Friday, July 12, 2013

မြေမြုပ်မိုင်းများကို ပြန်လည်ရှာဖွေဖော်ထုတ်ရာတွင် အခက်အခဲများရှိနေ


အစိုးရတပ်များနှင့် လူမျိုးစု လက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေစဉ် မြေမြုပ်မိုင်းများကို အသုံးပြုခဲ့သူများက ထိုမိုင်းများကို ပြန်လည်ဖော်ထုတ် ဖယ်ရှားရာတွင် အခက်အခဲရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ ဒီ ကေဘီအေ စစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး စောမိုးရှေးက ''မိုင်းထောင်တုန်းက ထောင်ခဲ့တာပဲ၊ ဟိုဘက်ကလည်း ထောင်တယ်၊ ထောင်တဲ့သူ ကျဆုံး ဒါမှမဟုတ် ကွယ်လွန်သွားတဲ့အခါ သူဘယ်နေရာမှာ ထောင်ခဲ့သလဲဆိုတာ မသိတော့ဘူး၊ ပြန်ဖော်ထုတ် ရှင်းလင်းဖို့ အခက်အခဲ တွေ့ရတယ်၊ နိုင်ငံတကာ အကူအညီနဲ့ နည်းပညာ အင်အားသုံးပြီး ပြန်လည်ရှာဖွေ ဖော်ထုတ်မှရမယ်'' ဟု ပြောသည်။ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းအတွင်းရှိ တစ်ချို့ဒေသများတွင် အဓိကအန္တရာယ် အဖြစ်ဆက်လက် တည်ရှိနေသော မြေမြုပ်မိုင်းများ ရှိနေသေးသည်။ လတ်တလော သတင်းအချက်အလက်များအရလည်း တိုင်းရင်းသား လူမျိုးစုများနှင့် ဖြစ်ပွားနေရသည်။ စစ်ပွဲများ၏ ရလဒ်အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်လျှက်ရှိသော နယ်စပ်များနှင့် မြန်မာနိုင်ငံ၏ အရှေ့ဖက်ခြမ်းဒေသများတွင် မိုင်း အများအပြား ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများ အတွင်းရှိ မြို့နယ် ၃၃ ပြည်နယ်တွင်လည်း မိုင်းများ ဖြန့်ကျက် တည်ရှိနေပြီး လူသတ်မိုင်း အန္တရာယ်ကို ပြည်သူများက အများဆုံးခံစား နေကြရသည်။ ထို့ပြင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့သည် မိုင်းအများဆုံး တည်ရှိသည့် ဒေသများအဖြစ် သံသယရှိနေကြပြီး မိုင်းဒဏ်ခံရသူဦးရေ အများဆုံး ရှိရာဒေသများလည်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မိုင်းပျံ့နှံ့တည်ရှိမှုပမာဏ အတိအကျအား ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သံသယရှိဖွယ် အန္တရာယ်များသည့် ဒေသများအဖြစ် ၂ဝဝ၉ ခုနှစ် အစောပိုင်း၌ သတ်မှတ်ထားကြောင်းနှင့် ၄င်း သတ်မှတ်ထားသည့် ဒေသများမှာ ကယားပြည်နယ်ရှိ မြို့နယ်များမှ (တော်ပခဲ၊ ဒီမောဆိုး၊ ဖားဆောင်း၊ ဖရူးဆိုး၊ လွိုင်ကော်၊ မူဆီး၊ ရှားဒေါ) တို့ဖြစ်ပြီး ကရင်ပြည်နယ်တွင် (လှိုင်းဘွဲ့၊ ဘားအံ့၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် သံတောင်)ကချင်ပြည်၌လည်း မိုးမောက်မြို့နယ်၊ မွန်ပြည်အတွင်းရှိ သံဖြူဇရပ်၊ သထုံနှင့် ပဲခူး တိုင်းအတွင်းရှိ ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်းတပင်မြို့နယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ မောင်းတောမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဆီဆိုင်၊ လဲခို၊ မိုင်းပန်၊ မောက်မိုင်၊ နမ့်ဆန်နှင့် တာချီလိတ်မြို့နယ်များ၊ တနင်္သာရီတိုင်းအတွင်း၌ ဘုတ်ပြင်း၊ ထားဝယ်၊ တနင်္သာရီ၊ သရက်ချောင်းနှင့် ရဲဘူးမြို့နယ်များဖြစ်ကြောင်း သိရသည်။ မိုင်းနှင့် စစ်ပွဲအတွင်းကျန်ရစ်ခဲ့သည့် ပေါက်ကွဲစေသည့် ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ အသက်ရှင် ကျန်ရစ်နေသူများ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ အရိုးကုသပေးခြင်းနှင့် ခြေတုလက်တု တပ်ဆင်ပေးခြင်းများကို ၂ဝဝ၉ ခုနှစ်မှစ၍ ထိုင်းနှင့် မြန်မာနယ်စပ်အနီး ပြန်လည် ပြုစုပျိုးထောင်ရေးဌာနများက ဆောင်ရွက်ပေးလျက်ရှိသည်။
Credit To The Light of Asia

Related Articles:

Post a Comment