Tuesday, June 18, 2013

ဘားတိုးဘရက်ခ်ျရဲ့ စစ်သားမိန်းမဘာတွေရလဲ

Photo: ဘားတိုးဘရက်ခ်ျရဲ့ စစ်သားမိန်းမဘာတွေရလဲ

ရေးသားသူ- မောင်သာချို

(တစ်)
အင်းဝအခြေစိုက် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)နှင့်မကြာခဏခရီးသွားဖြစ်ကြစဉ် ပြည်တွင်းစစ်နှင့်ပတ်သက်၍ ဆရာဦးကို
လေးပြောလေ့ရှိသည့် စကားတစ်ခွန်းကို ကျွန်တော်အလွန်သဘောကျပါသည်။ ပြည်တွင်းစစ်ဆိုတာ ဓားကို ဘယ်တစ်လက်ညာတစ်လက်ကိုင်ပြီး တစ်ယောက်တည်းရန်ဖြစ်နေတာနဲ့တူတယ်ဗျတဲ့။ ဘယ်လက်ကပဲ ညာလက်ကိုခုတ်ခုတ်၊ ညာလက်ကပဲ ဘယ်လက်ကိုခုတ် ခုတ်ပြတ်တာက ကိုယ့်လက်ပဲလေတဲ့။

မှန်ပါသည်။ ကချင်စစ်သား ပဲကျကျ၊ ကရင်စစ်သားပဲကျကျ၊ ရှမ်းစစ်သားပဲကျကျ၊ မြန်မာစစ်သားပဲကျကျ ဘယ်သူ့ဘက်က ဘယ်လောက်
ကျကျ အားလုံးက မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေချည်းသာ ဖြစ်ပါသည်။ အကုန်လုံးအရှုံးတွေချည်း။ အနိုင်ဟူသည်မရှိ။

(နှစ်)
တိုင်းပြည်နိုင်ငံတစ်ခု ဆင်းရဲမှုရွှံ့နွံကြီးအတွင်းသို့ သက်ဆင်းသွားရခြင်းနှင့်ပတ်သက်၍ ပညာရှင်တို့ သဘောတူလက်ခံထားသောအချက်
တော်တော်များရှိရာ သဘာဝသယံဇာတပေါများခြင်းတဲ့၊ ပညာတတ်နည်းပါးခြင်းတဲ့၊ အိမ်နားနီးချင်းကောင်းမရှိခြင်းတဲ့၊ အစိုးရကောင်းတစ်ရပ်မရှိခြင်းတဲ့၊ ပြည်တွင်းစစ်တာရှည်ခြင်းတဲ့ စသည် ...စသည်။

ကျွန်တော်တို့နိုင်ငံ၌ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည်မှ စတင်၍ ရေတွက်သော် ယခု ၂၀၁၃ ခုနှစ်၌ ပြည်တွင်းစစ်သက်တမ်း ၆၅ နှစ်ရှိပါလေပြီ။ မုဆိုးမပေါင်းများစွာ၊ နိုင်ငံသားတို့၏ အသက်ပေါင်းများစွာ၊ ခြေပြတ်လက်ပြတ်ပေါင်များစွာ၊ မိဘမဲ့ကလေးပေါင်းများစွာ လူတို့စွန့်ခွာထွက်ပြေးရသည့် ရွာပေါင်းများစွာ စသည်စသည်ဖြင့်အနိဋ္ဌာရုံအကြွင်းတွေကျန်ရစ်ခဲ့သော်လည်း ထိုသင်္ချာပုစ္ဆာကြီးတွင် ရလဒ်ဟူ၍ မည်မည်ရရမရှိ။ စစ်သည်အဖြေမှန်ကို ဘယ်သောအခါကာလတွင်မှမပေး။

(သုံး)
သည်ရက်တွေထဲ ရန်ကုန်မြို့တစ်နေရာရှိ Myanmar Media Library တွင်ပြသခဲ့သည့် ကချင်စစ်ပွဲအမှတ်တရဓာတ်ပုံပြပွဲမှ အပြန်ဘာကြောင့်မှန်းမသိ ဂျာမန်ကဗျာဆရာကြီး ဘားတိုးဘရက်ခ်ျကို သွားပြီးသတိရနေမိပါသည်။

ဘားတိုးဘရက်ခ်ျ (Bertolt Brecht) ။ ဂျာမန်ပြဇာတ်ရေးဆရာ၊ ပြဇာတ်ဒါရိုက်တာ၊ ကဗျာဆရာ။ မွေးတာက ၁၈၉၈ ခု၊ ဖေဖော်ဝါရီလ ၁၀ရက်။ ဆုံးတာက ၁၉၅၆ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်။ Augsburg မြို့မှာမွေး၍ East Berlin မှာ သေသူ။

ဘားတိုးဘရက်ခ်ျက စစ်မုန်းသူဖြစ်ပါသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ ထိပ်တန်းတရားခံ ဟစ်တလာကို သူအလွန်မုန်းပါသည်။

ဟစ်တလာက ၁၉၃၈ခုနှစ်တွင် သြစတြီးယားကိုတိုက်သည်။ ၁၉၃၉ တွင် ချက်ကိုတိုက်သည်။ ပိုလန်ကိုတိုက်သည်။ ၁၉၄၀ ခုနှစ်
တွင်ဒိန်းမတ်ကိုတိုက်သည်။ နော်ဝေးကိုတိုက်သည်။ နယ်သာလန်ကိုတိုက်သည်။ ဘယ်လ်ဂျီယံကိုတိုက်သည်။ လူဇင်ဘာ့ဂ်ကိုတိုက်သည်။ ပြင်သစ်ကိုတိုက်သည်။ ၁၉၄၁  ခုနှစ်တွင်ရုရှကိုတိုက်သည်။ သည့်အတွက် ဂျာမန်စစ်သားပေါင်းများစွာ၏ အသက်နှင့်ခန္ဓာတို့ကို စတေးခဲ့ရသည်။

တိုက်ပွဲပေါင်းများစွာတို့၏ နိုင်ခြင်းများနှင့် ရှုံးရခြင်းတို့ အတွက်ဟစ်တလာ့ဂုဏ်ရောင် မည်သို့ထွန်းပြောင်သည် မထွန်းပြောင်
သည်ကိုအသာထား။ စစ်သားကလေးတို့၏ ဇနီးသည်များက ဘာများအကျိုးအမြတ်တွေ ရခဲ့ပါသလဲဆိုသည်ကို ဘားတိုးဘရက်ခ်ျက 
ကဗျာဖွဲ့ထားခဲ့ဖူးပါလေသည်။

ဆရာတင်မောင်အေးဘာသာပြန်ဆိုခဲ့ပုံကလေး လက်ဆင့်ကမ်းပါရစေလား။
ပရိတ်မြို့တော်ကြီးကို ဟစ်တလာရဲ့နာဇီတပ်မတော်ကြီးသိမ်းစဉ်က စစ်သားမိန်းမ ဘာတွေရသလဲ။
ပရိတ်မြို့တော်က ဒေါက်မြင့်ဖိနပ်ကြီးတွေ ရတယ်လေ အောင်သတင်းနဲ့ အောင်ဆုမွန်တွေ တောင်းတဲ့
စာတွေရယ် လက်ဆောင်ရယ် စစ်သားမိန်းမဒေါက်မြင့်ဖိနပ်ကြီးတွေရခဲ့တယ်။
သြစထရီးယားနိုင်ငံအော့စလိုမြို့ကို ကျူးကျော်စဉ်က အော့စလိုမြို့တော်က သားမွေးအထည်စကလေး တစ်ခုရတယ်
သဘောကျမယ်လို့တော့ ထင်တာပဲဆိုတဲ့စာနဲ့အတူ စစ်သားမိန်းမသားမွေးအထည်စ တစ်စရခဲ့တယ်။
အမ်စတာဒမ်သူဌေးမြို့တော်က စစ်သားမိန်းမဘာတွေရသလဲ။
အမ်စတာဒမ်မြို့တော်ကတော့ ဦးထုပ်ကလေးတစ်လုံးရတယ်လေ
ချက်ပြည်ဖြစ်ဦးထုပ်ကလေးကလှသမို့ လိုက်ဖက်လှပမှာပဲတဲ့ စစ်သားမိန်းမ ဦးထုပ်တစ်လုံးရလိုက်ပါတယ်။
ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲကို နာဇီတွေကျူးကျော်တော့ စစ်သားမိန်းမဘာတွေရသလဲ။
ဘရပ်ဆဲနိုင်ငံက ရှားပါးလှတဲ့လည်ဆွဲတစ်ခုရတယ် ပျော်စရာပါပဲ ၀မ်းသာစရာပါပဲ စစ်သားမိန်းမ
ဘရပ်ဆဲနိုင်ငံက လည်ဆွဲတစ်ခု ရတယ်။
အလင်းရောင်တွေ ဝေေ၀ရွှန်းပနေတဲ့ ပါရီမြို့တော်က စစ်သားမိန်းမ ဘာတွေရသလဲ။
ပါရီမြို့တော်က ပိုးဂါဝန်ပုံကျကျတစ်ထည် ရတယ်။ တစ်နယ်လုံးသိတယ် စစ်သားမိန်းမ ပိုးဂါဝန်တစ်ထည်ရတယ်။
ရူမေးနီးယားနိုင်ငံ ဘူခါရက်ကို ဟစ်တလာစစ်တပ်တွေ ရောက်တော့ စစ်သားမိန်းမဘာတွေရသလဲ။
ဘူခါရက်မြို့တော်ကဂါဝန်ကားကားဖားဖားပွပွ ကြီးရတယ်။ ကြည့်ရဆန်းပြီး ၀တ်ရတာရယ်စရာသိပ်ကောင်းတယ်
စစ်သားမိန်းမဂါဝန်ကားကားကြီးတစ်ထည်ရတယ်။
နှင်းနိုင်ငံ ရုရှားပြည်က စစ်သားမိန်းမ ဘာတွေရသလဲ။
မုဆိုးမအထိမ်းအမှတ်ဝတ်စုံနက်ပဲလက်ခံရတယ်။ ၀မ်းနည်းကြေကွဲတာမို့ လင်သည်ရဲ့သေဆုံးမှုအထိမ်းအမှတ်ပေါ့
စစ်သားမိန်းမ၀တ်စုံနက်တစ်စုံရပါတယ်။

ဆရာတင်မောင်အေး ဘာသာပြန်ဆိုဖူးခဲ့တဲ့ ဂျာမန်ကဗျာ အကျော်အမော်ဘားတိုးဘရက်ခ်ျရဲ့လက်ရာ စစ်ဆန့်ကျင်ရေးကဗျာ
တစ်ပုဒ်ပါ။

ဘားတိုးဘရက်ခ်ျက စစ်ပွဲတို့ အနိုင်ရလေသောအခါ စစ်သားမိန်းမတို့ ဂါဝန်ကလေးရ၊ ဦးထုပ်ကလေးရ၊ ဒေါက်မြင့်ဖိနပ်ကလေးရ၊ သားမွေးအထည်ကလေးရ၊ လည်ဆွဲကလေးရဖြင့်သာ ကျေနပ်ကြရပုံကို ဂျာမနီနာဇီတို့ တစ်နိုင်ငံပြီးတစ်နိုင်ငံ၊ တစ်မြို့ပြီးတစ်မြို့ အောင်ပွဲဆင်သွားပုံဖြင့်ဖော်ပြပြီး ရုရှ၌ စစ်သားတို့ကျဆုံးလေသောအခါ ၀မ်းနည်းမှုဝတ်စုံအနက်တစ်ထည်သာရကြောင်းဖြင့် အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့သည် စစ်သားတို့အတွက် ဘာမှမည်မည်ရရမရှိလှပါကြောင်း ရေးဖွဲ့ထားခဲ့ခြင်းပင်ဖြစ်ပါသည်။

ဒါက သူတို့ရဲ့ကျူးကျော်စစ်။
ကျွန်တော်တို့က ပြည်တွင်းစစ်။
ဘယ်သူပဲကျဆုံး ကျဆုံး ကျွန်တော်အားလုံးကျဆုံးတာပဲ မဟုတ်ဘူးလား။ ဘယ်လက်ပြတ်တော့လည်း ကိုယ့်လက်ပြတ်တာ၊ ညာလက်ပြတ်တော့လည်း ကိုယ့်လက်ပြတ်တာ။ သူနိုင်လို့လည်း ပျော်ဖို့မကောင်း၊ ကိုယ်နိုင်လို့လည်းပျော်ဖို့မကောင်း။

စစ်သားမိန်းမ ဘာတွေရလဲဆိုတာ ညီနောင်ချင်းစစ်ခင်းတဲ့ပွဲမှာ မေးဖို့မကောင်းတဲ့မေးခွန်းပါ။     ။

Credit To 7Day Journal 

Related Articles:

Post a Comment