြုသော ပုံစံနှင့် နိုင်ငံများအပေါ် အခြေပြုသော ပုံစံတို့ကို အတွေ့ရများသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အမျိုးသားရေး ၀ါဒသည် မြန်မာလူမျိုးများအပေါ် အခြေပြုလျက် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး အသွင်ဖြင့် ၁၉ ရာစု အစောပိုင်း၌ အမြစ်တွယ်ခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး စနစ်များကို အမျိုးသားရေး လှုပ်ရှားမှုအသွင်နှင့် အပြင်းအထန် အာခံနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြိုခေတ်၊ တတိယကမ္ဘာ ဖြစ်လာမည့် ကိုလိုနီနိုင်ငံများ၏ ကိုလိုနီ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲတွင် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုသည် တော်လှန်ရေး အသွင်ဆောင်သော၊ အပြောင်းအလဲသို့ ဦးတည်သော ဒီရေဖြစ်ခဲ့သည်။
လတ်တလော မြန်မာနိုင်ငံအတွင်း အခြေအနေများအပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများနှင့် ပညာရှင်များက အမျိုးသားရေး ၀ါဒနှင့် ၀ါဒီတို့ ခေါင်းထောင်ထလာသည့်ပုံစံ သုံးသပ်မှုများကို တွေ့ရသည်။  ထိုအခြေအနေတွင် အမျိုးသားရေး ၀ါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒကို ခွဲခြားသုံးသပ် ထောက်ပြနိုင်ရန် လိုအပ်သည်ဟု မှတ်ချက်ပြုလိုသည်။ မြန်မာနိုင်ငံ၏ ပကတိ အနေအထားတွင် အမျိုးသားရေး ၀ါဒသည် ရှေ့တန်းရောက်လာနိုင်ပြီး အမျိုးသားရေး ၀ါဒီများသည်လည်း နေရာရလာနိုင်သည်။ အမျိုးသားရေး ၀ါဒနှင့် ၀ါဒီတို့ကို အစွန်းရောက် အမြင်ဘက်သို့ ဦးတည်မသွားစေရန်၊ နည်းလမ်းပေါင်းစုံဖြင့် ထိန်းသိမ်းကြရမည် ဖြစ်သည်။ မြန်မာ့လူမှု အဖွဲ့အစည်းတွင်လည်း အမျိုးသားရေး ၀ါဒနှင့် ၀ါဒီများကို အစွန်းရောက်သည့်ဘက်သို့ တွန်းပို့ပြီး ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွားတို့အတွက် ခုတုံးလုပ် အသုံးချမည့်သူများ ရှိနေမည်မှာလည်း အသေအချာ ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းနိုင်ငံရေးနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများနှင့် လေ့လာစောင့်ကြည့်သူများသည် အမျိုးသားရေးဝါဒ၊ အမြင်များ အားကောင်းမောင်းသန် လာခြင်းကို အပြစ်မမြင်သင့်ကြောင်းနှင့် အစွန်းရောက် အမြင်များ၊ အစွန်းရောက် လုပ်ရပ်များကိုသာ ထောက်ပြ၊ ထိန်းသိမ်း၊ ပြုပြင်သင့်ကြောင်း အကြံပြုလိုပါသည်။
အမျိုးသားရေးကို အစွန်းရောက်သည့်ဘက်သို့ တွန်းပို့မည့်သူများကို တော်လှန်ရေး သတိရှိရှိ စောင့်ကြည့်လျက် ပြည်သူလူထုကို မျက်စိဖွင့် အမြင်ဖွင့်ပေးရာတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးသည် . . . . .
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွင် အမျိုးသားရေး ၀ါဒီများ၊ အမျိုးသားရေး ၀ါဒများ ခေါင်းထောင်ထလာနေသည်ဟု ကောက်ချက်ပြုမှုသည် ဟုတ်နိုးနိုးနှင့် အစွန်းရောက် ၀ါဒီများကို အားပေးသော သုံးသပ်ချက် ဖြစ်သွားနိုင်သည်ကိုလည်း သတိပြုသင့်သည်။ အမျိုးသားရေး အမြင်၊ အမျိုးသားရေး ၀ါဒတို့ကို စွဲကိုင်ကြရသည်မှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် သမားရိုးကျ ကိစ္စပင် ဖြစ်သည်။ လက်တွေ့ကျကျ သုံးသပ်ရမည်မှာ အမျိုးသားရေး မျက်နှာဖုံးကိုစွပ်ပြီး စနစ်တကျ၊ အကြီးအကျယ် ခေါင်းထောင်ထလာနေသည့် အမျိုးသားရေး အစွန်းရောက် ၀ါဒီများ၊ အမျိုးသားရေး အစွန်းရောက်အမြင်နှင့် အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတို့ပင် ဖြစ်သည်။ ထို့အတူ အမျိုးသားရေး အစွန်းရောက် အမြင်များနှင့် လှုပ်ရှားမှုများကို ခုတုံးလုပ်ပြီး မိမိပါတီ၊ မိမိအဖွဲ့အစည်း၏ နိုင်ငံရေး အကျိုးစီးပွားကို မတည်ဆောက်သင့်ကြောင်းနှင့် နိုင်ငံရေး ခေါင်းဆောင်များအနေဖြင့် အမျိုးသား အစွန်းရောက် လမ်းပေါ်မရောက်ရှိရန် စနစ်တကျ၊ စီမံချက်ရှိရှိ ပူးပေါင်းလုပ်ဆောင် သင့်ကြောင်းလည်း ဆော်သြလိုပါသည်။
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲကို ပုံဖော်ရာတွင် အမျိုးသားရေး အကျိုးစီးပွား၊ အမျိုးသားရေး ရှုမြင်သုံးသပ်ချက်တို့အပေါ် အခြေပြုသော အမျိုးသားရေး ၀ါဒသည် အရေးကြီးသည်။ အမျိုးသားရေး ၀ါဒသည် တိုင်းပြည်အကျပ်အတည်းကာလ၊ တိုင်းပြည်ပြန်လည် ထူထောင်စ ကာလတို့တွင် အားကောင်းမောင်းသန် ရှိလာတတ်သည်။ အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံကြီးများသည်လည်း အမျိုးသားရေး ၀ါဒအပေါ် အခြေခံသော အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ကြသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနကို တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ အမျိုးသားရေး ၀ါဒလှိုင်းသည် လူ့အဖွဲ့အစည်း အလွှာအသီးသီးသို့ စိမ့်ဝင်ပျံ့နှံ့ခဲ့သည်။ ၂၀၀၁ ခုနှစ်အလွန် အမျိုးသား လုံခြုံရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားတို့ကို မဟာဗျူဟာမြောက် ပေါင်းစပ်ပုံဖော်လာနေသည့် အမေရိကန်၏ အမျိုးသားရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကမ္ဘာအနှံ့ ဖြန့်ကြက်တည်ဆောက်ရေး အစီအစဉ်တွင် မြန်မာနိုင်ငံနှင့် ကမူးရှူးထိုး မဟာဗျူဟာ ဆက်ဆံရေး ပြန်လည်ထူထောင်နေခြင်းသည်လည်း အဓိက အခန်းကဏ္ဍတစ်ခု ဖြစ်သည်။
ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲ၊ ဘာလင်တံတိုင်းကြီး ဖြိုချခံရပြီးသည့် စစ်နွေးခတ်လွန်ကာလတွင် အမျိုးသားရေးဝါဒနှင့် အမျိုးသားရေး အယူအဆများ အားကောင်းလာနေခဲ့သည်ကို ကမ္ဘာတစ်ဝန်း၌ သိသာမြင်သာ ရှိသည်ဟုလည်း ကောက်ချက်ပြုကြသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင်လည်း အနောက်နိုင်ငံ သတင်းမီဒီယာများ၏ သတင်းပေးပို့မှုများနှင့် သတင်းဖော်ပြချက်များကို အကြောင်းပြုလျက် အမျိုးသားရေး လှုပ်ရှားမှုများ အနောက်သတင်း မီဒီယာများကို ဆန့်ကျင်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်များကို လွန်ခဲ့သော လေး၊ ငါးနှစ်ကတည်းက သတိပြုမိခဲ့သည်။
မြန်မာနိုင်ငံကို အထောက်အပံ့ပေးနေသော နိုင်ငံများ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြု လုပ်နေသော နိုင်ငံများသည်လည်း သူတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် အထောက်အပံ့ပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ကြသည်ကို မမေ့လျော့သင့်ပေ။ နိုင်ငံအားလုံးသည် မိမိနိုင်ငံ၊ မိမိနိုင်ငံသားတို့၏ အကျိုးစီးပွားကို ရှေ့တန်းတင် ဦးခိုက်ထားနေသည့် မျက်မှောက်ခေတ်ကြီးတွင် မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့တန်းတင် ဦးစားပေး ပုံဖော်ခြင်းကို ခြေလှမ်းကျွံခြင်းဟု မသုံးသပ်နိုင်ပေ။
အမျိုးသားရေး ၀ါဒီများနှင့် လှုပ်ရှားမှုများကို အမျိုးသားအစွန်းသို့ ဦးတည်မသွားနိုင်ရန် ၀ိုင်းဝန်းထိန်းသိမ်းရာတွင် တရားဥပဒေ စိုးမိုးရေးသည် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် အစွန်းရောက် လှုပ်ရှားမှုများနှင့် လှုပ်ရှားသူများကို တရားဥပဒေ စိုးမိုးမှုနှင့်သာ ထိန်းသိမ်းနိုင်မည် ဖြစ်သဖြင့် တရားဥပဒေ စိုးမိုးမှုကို စနစ်တကျ မြှင့်တင်နိုင်ရန် အရေးတကြီး လိုအပ်လျက် ရှိသည်။ အစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင်လည်း အုပ်ချုပ်သူများ အာဏာပိုင်များတို့သည် ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို အကြမ်းဖက်သည့် အသွင်ဘက်သို့ ရောက်ရှိအောင် အစွန်းရောက်များ၏အားကို သွယ်ဝိုက်ရယူလျက် အကွက်ချ ဆောင်ရွက်တတ်သည်ကိုလည်း သင်ခန်းစာယူရန် လိုအပ်မည်ဟု ထင်မြင်မိသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့နိုင်ငံများတွင် အရေးပါနေသည့် အမျိုးသားရေး ၀ါဒသည် မြန်မာနိုင်ငံ အပြောင်းအလဲနှင့် တည်ဆောက်ရေးအတွက်လည်း အသက်သွေးကြော အင်အားဖြစ်သည်။ တစ်ဖက်တွင် အမျိုးသားရေးကို အစွန်းရောက်သည့်ဘက်သို့ တွန်းပို့မည့်သူများကို တော်လှန်ရေး သတိရှိရှိ စောင့်ကြည့်လျက် ပြည်သူလူထုကို မျက်စိဖွင့် အမြင်ဖွင့်ပေးရာတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးသည်။ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးစည်းကို တင်းတင်းကျပ်ကျပ်ချပြီး အစွန်းရောက် ၀ါဒီများ၊ အမြင်များကို ပြုပြင်ကာကွယ် တားဆီးနိုင်မည် ဆိုပါက အမျိုးသားရေး အမြင်နှင့် သဟဇာတဖြစ်မည့် မြန်မာ့အပြောင်းအလဲများသည် ဒေသတွင်းသာမက ကမ္ဘာ့တန်းဝင် ခြေလှမ်းများ၊ အခင်းအကျင်းများ ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။
 Written by ဒေါက်တာရန်မျိုးသိမ်း
Credit To First Eleven

Related Articles:

Post a Comment