Saturday, July 6, 2013

“မီးချေပု၊ ပတ်ကညော နှင့် လုံမလေး”


မြန်မာပြည်က လက်ရှိပညာရေးစံနစ်ဟာ တိုင်းရင်းသားတွေအတွက် တဖူနာပြီး တပန်းရှုံးပါတယ်။ သူတို့ခမျာ သင်ရိုးညွှန်းတမ်းထဲပါတဲ့ စာတွေသက်သက်တင် လေ့လာကျက်မှတ်ရတာ မဟုတ်ဘူး။ အိမ်မှာပြောနေကျမဟုတ်တဲ့ ဘာသာစကား အစိမ်းတစ်ခုကိုပါ တကူးတက သင်ယူနေရတဲ့အတွက် အချိန်လည်းဖင့်တယ်။ ဘာသာစကားအတားအဆီးကြောင့်မို့လို စိတ်ဝင်စားမှုနည်းပါးခဲ့ရင် တော်တဲ့ထက်တဲ့ လူငယ်ကလေးတွေပေမယ့် မြန်မာ့ပညာရေး နယ်ပယ်ထဲကနေ ထူးချွန်ပြီး ထွက်မလာနိုင်ဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ခြေလှမ်းတဲ့အခါ အင်္ဂလိပ်စာကို နောက်တဆင့်တက်ရပြန်တော့ ကလေးတွေခမျာ စကားပေါက်ဖို့ နားလည်ဖို့ ကြိုးစားနေရတာနဲ့တင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။ နဂိုကတည်းက အင်္ဂလိပ်စာ အခြေခံကောင်းအောင် သာသနာပြုများက လေ့ကျင့်သင်ကြားပေးထားတဲ့ ချင်းကလေးတွေ ကချင်ကလေးတွေဆို ဘယ်လောက်ဟန်ကျသလဲ။ တောင်ပေါ်ကလာပေမယ့် အမေရိကားလောက်မှာ ချက်ချင်းအထာကျသွားတာပဲ။ သူတို့လိုလူမျိုးအတွက် မြန်မာစာ မြန်မာစကားတွေ မဖြစ်မနေသင်နေရတာ အလကားပဲ။ ဘာလုပ်ဖို့လဲ။ နောက်ပြီးတော့ ကိုယ့်တိုင်းရင်းသား ဘာသာစကားကို မသင်ရပဲ တစ်နိုင်ငံလုံး မြန်မာစကားကိုချည့် လိုက်သင်နေရရင် အချိန်ကြာလာတော့ တိုင်းရင်းသားဘာသာစကားတွေ ပျောက်ကွယ်သွားမှာလည်း စိုးရတယ်လေ။ အခုကြည့်ပါလား။ ရခိုင်စာပေ၊ မွန်စာပေတို့ဆိုတာ နားလည်လိုက်စားနေတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့တုန်း။ အဲဒီတော့ အခွင့်အရေးချင်း ညီမျှသွားအောင် အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို စိတ်ကြိုက်ဘာသာ (Optional subject) အနေနဲ့ သင်ကြားပေးရရင် မကောင်းဘူးလား။ …. တဲ့။

         “ပြော ပြော ဖြေးဖြေးပြော။ နားနားပြီးပြော မောမယ်။” လို့သာ အားပေးချင်ပါတယ်။ အဲဒီစကား အဲဒီအတွေးတွေဟာ ကိုယ့်နားထဲမတော့ သွေးစည်းချစ်ကြည်စေတဲ့ စကားမျိုး မဟုတ်ပဲ အားငယ်တဲ့သူတွေကို အားပေးထောက်ကူသယောင်နဲ့ သွေးချင်းစိတ်ဝမ်းကွဲပြားစေတဲ့ သဘောတွေကို ပိုခံစားမိပါတယ်။ မဟုတ်မှန်တဲ့စကားလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အဆိပ်ခပ်တဲ့အခါ မုသားထဲမှာ အဆိပ်ခပ်တာထက် အမှန်တရားထဲကို အဆိပ်ခပ်လိုက်လို့ရှိရင် လူတော်တော်များများ မရှောင်နိုင်မတိမ်းနိုင် ဖြစ်သွားတတ်ကြတယ် မဟုတ်လား။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလာတဲ့ ပညာရှိစကားတွေမို့ ကိုယ်တို့နွားခြေရာခွက်ထဲက ဖားသူငယ်ကလေးတွေ ဘယ်လိုပဲ ဥာဏ်မီအောင် လိုက်တွေးတွေး ယုတ္တိယုတ္တာမှန် ဓမ္မဒိဋ္ဌာန်ကျနေတာပဲ။ ဒါပေသိ အညာသားများ ပင်လယ်စာတွေ မစားစဖူး အစားကြူးမိတဲ့အခါ၊ တောင်ပေါ်သားများ အညာထန်းရည် မသောက်စဖူး အသောက်ကြူးတဲ့အခါ သိပ်မကြာခင်မှာ လူကမျော့မျော့ပဲ ကျန်ခဲ့ကြတဲ့အဖြစ် ကြုံဖူးမယ် ထင်ပါတယ်။ သူများတွေ စားတာ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ကိုယ့်ရေမြေဒေသ ဓါတ်ခံချင်းက စကားပြောပါသေးတယ်။ ခုနေခါမှာ အနှစ်နှစ်အလလက အောင့်လုံးကျိတ်လုံးတွေ ပွင့်အံပေါက်ကွဲပြီး “တော်ပြီ။ နင်တို့နဲ့ငါ မပေါင်းနိုင်တော့ဘူး။” လို့ မုန်းတေးတစ်ခါ မကျော့ခင် ချစ်တေးတစ်ခါနှစ်ခါ သုံးခါလေးခါ အခါခါ ကျော့စေချင်သေးတာမို့ ခုနကလို အမှန်တရားစကားမျိုးကို နားခါးတာ အမှန်ပါပဲ။

         ကျောင်းထားကာစ အိမ်မှာပြောတဲ့ ဘာသာစကားနဲ့မတူလို့ ကျောင်းမှာ အသံမထွက်ပဲ ခေါင်းယမ်းခေါင်းခါနဲ့ ငြိမ်ဝပ်ဝပ် အငုံ့စိတ်နဲ့ ကလေးငယ်ကလေးတွေအဖြစ်ကို နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြရတဲ့ မြန်မာမိဘများရဲ့ ကလေးတွေ အကုန်ခံစားဖူးပါတယ်။ ကိုယ့်ရင်သွေးကလေးတွေ ပတ်ဝန်းကျင်အသစ်မှာ အဆင်မပြေမှာစိုးလို့ အိမ်ကမိဘကပဲ အင်္ဂလိပ်လိုပြောတတ်အောင်၊ ဌာနေဘာသာစကားလေးတွေ ကျွမ်းဝင်အောင် သင်ကြားအားပေးကြရတာပါပဲ။ ကြာတော့ သူတို့ကလေးတွေ မြန်မာပြည်ပြန်လာရင် မြန်မာစကားတောင် နားလည်တယ် ပြန်မပြောတတ်ဘူး ဆိုတဲ့ ဘ၀ကို ရောက်ကြတယ်။ သူတို့လေးတွေဘ၀မှာ ရွေးချယ်စရာ နှစ်လမ်းရှိပါတယ်။ တချိန်ကျ ပြန်လာမှာလား။ ဒါဆိုလည်း မြန်မာစာ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှုတွေကို တဖြေးဖြေးနဲ့ ရင်းနှီးကျွမ်းဝင်လာအောင်၊ စိမ်းမသွားအောင် လုပ်ပေးရမှာပေါ့။ နို့မို့ ကိုယ့်ဆီမှာ သူတို့ပျော်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဆီကိုယ့်ထဲ ဘာမှ မက်လောက်စရာ ချစ်စရာ မရှိတာလည်း ကိုယ့်ဘာသာ အသိဆုံးပဲ။ ဒီလိုမှ မဟုတ်လို့ ရောက်တဲ့အရပ် ဘယ်အရပ်မှာမဆို နိုင်ငံခြားသားအဖြစ် အသားကျ အဆင်ပြေအောင် နေနိုင်ဖို့အတွက်ကတော့ ကမ္ဘာသုံး အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်ဖို့ပဲရှိတယ်။

          တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ်တွေမှာသာ သည်မြေသည်ရေမှာ မွေးဖွားကြီးပြင်းခဲ့တော့ ဇာတိနွယ်အဖြစ် သံယောဇဉ် မပြတ်ရှိနေတာ။ သူတို့ဘက်မှာတော့ သူတို့ကြီးပြင်းနေထိုင်ခဲ့ရာ မဟုတ်ပဲ ကိုယ့်အဖေရဲ့ဇာတိဆိုတာထက် ဘာမှမပိုတဲ့ မြန်မာပြည်ကြီးကို တအောင့်မေ့မေ့ ဖြစ်နေစရာ ဘာအကြောင်းမှ မရှိဘူး။ သူအားပေးနေတဲ့ အာစင်နယ်လောက် မန်ယူလောက်တောင် စွဲစွဲလန်းလန်း ရှိလိမ့်မယ် မထင်။ သည်ကလေးလေးတွေမှာလည်း အကြောင်းကြောင်းကြောင့် မြန်မာပြည်ပညာရေးနဲ့များ အထက်တန်းထိရောက်အောင် သင်ကြားပေးခဲ့မယ်ဆိုရင် သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ မြန်မာစာကလည်း မိမွေဘမွေ အမှတ်တရလက်ဆောင်အဖြစ်တော့ ကျန်ရစ်နိုင်တာပဲ။ သူ့ဘိုးသူ့ဘွားများသင်တဲ့ ရခိုင်စာ၊ မွန်စာ၊ ရှမ်းစာ၊ ကချင်စာတွေလည်း အတူတူပေါ့။ ချောင်းရိုးမြောင်းရိုးသာ တိမ်ကောမှာ။ မျိုးရိုး မတိမ်ကောဘူးလေ။ မတတ်ကောင်းတာ ဘာမှ မရှိပါဘူး။ သင်သာသင်ပါ။ အကုန်အကျိုးရှိတယ်။

          အိန္ဒိယမှာဆို ကိုယ်တွေက ကုလားလို့ပဲ (နှိမ်တဲ့သဘော မပါပါ) သိမ်းကြုံးခေါ်ဝေါ်နေတဲ့ အင်ဒီးယန်းမျိုးနွယ်တွေဟာ ရာချီလို့ မတူကွဲပြားခြားနားစွာ ရှိကြလေတယ်။ နယ်တစ်နယ်နဲ့တစ်နယ် စာပေဘာသာစကားချင်းလည်း မတူဘူး။ နိုင်ငံကျော် စာရေးဆရာကြီးများမှာတောင် ဘင်္ဂါလီစာဆိုတော်ကြီး၊ ပန်ချာပီပညာရှိကြီး၊ တမီလ်ကဗျာဆရာကြီး စသည်ဖြင့်  ကိုယ့်ဘာသာစကားနဲ့ကိုယ် ကျော်ကြားကြတယ်။ အာသံဘက်ကိုရောက်ခဲ့တုန်းက သူတို့ဆီက ရုပ်ရှင်ရုံတွေမှာ ရုံတင်တဲ့ကားတွေဟာ ကိုယ်တို့ဆီမှာ မြင်ရတဲ့ ဘောလီးဝုဒ်စတားတွေ တစ်ယောက်မှ မပါဘူး။ အာစာမိစကားပြောတဲ့ အာသံနယ်ဖွား ကသည်းမင်းသား မင်းသမီးများ ဖြစ်ကြသတဲ့။ သူတို့ဟာသူတို့တော့ ၀က်ဝက်ကိုကွဲရော အားပေးတာ။ တူတူပဲ။ ကာလကတ္တားမှာ ဘင်္ဂါလီစကားပြော ရုပ်ရှင်ရုံတွေရှိတယ်။ သူတို့စတား သူတို့ပရိသတ်နဲ့သူတို့။ အမီတာဘချန်တို့ ရှာရွတ်ခန်းတို့ဆိုတာ နိုင်ငံခြားဈေးကွက်အတွက်သာ အိတ်စပို့ကွာလတီထုတ်ထားတာ။ ကိုယ့်ဆီမှာတော့ ကိုယ်နားလည်တဲ့စကားပြောတဲ့ ကိုယ်သိသော သရုပ်ဆောင်များကို ကြည့်ရတာသာ ထိထိမိမိရှိ၊ ငိုလို့ကောင်း လွမ်းလို့ကောင်း၊ သီချင်းလည်း လိုက်ဆိုလို့ကောင်းသတဲ့။ (လားရှိုးမှာ ကြည့်ခဲ့ဖူးတဲ့ ရှမ်းကားတွေလို နေမှာပေါ့ကွယ်။)

          ဟိုးအထက်ကပြောခဲ့တဲ့ ပညာရှိကြီးများကတော့ အိန္ဒိယရဲ့ ပညာရေးမူဟာ အတုယူစရာ ကောင်းပါသတဲ့။ ပြည်နယ်အသီးသီးက ကိုယ့်ဘာသာစကားနဲ့ကိုယ် သင်ကြားလာပြီး အထက်တန်းရောက်လာတာမို့လို့ မိခင်ဘာသာစကားကို အခက်အခဲမရှိ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာပြီး မိထွေးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုလည်း ပိုလို့ ဂရုတစိုက် သင်ကြားလေ့လာနိုင်ပါသတဲ့။ အဲဒါကြောင့် သူတို့ အိန္ဒိယနွယ်ဖွား ပညာတတ်တွေဟာ ကမ္ဘာကို ဘယ်လောက်လွှမ်းမိုးလာသလဲဆိုရင် အင်္ဂလန်က အလုပ်အကိုင် အခွင့်အလမ်းများတောင်မှ အင်္ဂလိပ်တွေ ပြိုင်မတိုးနိုင်လောက်အောင် ဖြစ်လာရပါသတဲ့။ သူများကောင်းကွက် အားသာချက်ဆိုတာ မြန်မာတွေလည်း အားကျ အတုယူဖို့ မသင့်ပါလား။ ဟုတ်တော့ ဟုတ်သားပါလေ။ ဒါပေသိ တစ်ခုတော့ လွဲနေသလိုပဲ။ မေးစမ်းပါရစီ။ အိန္ဒိယတစ်နိုင်ငံလုံး ဟင်ဒီဘာသာမှမတတ်ရင် ဘယ်ရုံးကိုသွား အလုပ်လုပ်လို့ရသလဲ။ ဘင်္ဂါလီစာဆိုတော်ကြီးလည်း မှတ်ပုံတင်ရင် ဟင်ဒီနဲ့ ရေးရမှာပဲ။ ဘယ်လောက်ပဲ ဘာသာစကား dialect တွေ ကွဲပြားနေပစေ၊ အိန္ဒိယတစ်နိုင်ငံလုံး ဟင်ဒီစကားပြောရင်တော့ နားလည်ရမယ် မဟုတ်ဘူးလား။ ဒီလိုဆိုရင် ကိုယ်တို့ မြန်မာပြည်ကျမှ မြန်မာစာဆိုတာကြီးက တိုင်းရင်းသားတွေအတွက် အပိုဆာဒါးကြီးလို့ တွေးဖို့ သင့်ပါ့မလား။

         မင်းကတော့ မြန်မာဆိုတော့ ကိုယ့်စကားကိုယ် ရုံးသုံးလုပ်ထားမှပဲ ပြောအားရှိသပေါ့လေ လို့ထင်ရင် မှားပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းရင်းသားတွေရှိတဲ့နေရာ လာရတဲ့အခါ ဒေသပြောစကား တတ်အောင်သင်ရတာပါပဲ။ နို့မို့ ဗူးလုံးနားမထွင်းနဲ့ အချိန်လည်းကုန်၊ အလုပ်လည်း မတွင်ဘူးလေ။ ခွဲစိတ်ဆရာဝန်အဖြစ်နဲ့ လောက်ကိုင်ကိုလာတဲ့အခါ ရောက်ကာစတော့ အလုပ်သမားတစ်ယောက်ယောက် အနားခေါ်ပြီး စကားပြန်နဲ့ ကြည့်ရပါတယ်။ တရုတ်စကားမတတ်ရင် ခေါက်ဆွဲတောင် ၀ယ်စားလို့မရဘူးဗျ။ အလုံးမှန်း အပြားမှန်း အရည်မှန်း အဖတ်မှန်း မကွဲလို့။ တရက်မှာ ကလေးလေးနှစ်ယောက် အပူလောင်ဒဏ်ရာနဲ့ ရောက်လာတော့ ထုံးစံအတိုင်း စာရွက်တစ်ရွက်နဲ့ လိုတဲ့ဆေးတွေ အ၀ယ်လွှတ်ပြီး ဘာဖြစ်လာတာလဲ။ ဘယ်အချိန်က ဖြစ်တာလဲ။ ဘယ်လိုဖြစ်ရတာလဲ။ ကိုယ်သိဖို့လိုအပ်သမျှကို စကားပြန်နဲ့ စကားကြောရှည်ရပါတယ်။ အဲ့ဒါသိမှ အရည်ဘယ်လောက်ထည့်ရမယ်။ ဆေးဘယ်လောက်ထည့်ရမယ် သိမှမို့ပါ။ ဒါပေမယ့် မီးလောင်လို့ ကြောက်အားလန့်အား ကလေးပွေ့ပြေးလာတဲ့ အမေလုပ်သူက ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား လုပ်နေတယ် ထင်လို့လား မသိပါဘူး။ စကားပြန်လုပ်ပေးတဲ့ ဆရာမက အားရပါးရ ချွန်တွန်းလုပ်ထည့်လိုက်ပါတယ်။ “ဆရာရေ။ ဒီမှာ ပြောနေပြီ။ ကုမှာဖြင့် မကုဘူး။ သိပ်စကားကြောရှည်တာပဲ။ မကုချင်လည်း တခြားဆေးခန်းပဲ ပြန်ခေါ်သွားတော့မယ်။” တဲ့။

           အချိန်က ညနေငါးနာရီပါ။ ပုံမှန်ဆိုရင် ဆေးခန်းသွားထိုင်တဲ့ အချိန်ရောက်နေပြီ။ ဒါပေမယ့် အဲ့ဒီရက်မှာ တစ်ဆေးရုံလုံး ကိုယ်ကလွဲလို့ ဆရာဝန်တစ်ယောက်မှ မရှိဘူး။ လူနာလာတဲ့အချိန်မှာ ကိုယ်ကလည်း OPD မှာ ငုတ်တုတ်။ ကလေးတွေ ကုတင်ပေါ်တင်ပြီး Burn Dressing လုပ်ဖို့ လိုတဲ့ဆေးတွေ သွားဝယ်ခိုင်းလိုက်တာ ပြန်တောင် မလာသေးဘူး။ သူ့ဘက်က ကိုယ့်ကို ဘာတစ်ခုမှ စောင့်ရတာ မရှိပဲ အစော်ကားခံလိုက်ရလို့ ဒေါသကထောင်းကနဲထွက်သွားပြီး လက်နဲ့တောင် ရွယ်မိတယ်။ “မကုချင် ပြန်ခေါ်သွားရတယ်။ အချိန်မရွေးပဲ” လို့ဆိုတော့ သူတို့လည်း ပြန်ခေါ်သွားပါတယ်။ ဆေးဝယ်တဲ့သူပြန်လာမှ သိရတာ ကလေးအမေက ကိုးကန့်အကြီးအကဲရဲ့ သမီးပါတဲ့။ ဒါပေမယ့် ကိုယ့်ဘက်က လူကြီးမှန်းသိလို့ ကြောက်အားလန့်အား ခြေသလုံးပြန်မဖက်နိုင်ပါဘူး။ “ဘယ်သူပဲဖြစ်ဖြစ် သူက ကုချင်တဲ့ ဆန္ဒမရှိရင် ကုမပေးနိုင်ပါဘူး။ ကုချင်တယ်ဆိုရင်တော့ အဆင်သင့်ပါပဲ။” လို့ ပြောလိုက်ပါတယ်။ ကွဲသွားတဲ့ ဖန်ခွက်ဆိုတာ ပြန်ဆက်လို့ မကောင်းပါဘူး။ လောက်ကိုင်မှာ တရုတ်ဆေးခန်းဆေးရုံတွေ ပေါလွန်းလို့။ သူတို့ဘက်ကလည်း ကိုယ်ကုမပေးချင်လို့ ရစ်နေတယ် ထင်ချင်ထင်မှာပေါ့။

          သူများရပ်ရွာဆိုတာ ကိုယ်ကလည်း တစ်ရက်နှစ်ရက် သွားလည်တာမျိုး မဟုတ်သလို၊ သူတို့ကလည်း အဲသည်မှာ အခြေချနေထိုင်ကြတာဆိုတော့ ရေစက်က လွယ်လွယ်နဲ့ ပြတ်မသွားပါဘူး။ အနေကြာလာလို့ သူ့အကြောင်း ကိုယ့်အကြောင်း ရေရေလည်လည် အကဲခတ်မိကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သဘောထားအမှန်ကို နားလည်လာပြီး အဲသည်အိမ်နဲ့လည်း ၀င်ထွက်မပြတ် ခင်မင်ဆေးကုဖြစ်လာပါတယ်။ မကုလို့လည်း မဖြစ်ဘူးလေ။ အဲဒီနယ်မှာ ဆရာဝန်ဆိုလို့ ကိုယ်ပဲရှိတာ။ အထူးကုလည်းကိုယ်ပဲ၊ ရိုးရိုးကုလည်းကိုယ်ပဲ။ သမားတော်၊ မေ့ဆေး၊ ကလေးမွေးပါမကျန်ရဘူး။ လူမရှိသရွေ့ တမိုးလုံးဖျောက်ဆိပ်လုပ်ရတာ။ ကိုယ်နဲ့မှ မကုချင် တရုတ်ပြည်ထွက်၊ မန်းလေး လားရှိုးဆင်းဖို့ပဲ ရှိတယ်။ ကိုယ့်ဘက်ကလည်း သူတို့ဒေသမှာနေရင် သူတို့နဲ့ အဆင်ပြေအောင် ဆက်ဆံဖို့ တာဝန်ရှိတာပေါ့။ ဘယ်တုန်းကသေခဲ့မှန်းမသိတဲ့ မြို့တော်ရင် ရွာတော်ရင်တွေတောင် ပသနေရသေးတာ။ အရှင်လတ်လတ် ငုတ်တုတ်ကြီးသေနတ်ကိုင်ထားတဲ့ သူတွေနဲ့ တစောင်းစေးနဲ့ မျက်ချေးဖြစ်လို့ မရပါဘူး။ ဒီလိုနဲ့ ငြိမ်းချမ်းရေးရလို့ ခင်ခင်မင်မင် ဖြစ်သွားတဲ့အခါ အဲဒီတုန်းက အဲဒီစကား သူတို့ မပြောခဲ့ပါဘူးတဲ့။ နားလည်မှုလွဲမှားသွားတဲ့ အကြောင်းတစ်ခုပါ လို့ပဲဆိုတယ်။ ကိစ္စမရှိပါဘူး။ ခုချိန်မှာတော့ ကိုယ်လည်းပဲ စကားပြန်လွတ် ရေပက်မ၀င် ပြောနိုင်နေမှပဲ ကြားလေသွေးလို့ မရနိုင်တော့ဘူး။

            ကိုယ့်အဖို့ကတော့ ဘယ်နေရာရောက်ရောက် ဒေသဘာသာစကားက မဖြစ်မနေ လေ့လာယူရတဲ့ အထောက်အကူတစ်ခုပါ။ ဘူတန်ရောက်တော့လည်း ဘူတန်စကားသင်ရတယ်။ အမ်းရောက်တော့လည်း အမ်းစကားပေါ့။ ရခိုင်ဆရာမလေးတွေက “နောက်ပိုးယောင် ရှက်ယောင်သဘောထား။ လဗျိုဂျီးကျန်မယ်ကား။” လို့ ဆိုလာရင် “ခိုး ခိုး ခိုး ရအောင်ခိုးမေ။ ခိုးရာလိုက်ရေးလား။” လို့ ပြန်အော်နိုင်မှ ပိုပြီး ခင်ခင်မင်မင် ပျော်ပျော်ပါးပါး ဖြစ်လာမှာပေါ့။ ကိုယ်လိုပဲ တိုင်းရင်းသားတွေရှိရာမှာ တာဝန်ကျတဲ့ မြန်မာဝန်ထမ်းတွေအားလုံး ဌာနေတိုင်းရင်းသားစကားကို အနည်းနဲ့အများ ရင်းနှီးကျွမ်းဝင်ကြရတာပါပဲ။ အမ်းမှာတုန်းက ဟိုဘက်အိမ်မှာနေတဲ့ မေ့ဆေးဆရာသားလေးဆို မူကြိုတက်ရင် မြန်မာစကားကို အမ်းလိုပဲ ပြောတတ်တော့တယ်။ သူ့အမေက “သားလေး ထမင်းစားတော့မလား။” လို့ မေးရင် “စားတာပြီ။” တဲ့။ လက်ဘက်ရည်ဆိုင်ထိုင်လို့ “ညီပုချေ သောက်ဖို့သေးလား။” လို့ မေးရင် “သောက်ဖို့ပြီ။” တဲ့။

          တကယ်တော့ ဘာသာစကားကို ပညာရပ်အနေနဲ့ မသင်ပဲ နေ့စဉ်လက်သုံးစကားအဖြစ်နဲ့သင်ရင် ပျော်စရာလည်းကောင်းတယ်။ အတတ်လည်း မြန်တယ်။ ရောနှောအကျွမ်းတ၀င် နေထိုင်ခြင်း (Integration) လို့ခေါ်တယ်။ အဲဒါမပါရင် မေ့လွယ်ပျောက်လွယ်တယ်။ သင်ရိုးညွှန်းတမ်းထဲမှာ မဖြစ်မနေထည့်သွင်းပြီး သင်ခိုင်းမယ့်အစား ပြောရင်းဆိုရင်း နေ့စဉ်သင်ကြားပေးသွားသင့်တာပေါ့။ အိမ်ကျတော့ အိမ်စကားပြော၊ ကျောင်းကျတော့ ကျောင်းစကားပြော၊ မတတ်ဘူးဆိုတာ ဘယ်ရှိလိမ့်မလဲ။ ရခိုင်စကားသင်ကာစမှာ သူတို့ ရခိုင်သီချင်းတွေ လိုက်လိုက်ဆိုရာက ကိုယ်တို့ မြန်မာသီချင်းကို သူတို့ ရခိုင်သံနဲ့ဆိုတဲ့အခါ ရခိုင်တွေက ရယ်တယ်။ “ပန်လယ်ဟာ ကိုယ်ဘာ အမှောင်ဒွီ မလာဂန်၊ ရန်ခုန်စွာနန့် မျှော်လန့်မိကေ။”  လို့ ဆိုပြတော့ မိုက်ခွက်လုပြီး “အဲ့လို မဆိုပါဘူး ဆရာရယ်။ ဒီမှာကြည့် ဆိုပြမယ်။” ဆိုပြီး ဆွဲသွားလိုက်တာ ၀ိုင်ဝိုင်းရှုံးတယ်။ စောနတုန်းက ရခိုင်သံတွေ ဘယ်ပျောက်သွားမှန်းတောင် မသိဘူး။ သူတို့လည်း မြန်မာလို မတတ်တော့ မရှိပါဘူးလေ။ မွှတ်နေအောင် တတ်သပ။ ကိုယ့်ရပ်ကိုယ့်ရွာမျာတော့ ပြောရတာ အာမထိ လျှာမထိ အရသာမရှိလို့ မပြောကြတာပါ။ ပတ်ကညောပဲ ဖြစ်ဖြစ်၊ မီးချေပုပဲ ဖြစ်ဖြစ်၊ ရှောင်ကွန်းညာလေးတွေပဲ ဖြစ်ဖြစ် လုံမလေးမှန်ရင်တော့ လှပြီးသား၊ ချစ်စရာကောင်းပြီးသားပါလေ။ နှုတ်ဖျားကလာတဲ့ ဘာသာစကားတွေထက် နှလုံးသားက အရင်းခံတဲ့ မေတ္တာသည်သာ အဓိကပါ။ နော့။
Credit To ဆရာစိုးမင်း

Related Articles:

Post a Comment