Wednesday, June 19, 2013

မန်နေဂျာကောင်းတစ်ယောက် ပြောင်းလဲ ရွေ့လျားနေသော ပညာစီမံခန့်ခွဲမှုနှင့် မျက်မှောက်ခေတ် သင်ယူလေ့ကျင့်ရေး သဘောတရား



၁။ ခေတ်သစ် စီမံခန့်ခွဲမှု ပညာတွင် တာဝန်ခံမှု (Accountability)သည် မိမိ တာဝန်ထမ်းရာ အဖွဲ့အစည်းဘောင်ကို ကျော်လွန်ပြီး လူအဖွဲ့အစည်း တစ်ရပ်လုံးနှင့် ဆက်စပ်လာသည့် အနေအထား လူမှုအဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့်  လူမှုဆောင်တာ (Social Function) သဘောသို့ ကူးပြောင်းလာသည့် ယနေ့ခေတ်ကာလ အခြေအနေတွင် ခေတ်သစ် မန်နေဂျာတစ်ဦး အနေဖြင့် အောက်ပါတာဝန် ၅ ရပ်ကို နေ့စဉ်နှင့်အမျှ ထမ်းဆောင်နေရပါသည်။

(က) မိမိကိုယ်ကို စီမံခန့်ခွဲရေး “Think as men of action, act as men of Thought” လက်တွေ့သမားကဲ့သို့ စဉ်းစား၍ တွေးခေါ်ရှင်ကဲ့သို့ လုပ်ဆောင်ပါ။
(ခ) မိမိဌာန အဖွဲ့အစည်းကို စီမံခန့်ခွဲရေး (Organization Management)
(ဂ) မိမိနှင့် ဆက်စပ်နေသည့် ဌာန အခြေအနေ အရပ်ရပ်ကို စီမံခန့်ခွဲရေး (Context Management)
(ဃ) မိမိ၏ လူမှုဆက်ဆံရေးကို စီမံခန့်ခွဲရေး (Social Relationship  Management)
(င) အပြောင်းအလဲ အရပ်ရပ်ကို စီမံခန့်ခွဲရေး (Change Management)
၂။ အဆိုပါ တာဝန် ၅ ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် အောက်ပါ စိတ်အကျင့် အာရုံ ၅ ရပ် (Five Addiction) ထားရှိရန်လည်း မလွဲမသွေ လိုအပ်လာပါသည်။ အနှစ်ချုပ် ဆိုရပါမူ တာဝန် (၅)ရပ် ချောမော အောင်မြင်စွာ ပြီးမြောက်စေရန် အဆိုပါ စိတ်အကျင့် (၅)မျိုးကို လိုအပ်သလို ထုတ်ယူ အသုံးပြုတတ်သည့် မန်နေဂျာကောင်း တစ်ဦး ဖြစ်စေရန် အရေးကြီး လှပါသည်။

(က) မိမိကိုယ်ကို စီမံ ခန့်ခွဲနိုင်ရန် ပြန်လည် တွေးတောတတ်သည့် ဆင်ခြင်တတ်သည့် စိတ်အကျင့်(Reflective Mindset) လိုအပ်သည်။
(ခ) မိမိ အဖွဲ့အစည်းကို စီမံ ခန့်ခွဲနိုင်ရန် ခွဲခြမ်း စိတ်ဖြာတတ်သည့် စိတ်အကျင့် (Analytic Mindset) လိုအပ်သည်။
(ဂ) ဆက်စပ် အခြေအနေ အရပ်ရပ်ကို စီမံ ခန့်ခွဲနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ် စဉ်းစားတတ်သော စိတ်အကျင့်(Worldly Mindset) လိုအပ်သည်။
(ဃ) ယနေ့ Globalization ခေတ်ကာလတွင် အလွန် အရေးပါလာသည့် လူမှု ဆက်ဆံရေးပိုင်းကို စီမံ ခန့်ခွဲနိုင်ရန် ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်အကျင့် (Colaborative Mindset)လည်း လိုအပ်ပါသည်။
(င) အပြောင်းအလဲကို စီမံခန့်ခွဲနိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက်တတ်သည့် စိတ်အကျင့် (Pragmatic Mindset)လည်း ရှိရပါမည်။


၃။ အဆိုပါ တာဝန် (၅)ရပ်ကို ထမ်းဆောင်နိုင်မည့် စိတ်အကျင့် (၅)မျိုးကို ဖွံ့ဖြိုးလာစေရန် လေ့ကျင့် လုပ်ဆောင်ရာတွင် မန်နေဂျာ တစ်ဦးချင်း အနေဖြင့် အောက်ပါကဏ္ဍ ၃ ရပ်ကို မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

(က) အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ခြင်း (Qualification)
(ခ) အတွေ့အကြုံကို ဆန်းစစ် အသုံးချနိုင်ခြင်း (Experience)
(ဂ) ဆက်ဆံနိုင်မှု စွမ်းရည်ကို မြှင့်တင်ခြင်း(Communication)
၎။ ကုန်ထုတ်လုပ်မှု မြင့်မား တိုးတက်ရေးအတွက် အဓိကကျသည့် ထုတ်လုပ်ရေး သွင်းအားများ အဖြစ် ယခင်က လုပ်သား(Labour or man)၊ အရင်းအနှီး (Capital)၊ သယံဇာတ သွင်းအားစု (Resource)ဟူ၍ Factor သုံးရပ်သာ ရှိခဲ့ရာမှ ယခုခေတ် အခြေအနေတွင် စတုတ္ထဖက်တာ ဟူသော ပညာ (Knowledge)တစ်ရပ် ပေါ်ထွန်းလာသည့် အပြင် မတူညီသော သမိုင်းခေတ် ကာလများ အလိုက် လူ့အဖွဲ့အစည်း တစ်ရပ်၏ ဖြစ်ပေါ် တိုးတက်မှုကို စေ့ဆော်ပေးသော အဓိက တွန်းအား (Motive Force)မှာလည်း ၁၈ ရာစုနှစ်တွင် မြေယာ(Farms)၊ ၁၉ ရာစုနှစ်တွင် ကုန်သွယ်စီးပွားရေး (Economy/Capital)၊ ၂၀ ရာစုတွင် ပါဝါကို တပ်မက်မှု (Attach to Power)ဟူ၍ ရှိခဲ့ရာမှ ယခုရာစုနှစ် ဖြစ်သည့် အရင်းလွန်ခေတ် (Post Capitalist Era) သို့တည်းမဟုတ် ပညာခေတ် (Knowledge Age)တွင်မူ အဓိက တွန်းအားမှာ “ပညာရေး” ဟူ၍ ပညာရှင် အများစုက သတ်မှတ် ဖေါ်ထုတ်လာကြသည်။

ပညာရေးဟူ၍ ဆိုရာ၌လည်း ယခင် သမိုင်းစဉ် တလျောက် အခြေကျလာသည့် အစဉ်အလာ ပညာရေး (Traditional Education) မျိုး မဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့လာသင်ယူ အသုံးချနိုင်ပြီး ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ ဒိုင်းနမစ်တွန်းအား ဖြစ်သည့် “စွန့်ဦးတီထွင် လုပ်ငန်းရှင်” များကို မွေးထုတ်ပေးနိုင်သော (Entrepreneurial Education)မျိုးကို ဆိုလိုလာကြသည်။ လုပ်ငန်းခွင်ရှိ သက်လတ်ပိုင်းအရွယ် စီမံခန့်ခွဲသူများကို လုပ်ငန်းခွင်မပျက် သင်ကြားပို့ချမှုမျိုး အပါအဝင် ဖြစ်ပေသည်။



၅။ သို့ဖြစ်၍ မန်နေဂျာများ အနေဖြင့် (Qualification) အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ရေးအတွက် သင်ယူ လေ့ကျင့်ရေး လုပ်ငန်းရပ်များကို လုပ်ဆောင်ရာတွင် အောက်ပါ အချက်အလက်များကို ဂရုပြု လေ့ကျင့် ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။
(က) စဉ်ဆက်မပြတ် လေ့လာသင်ယူသည့် ပညာရေး (Continual Learning) အစဉ်အလာ ပညာရေးတွင် အသက်အရွယ်နှင့် ပိုင်းခြား သတ်မှတ်လျက် ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ စသည့်ဖြင့် တစ်သက်တာ ဘဝခရီးကို တကြိမ်တစ်ခါ ရှာဖွေပြီးသည့် ပညာမျှဖြင့် လျှောက်လှမ်းခဲ့ကြသည်မှာ ယခုအခါတွင် မလုံလောက်တော့ပါ၊ နည်းပညာ နယ်ပယ်တွင် ယနေ့ တွေ့ရှိချက်သည် မနက်ဖြန် ထပ်မံ ဖေါ်ထုတ်ချက်များ၏ လွှမ်းမိုးမှုကြောင့် မှားယွင်းလာနိုင်သည့် အတွက် “အမှန်တရား၏ သက်တမ်းသည် လွန်စွာ တိုတောင်းလာသည်” ဟူ၍ ဆိုရတော့မည် ဖြစ်ပါသည်။
သို့ဖြစ်၍ အသက်အရွယ်မရွေး လေ့လာသင်ယူဖို့ လိုအပ်သော စဉ်ဆက်မပြတ် ပညာရေးဖြစ်ရန် လိုအပ်လာပါသည်။ ပညာလုပ်သား အပေါ် အဓိက မှီခို ဖွံ့ဖြိုးလာသည့် ယနေ့ ပညာ လူ့အဖွဲ့အစည်းတွင် ပညာမှာ ငွေကြေးထက်ပို၍ သက်သာလွယ်ကူစွာ ခရီး နှင်နိုင်စွမ်းရှိ၍ ပညာ၏ သက်ရောက်မှုခွင်မှာ နယ်စည်းမခြားသည့် လက္ခဏာ (Boderiessness) သဘောကို ဆောင်ယူလာပါသည်။ လူတိုင်း ပညာသင်ကြားနိုင်မည့် အခွင့်အရေး များပြားလာသည့်နှင့် အမျှ မည်သူမဆို ဆန္ဒရှိလျှင် ပညာနှင့် နီးနိုင်သည့် အတွက် ပညာမှာ အကန့်အသတ်မရှိ စဉ်ဆက်မပြတ် မြင့်မားနေသည့် အမြင့်တက် လှုပ်ရှားနိုင်စွမ်း (Upward mobility)ရှိလာပြီး လျင်မြန်စွာ ပြောင်းလဲ ဖွံ့ဖြိုးနေသည့် Rapid Changes age တွင် ပညာရယူရန် အချိန်နှင့် ငွေကြေးသည် လွန်စွာ အရေးပါလာသည်ကို တွေ့ရပေမည်။
ပညာ လူ့အဖွဲ့အစည်းတွင် ကုန်ထုတ် အရင်းအနှီးသည် ပညာဖြစ်လာ၍ မည်သူမဆို ကုန်ထုတ် အရင်းအနှီး ပိုင်ဆိုင်နိုင်ခွင့် ရှိလာသော်လည်း လူတိုင်း မအောင်မြင်နိုင်သည့် အတွက် ဆုံးရှုံးနိုင်မည့် အလားအလာနှင့် အောင်မြင်နိုင်မည့် အလားအလာ အပြိုင်ရှိနေပြီး အဖွဲ့အစည်း တစ်ခုချင်း၊ လူတစ်ဦးချင်း အတွက် ပြိုင်ဆိုင်မှု အလွန်များပြား ပြင်းထန်လာသည်ကို သတိပြု၍ မိမိ အနေဖြင့် မကျန်ရစ်ခဲ့စေရန် မန်နေဂျာများ အနေဖြင့် အစဉ်မပြတ် လေ့လာသင်ယူ နေအပ်ပေသည်။
(ခ) ပညာရေးသည် အုတ်မြစ်မဟုတ် လေယာဉ်ကွင်းသဖွယ်ဖြစ်သည် (Education is not Foundation just Launching Pad) အစဉ်အလာ ပညာရေး အယူအဆအရ ယခင်က ပထမအရွယ် သင်ယူ လေ့လာရသော ပညာရေးမှာ ဘဝ တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ဖြစ်ပြီး ၎င်းအပေါ်တွင် မိမိရွေးချယ်ရာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖြင့် ဘဝကို မြင့်သည်ထက် မြင့်မားစေရန် တစ်ဆင့်ချင်း တည်ဆောက်ခဲ့ကြသည်။
ယခု အပြောင်းအလဲလွန်စွာ မြန်ဆန်သည့် မျက်မှောက်ခေတ်တွင် အဆိုပါ သဘောမှာ ဆီလျော်မှု မရှိတော့ဘဲ အပြောင်းအလဲ အရပ်ရပ်ကို စီမံခန့်ခွဲနိုင်ရန် မူလပညာဖြင့် မလုံလောက်တော့သည့် အတွက် ပညာရေးကို အချိန်မရွေး ပျံတက်နိုင်သော လေယာဉ်ကွင်းသဖွယ် ဘဝ လေယာဉ်အတွက် ပျံတက်မှု အရှိန်အဟုန်ကို အဟန့်အတား ဖြစ်စေသော အခုအခံများ မရှိစေသော အတားအဆီး ကင်းရှင်းသော လေ့လာရေးစိတ် အခံဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သင်ယူနိုင်ရေးကို သတိမူ ဆောင်ရွက်အပ် ပေသည်။
(ဂ) တစ်ခုမကသော ဘဝခရီး (Alternative Career Path) အစဉ်အလာ ပညာရေးအရ ပထမ အရွယ် ငယ်စဉ်ဘဝကပင် အတိအကျ သတ်မှတ် ပြဌာန်းပြီးသည့် ရည်မှန်းချက်တစ်ရပ်၊ ဘဝလမ်းညွှန် မြေပုံ (Road map of Life)ဖြင့် အစဉ်တစိုက် ဘဝကို စိုက်လိုက်မတ်တတ် လျှောက်လှမ်းခဲ့ကြရာမှ မရေရာ မသေချာမှု၊ အပြောင်းအလဲ မြန်မှု၊ မတည်ငြိမ်မှုများနှင့် မကင်းနိုင်တော့သည့် မျက်မှောက် လူ့ဘဝတွင် တစ်ခုတည်းသော သတ်မှတ် ပြဌာန်းချက် Road map မှာ ဘဝကို အထောက်အကူ မပြုရုံမျှမက ချောင်ပိတ် မိစေနိုင်သည့် အတွက် ဖြစ်တန်ရာများကို မှန်းဆပြီး တစ်ခုမကသော ဘဝခရီး ကို အာရုံပြု နှလုံးသွင်းလျက် လမ်းညွှန်မြေပုံ အမျိုးမျိုးကို ပြုစုထားနိုင်ရန် မည်သည့် ဘာသာရပ်ကိုမဆို သိရှိဆက်စပ် စဉ်းစားနိုင်စွမ်း ရှိလာရန် အရေးကြီးလာသည်။ စူးစိုက် ထက်သန်မှု (Concentration) ထက် ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း (Flexibility)က ပိုမို အရေးပါလာသည်ကို သတိမူရပေမည်။
(ဃ) အထူးပြု လိုက်စားမှုကို ကျော်လွန်၍ (Beyond Specialization) အစဉ်အလာ ပညာရေးတွင် မိမိရွေးချယ်ရာ ဘာသာရပ် တစ်ခုကို အထူးပြု လေ့လာသင်ယူရေး (Specialization)မှာ ဘဝအောင်မြင်ရေး သော့ချက် ဖြစ်ခဲ့သော်လည်း ပညာရပ်တစ်ခုနှင့် တစ်ခုအကြား စည်းသတ် ခွဲခြား၍ မရတော့သော မျက်မှောက်ခေတ် အတွက်မူ ဆီလျော်မှု မရှိနိုင်တော့ပါ။ Information Technology (IT)၏ စွမ်းပကားနှင့် သက်ရောက်မှုသည် အရေးအကြီးဆုံးနှင့် အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာပြီး အိုင်တီ၏ အရှိန်အဟုန် (Speed)နှင့် ပညာကို သယ်ဆောင်ပေးပြီး ကမ္ဘာအနှံ့ ပြန့်နှံ့ လာနိုင်သဖြင့် အင်တာနက် စွမ်းရည်ကို အသုံးချလာနိုင်သည့် အတွက် စပါယ်ရှယ် လိုက်ဇေးရှင်းကို လွန်၍ ဘာသာရပ် တစ်ခုနှင့် တစ်ခုအကြား ဆက်ထုံးများကို ဆုပ်ကိုင်မိရန်၊ ပညာအရှိန်ကို အမှီလိုက်ယူ ဆုပ်ကိုင်နိုင်ရန် ဆက်စပ် စဉ်းစားနိုင်စွမ်းကို အလေးကဲထားသည့် လစ်ဘရယ် ပညာရေး (Liberal Education) သဘောနှင့် အညီ လေ့လာ သင်ယူနိုင်စွမ်း ရှိရန် လိုအပ်လာပါသည်။
ထို့အပြင် ပညာနှင့် ကျွမ်းကျင်မှုတို့၏ ကွဲပြား ခြားနားသည့် သဘောကိုလည်း သတိမူမိရန် လိုအပ်ပါသည်။ ပညာ၏ သဘောမှာ အရှိန်အဟုန် ကြီးစွာဖြင့် အလျင်အမြန် တိုးတက်ပြောင်းလဲနေသည့် သဘောရှိပြီး ကျွမ်းကျင်မှု၏ သဘောမှာ နှစ်ကာလများ အတွင်း ဖြည်းဖြည်းနှေးနှေးသာ ပြောင်းလဲသည့် သဘော ရှိပါသည်။ ပညာကို သီးခြား သင်ကြားမှု အစီအမံများဖြင့် သင်ယူရပြီး ကျွမ်းကျင်မှုကို လုပ်ငန်းခွင် အတွင်း၌ပင် ပူးတွဲ ဆောင်ရွက်နိုင်သည် ဖြစ်ပါသည်။ ယနေ့ ခေတ်ကာလတွင် ပညာသစ်များ အဆက်မပြတ် ပေါ်ထွန်းလာသည် ဖြစ်ရာ အစဉ်အလာနှင့် မတူသော ပညာသင်ကြားရေး ပုံစံများဖြင့် စဉ်ဆက်မပြတ် ပညာ သင်ကြားရေးသည် အထူး အရေးပါလာကြောင်း သုံးသပ် ဖော်ပြအပ်ပါသည်။
၆။ မန်နေဂျာများ အနေဖြင့် အတွေ့အကြုံ (Experience)ကို ပြန်လည် အသုံးချနိုင်ရေးနှင့် စပ်လျဉ်း၍ အစဉ်အလာ ပညာရေးတွင် အဓိက ရည်မှန်းချက်မှာ အတိတ်မှ အတွေ့အကြုံများကို မှတ်သား ခံယူနိုင်စွမ်းပင် ဖြစ်သဖြင့် အတွေ့အကြုံ များလေ အောင်မြင်မှု အတွက် အာမခံချက်ရှိလေ ဟူ၍ ယခင်က မှတ်ယူ လုပ်ကိုင်ခဲ့ကြပေသည်။ မျဉ်းတန်းသဘော (Linear)ကို ဖောက်ထွက်လာသော ယနေ့ မျက်မှောက်ခေတ်တွင် လူထု မီဒီယာ၏ ကျယ်ပြန့် စူးရှမှု၊ တကမ္ဘာလုံး ချိတ်ဆက်နိုင်သည့် ခေတ်မှီ ဆက်သွယ်ရေး ကွန်ယက်စနစ်၊ အင်ဖော်မေးရှင်းနှင့် ဆက်သွယ်ရေး တက္ကနိုလိုဂျီများ ဆန်းသစ်လာမှုနှင့် ပညာဟူသော ကုန်ထုတ် အရင်းအနှီး အပါအဝင် အရာရာသည် ရောင်းကုန်များ ဖြစ်လာမှု (Commodification) တို့ကြောင့် အတွေ့အကြုံတိုင်းသည် မျက်မှောက်ခေတ်နှင့် အဟပ်မညီနိုင် ကိုယ်စား မပြုနိုင်တော့ပါ။ အတွေ့အကြုံ သက်သက်မှာ လမ်းညွှန် မဖြစ်နိုင်တော့သည် သာမက တရားသေ အခုအခံပင် ဖြစ်သွားနိုင်ပါသည်။
သို့အတွက် ယခင်သိရှိပြီး လေ့လာတွေ့ရှိချက်များ မှတ်သား ခံယူချက်များကိုပင်လျင် အသစ်တဖန် ပြန်လည် ချဉ်းကပ်၍ လေ့လာရန် ဆန့်ကျင်ဘက်မှပင် ချဉ်းကပ်၍ Relearning ပြုလုပ်ရန်၊ New Focus on Information and Knowledge ပြုလုပ်ရန် လက်တွေ့နှင့် မပြတ် ဆန်တုတ်တိုက်တတ်ရန် အရေးကြီးလာသည်။ Antilearning သဘောပြောရလျင် အစဉ်အလာ သင်ယူမှုထက် ပဋိပညာရေး သဘောက ပို၍ အချက်အခြာ ကျလာသည်။ လူမှုသိပ္ပံ ပညာအရ ပြောရလျင် ကမ္ဘာကြီး၏ အပိုင်းအခြား အသီးသီး၌ စုပေါင်းထားခြင်း (Totalizing)ထက် စိတ်ဖြာခွဲခြမ်းမှု (Fragmentation)က ပို၍ ဖြစ်ထွန်းလာသည်။ ပေါင်းကြည့်မည့်အစား ခွဲခြမ်းစိတ်ဖြာ ကြည့်လာကြသည်။ ပေါင်းစုထားသော အရာတို့ထက် စိတ်ဖြာထားသော အရာတို့က ပိုမို အရေးပါလာသည်။ Specialization, Centralization ထက် Flexibility, Liberal တို့က ပို၍ အခရာ ကျလာသည်။
ယဉ်ကျေးမှု မျိုးစုံ၊ နိုင်ငံမျိုးစုံကို အခြေခံ၍ တစ်နိုင်ငံတည်းကို ဗဟိုပြုနေရာ၊ ဗဟိုပြုစနစ် မရှိတော့သည့် ဗဟိုမဲ့ ကမ္ဘာစနစ် ပေါ်ထွန်းလာပြီး ဤစနစ်သစ်ကို ယခင်ကကဲ့သို့ အင်အားချိန်ခွင်လျှာမျှရေး (Balance of Power) ခေတ်ဟောင်း နည်းဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ယဉ်ကျေးမှုခြင်း နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အဆင့်မြင့် လူ့ယဉ်ကျေးမှု (High Civilization ) ကို ထူထောင်ရန် ရည်ရွယ် လုပ်ဆောင် လာကြပေသည်။ လုပ်ငန်း အဖွဲ့အစည်းများ ကုမ္ပဏီများ အနေဖြင့် Productivity, Profitability သာမက Social Responsibility ကိုပါ ထမ်းရွက်လာကြပြီး အင်အားနိုင်ငံရေး (Power Politics) ကို အခြေခံမည့် အစား စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကို အခြေခံသောကမ္ဘာသစ် ပေါ်ထွန်းရေးကို ဦးတည် ဆောင်ရွက်လာနေပြီ ဖြစ်ရာ ထိပ်ပိုင်း စီမံခန့်ခွဲသူများ အနေဖြင့် စီးပွားရေး မျက်နှာစာ (စီးပွားရေး အဖွဲ့အစည်း)၊ လူသား မျက်နှာစာ (လူသား အဖွဲ့အစည်း)နှင့် လူမှုရေး မျက်နှာစာ (လူမှုရေး အဖွဲ့အစည်း) ဟူသည့် မျက်နှာစာ သုံးရပ်ကို ချိန်ခွင်လျှာ မျှစေရန် စီမံခန့်ခွဲရေးကို လုပ်ဆောင် လာရသည့် အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။
ထိုသို့သော အခြေအနေတွင် အတွေ့အကြုံ (Experience) ကို ပြန်လည် ဆန်းစစ်ရန် ပညာကို တီထွင်ဖော်ထုတ် အသုံးချရန် (Creation & Application of Knowledge with new focus of Experience)သည် လွန်စွာ အရေးကြီးလာသည်ကို သတိမူ၍ သင်ကြား လေ့ကျင့်သွားရန် လိုအပ်လာပါသည်။ အထက်ဖော်ပြခဲ့သည့် ခြားနားချက်၊ သတိမူရန် ကိစ္စရပ်များကို မဆင်ခြင်နိုင်၊ အလေးမထားနိုင်လျင် မန်နေဂျာများ၏ အရည်အသွေး မြှင့်တင်ရေးပိုင်းတွင် လေ့လာသင်ယူမှု အံချော်နိုင်ဘွယ် ရှိသည်ကို ဂရုပြုမိစေရန် တင်ပြလိုခြင်း ဖြစ်ပါသည်။
၇။ ခေတ်သစ် စီမံခန့်ခွဲမှု အပိုင်းသည် ခေတ်နှင့်အညီ လိုက်လျော ပြောင်းလဲ၍ ဆက်လက် ရှင်သန်နိုင်သည့်သဘော ရှိနေသည့် အတွက် ယခင် ခေတ်အဆက်ဆက် စနစ်များမှသည် စက်မှု အရင်းရှင်ခေတ် (Industrial Capitalism)၊ ၎င်းမှသည် ဈေးကွက်စီးပွားရေး သဘောဆောင်သည့် ဒစ်ဂျစ်တယ် အရင်းရှင်စနစ် (Digital Capitalism)သို့ တိုင်အောင် ကူးပြောင်း လာနိုင်ခြင်း ဟူ၍ ပညာရှင်များမှ စီမံခန့်ခွဲမှု ပညာ၏ Regenerated Power (ဆက်လက် ရှင်သန်နိုင်သော အာနိသင်)ကို သုံးသပ်လျက် ရှေ့သို့ ဆက်လက် ချီတက်ရုံသာ ရှိသည်ဟု ဆိုကြပါသည်။
ထိုသို့ ရှေ့ဆက်ချီတက်ရာတွင် သတင်းအချက် အလက်နှင့် ပညာဉာဏ် အပေါ်တွင် အမြင်သစ် အတွေးသစ်တင်၍ ဆောင်ရွက်ရာ၌ ဆက်သွယ် လှုပ်ရှားနိုင်သည့် စွမ်းရည် (Communication Skill)မှာ လွန်စွာ အရေးပါလာသည့် အတွက် ယခင်ကကဲ့သို့ အင်္ဂလိပ်ဘာသာ စာပေဟူသည့် ကမ္ဘာသုံး ဘာသာစာပေ (Global Literacy)တစ်မျိုးတည်း တတ်ရုံမျှဖြင့် မလုံလောက်တော့သည် သာမက အင်တာနက်နှင့် အလုပ် လုပ်တတ်ရန် Digital Literacy တတ်သိရန်လည်း များစွာ အရေးကြီးလာပြီး လက်ရှိ စီမံခန့်ခွဲမှု ပညာထဲသို့ ဒစ်ဂျစ်တယ် အသိအမြင်များ ဖြည့်စွက် မောင်းနှင်သွားရေးကိုလည်း မန်နေဂျာကောင်း တစ်ယောက်အဖို့ သတိမူ လေ့လာသင်ကြားရန် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အချုပ်အားဖြင့် ကျောင်းသင် အစဉ်အလာ ပညာရေးမှ လိုအပ်သော အသက်မွေးမှု ပညာကို ပေးခဲ့ပြီးနောက် စဉ်ဆက်မပြတ် ပညာရေးဖြင့် ရှိပြီးပညာကို ပြောင်းလဲလာသော ခေတ်နှင့်အညီ အဆင့်မြှင့် တင်ပေးဖို့ရန် ဖြစ်ပါသည်။
၈။ ယခင်က စီးပွားရေး လုပ်ဆောင်မှု၏ အဓိက ရည်မှန်းချက်မှာ ဘဝလုံခြုံမှု (Life Security)ဖြစ်သော်လည်း ပညာရပ်များ အလျင်အမြန် တိုးတက်ပြောင်းလဲ ပေါ်ထွက်လာမှု၊ အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ ပေါက်ကွဲမှုနှင့် စွန့်ဦး တီထွင်သူများ၏ မျက် မှောက်ခေတ်တွင် လုံခြုံမှု သဘောသည် စိတ်ကူးယဉ် ဖြစ်သွားပြီး စွန့်စား လုပ်ကိုင်ရသော Right Culture ပေါ်ထွန်းလာပေသည်။ High Risk-High Return, Low Risk-Low Return ဖြစ်လာသည်။ ပညာနည်းလျှင် အရင်းအနှီးများများ လို၍ အရင်းအနှီး နည်းနည်းသာရှိလျှင် ပညာရည်မြင့်ရန် လိုအပ်လာသည်။ သို့ဖြစ်ပါ၍ ယခုမျက်မှောက် အရင်းလွန် လူ့အဖွဲ့အစည်း တစ်နည်းအားဖြင့် ပညာခေတ်တွင် အံ့မခန်း ဖွံ့ဖြိုးလာသော ပညာရပ် အသီးသီးကို အမှီလိုက်နိုင်သူ သာလျင် ဘဝလုံခြုံမှုကို တည်ဆောက် လာနိုင်စရာ ရှိပါသည်။ Mobile Security သဘောကိုလည်း ဆောင်ယူလာသည်ကို တွေ့ရှိနိုင်ပါသည်။ အဆိုပါ တိုးတက်မှုကို ထိန်းချုပ်နိုင်ရန် တစ်ဖက်မှလည်း လူမှုကျင့်ဝတ်၊ စီးပွားကျင့်ဝတ် Social/ Business Ethic များ လိုက်နာမှု ဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်ရပေမည်။
၉။ အလားတူ ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု (Trade/ Production) တို့၏ ရည်မှန်းချက်မှာလည်း သိသိသာသာပင် ပြောင်းလဲ လာကြရပေသည်။ ယခင်က အမြင့်ဆုံး အမြတ်ရရှိရေး (Profit maximization) ကို ရည်မှန်း တည်ထောင်ခဲ့ကြ သော်လည်း ယခု အကြီးအကျယ် ယှဉ်ပြိုင်ရသည့် ခေတ်ကာလတွင် အမြင့်ဆုံး အမြတ်ကို မျှော်လင့်ခြင်းသည်ပင် စိတ်ကူးယဉ်ရာ ရောက်လာရသည့် အတွက် ဈေးကွက်ဝေစု အများဆုံး ရရှိရေး (Market Share maximization)သည်သာ အရင်းလွန် လူ့အဖွဲ့အစည်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်လာရပေသည်။
၁ဝ။ ထို့အတူ မန်နေဂျာများ လုပ်ငန်း လုပ်ဆောင်ရာတွင်လည်း ကြိုးကြိုးစားစားလုပ် (Hard Working) ခေတ်မှ စမတ်တကျလုပ် (Smart Working)ခေတ်သို့ ကူးပြောင်းလာစေခဲ့ပြီး Smart Worker ဖြစ်လာစေရန်အတွက် ရာထူးအဆင့်နှင့် ညီသော Technical Skill, Human Skill, Conceptral Skill များ ရရှိစေရန်၊ မိမိ လုပ်ငန်းအပေါ် အကောင်းမြင် စိတ်ဝင်စားမှု Positive Attitude ရှိစေရန် လေ့ကျင့် သင်ကြားလာရပေသည်။ I.Q ကောင်းမွန်မှုက လုပ်ငန်းခွင်သုံး အသိပညာ၊ အတတ်ပညာများကို တတ်ကျွမ်းစေသည်။ နှလုံးသား အရည်အသွေး E.Q(Emotional Quotient) ကောင်းမွန်ခြင်းက ကျင်လည်ရာ လူမှုဘဝတွင် အရည်အသွေးမှီ လိုက်လျောညီထွေ ကောင်းကျိုးပြု ဝင်ဆန့်စေမည် ဖြစ်သည့်အတွက် အလေးထား စီစစ်လာရပေသည်။ လူများစုကို ဦးဆောင်၍ Implore/Energize လုပ်နိုင်ခြင်း၊ Integrity ကိုယ်ကျင့်သိက္ခာ၊ Ethic ကျင့်ဝတ်နှင့် ပြည့်စုံခြင်း၊ Trust ယုံကြည်မှု ရစေခြင်းတို့ကိုလည်း လေ့ကျင့်ပွားများ လာရပေသည်။
၁၁။ အချုပ်အားဖြင့် ဆိုရပါမူ ဤသို့ ပြောင်းလဲလာသော သင်ကြားသင်ယူမှု သဘောတရားများနှင့် အညီ စဉ်ဆက်မပြတ် လေ့လာ သင်ယူလျက် ပညာဖန်တီးရေး (Creation of Knowledge) နှင့် ပညာကို အသုံးချရေး (Application of Knowledge)တို့သည်ပင် ယနေ့ မျက်မှောက်ခေတ် အတွက် ဆုံချက် အကျဆုံး အချင်းအရာ ဖြစ်လာပေလိမ့်မည်။ Knowledge ကို အသုံးချနိုင်သည့် Knowledge Worker ပညာလုပ်သား အဖြစ် မိမိကိုယ်မိမိ ပျိုးထောင်ခြင်းဖြင့် “Positional Power မှသည် Personal Power”  “မန်နေဂျာမှသည် ခေါင်းဆောင်အဆင့်” သို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း လေ့ကျင့်ရေး ကဏ္ဍမှ လေ့လာစုစည်း တင်ပြလိုက်ရပေသည်။ “Think as men of action, act as men of Thought” လက်တွေ့ သမားကဲ့သို့ စဉ်းစား၍ တွေးခေါ်ရှင်ကဲ့သို့ လုပ်ဆောင်ပါ။
  
အောင်သူရ(စီမံကိန်း ဌာနခွဲ)


Related Articles:

Post a Comment