Tuesday, July 9, 2013

DKBA ရိက္ခာသယ်ယူမှု နယ်ခြားစောင့် တပ်တားမြစ်၍ နှစ်ဖက်တင်းမာမှု ထပ်ဖြစ်ဟုဆို



ပြီးခဲ့သည့်လအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သော မြိုင်ကြီးငူဒေသတွင် DKBA က ရိက္ခာဆန် သယ်ယူမှုကို နယ်ခြားစောင့်တပ်ဖွဲ့က တားမြစ်ခဲ့ခြင်းကြောင့် နှစ်ဖက်တပ်အကြား တင်းမာမှု ထပ်မံဖြစ်ပွားလျက် ရှိကြောင်း (DKBA) အဖွဲ့၏ မြဝတီဆက်ဆံရေး ရုံးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က The Voice သို့ပြောကြားသည်။

“အစိုးရက ထောက်ပံ့တဲ့ ဆန်ကိုသယ်တာ နယ်ခြားစောင့်တပ်တွေက တားတယ်။ အရင်ပြဿနာ တက်တုန်းက ကျွန်တော်တို့ မှားခဲ့တယ်ဆိုရင် တောင်းပန်ဖို့ဝန်မလေးပါဘူး” ဟု၎င်းကဆက်လက် ပြောကြားသည်။

မြိုင်ကြီးငူဒေသတွင် DKBA နှင့် နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲများ နှစ်ရက်ဆက်တိုက် ဖြစ်ပွားထားသည်။

အဆိုပါ DKBA အဖွဲ့၏ ရိက္ခာဆန် သယ်ယူမှုကို တားမြစ်ခြင်းနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် အမှတ် (၁) မြိုင်ကြီးငူ အထူးဒေသသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့က မတားပါဘူး။ သူတို့ နဲ့တိုက်ပွဲဖြစ်တုန်းက ရွာတွေဘက်မှာ မိုင်းထောင်ထားတယ်။ အဲဒါကိုပြန်ဖော်ပေးပြီးမှ ရိက္ခာသယ်ယူခွင့် ပြုမယ်လို့ပဲ တောင်းဆိုတာ” ဟု အဆိုပါ နယ်ခြားစောင့်တပ်၏ တပ်နယ်မှူး ဗိုလ်မှူးစိုးနိုင်က ဆိုသည်။

အဆိုပါဒေသတွင်း မြေမြှုပ်မိုင်းများ ထောင်ထားခြင်းသည် DKBA တပ်ဖွဲ့တစ်ဖွဲ့တည်း ထောင်ထားခြင်း မဟုတ်သောကြောင့် အားလုံးဝိုင်းဝန်း ရှင်းရမည့်ကိစ္စသာ ဖြစ်ကြောင်း DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ရှင်းပြသည်။

အဆိုပါ တပ်ဖွဲ့နှစ်ဖွဲ့ကြား ယခုကဲ့သို့ ဆက်လက်တင်းမာနေမည် ဆိုပါက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း၊ ကရင်တပ်ဖွဲ့ချင်း ပြဿနာ မဖြစ်စေလိုကြောင်း မြိုင်ကြီးငူဒေသတွင် တပ်စွဲထားသည့် KNU/KNLA အဖွဲ့မှ ဗိုလ်မှူးတစ်ဦးက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျာ၊ ကရင်လူမျိုး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကရင် လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းရန် ကရင် လက်နက်ကိုင် တပ်ဖွဲ့များ ညီညွတ်ရေးအဖွဲ့ကို ဇူလိုင်လ ပထမပတ် အတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့ ခြောက်ဖွဲ့မှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

Credit To The Voice Weekly

Related Articles:

Post a Comment