Saturday, July 13, 2013

ဟန်ဆောင်စာချုပ်နှင့် စပ်လျဉ်းမေးခွန်း ၈ခုကို မေးမြန်းရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြန်လည်ဖြေကြား



၁၀-၇-၂၀၁၃ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဟန်ဆောင်စာချုပ်များနှင့် ပတ်သတ်၍ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက ဥပဒေများ၏ ပျော့ကွက် ဟာကွက်များ၊ လွဲမှားစွာ ခံယူနားလည်မှုများကြောင့် နစ်နာမှုများရှိနေပါကြောင်း၊ ဟန်ဆောင်စာချုပ်များလည်း ပြည်သူလူထုအတွင်း ချုပ်ငြိမ်းသင့်ပြီ ဖြစ်ပါကြောင်းပြောကြား၍ မေးခွန်းများအနေဖြင့် (၁) ပြည်သူများအတွင်း လွဲမှားစွာ ရှိနေကြသည် ဟန်ဆောင်စာချုပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာက သတင်းအချက်အလက်များ၊ အသိပညာများပေးဝေခြင်းနှင့် မပြုလုပ်ရန် တားမြစ်သည့်အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် အစီအစဉ် ရှိပါသလား။ (၂) ယခင် ဆောင်ရွက်မှုများကြောင့် ဆုံးရှုံးသွားရသည့်ကိစ္စရပ်များအတွက် မည်သို့ကုစားမှု ပေးနိုင်ပါသနည်း။ (၃) ဟန်ဆောင်စာချုပ်ဖြင့် ငွေချေးငှားကြရာ၌ ဥပဒေကို နားမလည်၍ ကျူးလွန်မိသည့် ကိစ္စရပ်များတွင် နစ်နာသူနှင့် အမြတ်ထွက်သူဟူ၍ နှစ်မျိုးရှိရာ အမြတ်ထွက်သွားသူများကို မည်သို့ အရေးယူနိုင်ပါမည်နည်း။ (၄) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဟန်ဆောင် အိမ်၊ မြေအရောင်း အဝယ်စာချုပ်များနှင့်ပတ်သက်၍ အမှုအားလုံးပေါ်တွင် တစ်ပြေးညီဆုံးဖြတ်မှု စံတစ်ခုထားရှိမှု ရှိပါသလား။ (၅) ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အောက်ခြေတရားရုံးအဆင့်‌ဆင့်သို့ ဟန်ဆောင်အိမ်‌မြေ အရောင်းအဝယ်စာချုပ်များနှင့် ပတ်သက်၍ ညွှန်ကြားထားမှုများ ရှိပါသလား။ ညွှန်ကြားထားပါက မည်ကဲ့သို့ ညွှန်ကြားထားသည်ကို သိရှိလိုပါသည်။ (၆) ဟန်ဆောင် အိမ်၊ ‌မြေ အရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှားကြသဖြင့် ဖြစ်ပွားသောအမှုများတွင် ငွေချေးပေးသူများအတွက် တရားရုံးက တစ်စုံတစ်ရာ ကုစားမှုမပေးနိုင်ပါက ငွေချေးပေးသူတွင် နစ်နာမှုများစွာ ရှိသည်ကို သိရှိပါသလား။ သိရှိပါက နစ်နာမှုကို မည်ကဲ့သို့ ပြန်လည်ကုစားပေးနိုင်ပါမည်နည်း။ (၇) ဟန်ဆောင်အိမ်၊ မြေ အရောင်းအဝယ်စာချုပ်အား တရားရင်ဆိုင်နေရသဖြင့် ချေးငွေရလိုမှု ပြန်လည်စွဲဆိုရာ ကုန်ဆုံးသွားသည့် ကာလစည်းကမ်းသတ်ကို နစ်နာသွားသည့် ပြည်သူလူထုအကျိုးငှာ ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ။ (၈) ဟန်ဆောင် အိမ်‌မြေအရောင်းအဝယ် စာချုပ်ကို နောက်ဆုံးအယူခံရုံး၏ ဆုံးဖြတ်ချက်အရ ချေးငွေရလိုမှုပြန်လည် စွဲဆိုရာတွင် အထောက်အထားအဖြစ် တင်ပြခွင့်ရှိ/မရှိ၊ သက်သေခံစာချုပ်စာတမ်းအဖြစ် လက်ခံမှု ပြုနိုင်/ မပြုနိုင် စသဖြင့် မေးခွန်း (၈)ခု မေးမြန်းရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြသိန်းက မေးခွန်း(၁)အတွက် ပြည်သူလူထုအတွင်း လွဲမှားစွာ ဆောင်ရွက်နေကြသည့် ဟန်ဆောင်စာချုပ်များနှင့် ပတ်သက်၍ အသိပညာပေးဝေခြင်း၊ ဥပဒေဗဟုသုတဖြန့်ဖြူးခြင်း ဆောင်ရွက်သည့်အနေဖြင့် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာများတွင် ပညာပေးဆောင်းပါးများ ဖော်ပြပြီး ပြည်သူကို ဥပဒေအသိပညာ ပေးသင့်‌ပါကြောင်း၊ သို့ရာတွင် ဟန်ဆောင်စာချုပ်များ မပြုလုပ်ရန် တားမြစ်သည့်အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် သင့်မည်မဟုတ်ဟု ယူဆပါကြောင်း။ မေးခွန်း(၂)အတွက် ယခင်က ဆောင်ရွက်မှုများကြောင့် ဆုံးရှုံးသွားရသည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာကာယကံရှင်များကသာ ဥပဒေက ခွင့်ပြုထားသည့် အတိုင်း ဥပဒေနှင့်အညီ သက်သာခွင့်များ တောင်းခံကြရန်ဖြစ်ကြောင်း။ မေးခွန်း (၃)အတွက် ဟန်ဆောင် စာချုပ်ဖြင့် ငွေချေးငှားရာ၌ အမြတ်ထွက်သွားသူကို အရေးယူနိုင်သည့်နည်းလမ်းကို တရားရုံးက ညွှန်ပြရန် တာဝန်မရှိပါကြောင်း၊ တရားရုံးဆိုသည်မှာ တရားရုံးသို့ အဆုံးအဖြတ်ခံယူရန် တရားစွဲဆိုသည့် အမှုကို ဥပဒေနှင့် အညီ အဆုံးအဖြတ်ပေးရန်သာရှိပါကြောင်း။ မေးခွန်း(၄) အတွက် ဟန်ဆောင်အိမ်၊ မြေ အရောင်း အဝယ်စာချုပ်များနှင့် ပတ်သက်၍ တရားရုံးများက တစ်ပြေးညီလိုက်နာရမည့်စံများ ရှိပါကြောင်း၊ အောက်ပါ စီရင်ထုံးများတွင် တရားရုံးက လိုက်နာရမည့်စံများကို ဖော်ပြထားပါကြောင်း။(က) နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် သခင်ပေါ်ညွန့်အမှု၊ ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ၇၀၁ ၊ (ခ) ဦးပြူးပါ နှစ်ဦးနှင့် ဦးငွေထွန်းပါ ၂ မှု၊ ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၄၉ ၊ (ဂ) ဦးရွှေတင့်နှင့် ဦးအောင်တင့်အမှု၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၄၄ ၊ (ဃ) ဦးထွန်းချစ်နှင့် ဦးစိုးနိုင်(၎င်း၏ အခွင့်ရ ကိုယ်စားလှယ် ဒေါ်ဆယ်ရာထွန်း)အမှု၊ ၂၀၀၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၃၄၇။ မေးခွန်း(၅)အတွက် ဟန်ဆောင်အိမ်၊ မြေ အရောင်းအဝယ်စာချုပ်များနှင့် ပတ်သက်၍ အထက်အပိုဒ်တွင် ဖော်ပြခဲ့သည့်အတိုင်း လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ ပြည့်ပြည့်စုံစုံ ဖော်ပြထားသည့် စီရင်ထုံးများ ရှိပြီးဖြစ်သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ရန် မလိုအပ်သောကြောင့် ညွှန်ကြားထားမှုများ မရှိပါကြောင်း။ မေးခွန်း(၆) အတွက် ဟန်ဆောင်အိမ်၊ မြေ အရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှားမှုများတွင် ငွေချေးငှားသူသည် အမှုပုံစံ မှန်ကန်စွာဖြင့် တရားစွဲဆိုခြင်းမပြုပါက အမှုရှုံးမည်ဖြစ်၍ နစ်နာနိုင်ပါကြောင်း၊ ငွေချေးသူသည် ကာလ စည်းကမ်းသတ်အတွင်း မှန်ကန်သည့်အမှုပုံစံဖြင့် ပြန်လည်တရားစွဲဆိုပြီး ဥပဒေနှင့်အညီ သက်သေ ထင်ရှားပြနိုင်ပါက ၎င်း၏နစ်နာမှုကို ပြန်လည်ကုစားပေးနိုင်မည်ဖြစ်ပါကြောင်း။ မေးခွန်း(၇)အတွက် ကာလစည်းကမ်းသတ်ကာလကို ဥပဒေအရ ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ကုန်ဆုံးသွားသည့် ကာလကို တိုးမြှင့်လိုပါက ကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်ရမှာဖြစ်ပါကြောင်း၊ ယင်းအချက်နှင့် စပ်လျဉ်း၍ ကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်ရန် မရှိသေးပါကြောင်း ။ မေးခွန်း(၈) အတွက် ချေးငွေရလိုမှုအဖြစ် ပြန်လည်စွဲဆိုရာတွင် ဟန်ဆောင် အိမ်၊ မြေ အရောင်းအဝယ်စာချုပ်ကို အထောက်အထားအဖြစ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်သေခံအဖြစ် တင်ပြခွင့်ရှိပါကြောင်း ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

Credit To Pyithu Hluttaw

Related Articles: