Thursday, June 20, 2013

အင်အားသုံး ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းမှု

Written by သစ်ထွဋ်
6.20.20
လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံခေါင်းဆောင် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေက အပြောင်းအလဲတွေကို နောက်မဆုတ်တမ်း လုပ်ပါ့မယ်လို့ ကတိက၀တ်တွေ ပေးထားခဲ့ပေမယ့် အာဏာပိုင်အချို့ရဲ့ လုပ်ရပ်တွေကတော့ အရုပ်ဆိုး အကျဉ်းတန်နေဆဲပဲ ဖြစ်ပါတယ်။
လူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ လုပ်ရပ် ရက်ဆက်မိုးရွာနေတဲ့ ဇွန်လမိုးသည်းရက်တစ်ရက် မနက်အစောပိုင်း အချိန်မှာ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်က မိကျောင်းကန် အပိုင်း(၁)နှင့်(၂) အိမ်ခြေ ၂၀၀ ကျော်ခန့်ကို တပ်ပိုင်မြေပေါ်မှာ ငှားရမ်းနေထိုင်ပြီး ဖယ်ပေးဖို့ ညွှန်ကြားရာမှာ မလိုက်နာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့က အင်အားသုံး ဖြိုဖျက်ခဲ့ပါတယ်။ ဖြိုဖျက်တဲ့ နေရာမှာလည်း အိမ်တွေ အားလုံးကို ပြားပြားဝပ်သွားအောင် ဖြိုဖျက်ပြီး ရေအိမ်တွေကိုပါ မချန်ဘဲ ဖြိုဖျက်ခဲ့တာတွေကလည်း စစ်ဆင်ရေး တစ်ခုကို စနစ်တကျ ပြုလုပ်နေသလိုမျိုး ထင်မှတ်စရာပါပဲ။ မီဒီယာတွေမှာ ဖော်ပြချက်တွေအရ လာဖျက်သူတွေထဲမှာ တပ်၊ တပ်မြို့တော်စည်ပင် သာယာရေးအဖွဲ့အပြင် အရပ်ဝတ်နဲ့ နေ့စားအလုပ်သမား တွေကိုလည်း သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး တစ်ဖက်လှည့်နဲ့ ခေါ်ဆောင်လာကာ ဖျက်ခိုင်းတဲ့ လုပ်ရပ်ဟာ အရင်အစိုးရ လက်ထက်က အာဏာပိုင်အချို့ အသုံးပြုခဲ့တဲ့ စွမ်းအားရှင်တွေကို အမှတ်ရစရာ ဖြစ်စေပါတယ်။
ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ ကျင့်သုံးတဲ့ အစိုးရရဲ့ ခြေလှမ်းတွေကို တုံ့နှေးစေတဲ့ အပြုအမှုမျိုးတွေလို့ ဝေဖန်သူတွေ ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် မီဒီယာတွေမှာလည်း အဲဒီလိုပြုမူတာဟာ မျှတမှုမရှိဘဲ လုပ်နည်းကိုင်နည်းတွေဟာလည်း ပြည်သူတွေကို ညှာတာထောက်ထားမှု မရှိတဲ့ အပြုအမူတွေလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အိမ်ခြေ ၂၀၀ ကျော်မှ လူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လမ်းဘေးမှာ တဲထိုးနေရတဲ့ အဖြစ်ကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အင်အားသုံးခြင်းဟာ နောက်ဆုံးအဖြေလား
ဒီလူတွေကို ဖယ်ရှားဖို့အတွက် အင်အားသုံးဖြိုဖျက်ဖို့ လိုအပ်သလား ဆိုတာ စဉ်းစားစရာ ရှိပါတယ်။ မီဒီယာတွေမှာ ဖော်ပြချက်တွေ အရတော့ တပ်ပိုင်မြေပေါ်မှာ နေထိုင်တယ်ဆိုတဲ့ အိမ်ထောင်စုတွေကို ဖယ်ပေးဖို့အတွက် တာဝန်ရှိသူတွေက အကြိမ်ကြိမ် ပြောကြားခဲ့သလို အိမ်ထောင်စုတွေ ဘက်ကလည်း ဆန္ဒထုတ်ဖော်မှု အချို့ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်ဖက်စလုံးက ကိုယ်စီလိုလားချက်တွေ ရှိနေပေမယ့် အင်အားသုံး ဖြိုဖျက်ရတဲ့အထိ ဘာကြောင့် ဖြစ်ခဲ့ရပါသလဲ။ အချိန်ကာလ အတော်ကြာအောင် အငြင်းပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာပါဝင်ပတ်သက် သူတွေဟာ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြမှာပါ။ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့လို့ ဒီအခြေ အထိ ဆိုက်ခဲ့ရတာလား။

အရင်ကလို အငြင်းပွားမှုတွေမှာ အင်အားသုံး ဖြေရှင်းတာတွေထက် ဒီမိုကရေစီ နည်းကျကျ တစ်ဖက်နဲ့တစ်ဖက် တရားမျှတစွာ ညှိနှိုင်းဖြေရှင်းတာက ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှာပါ။ အငြင်းပွားမှု တစ်ရပ်ကို ဖြေရှင်းဖို့ ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာ ဖြစ်ရပ်မှာပါဝင်တဲ့ ဘက်နှစ်ဖက်စလုံး ကျေနပ်ဖို့ဆိုရင် နှစ်ဖက်စလုံးက ဘာကိုသာ လိုချင်တယ် ဆိုတာထက် ဘာကတော့ဖြင့် ဖြစ်သင့်တယ်၊ ဘယ်လိုဆိုရင် တရားမျှတမယ်၊ ဘယ်လိုပူးပေါင်း ဖြေရှင်းကြမလဲဆိုတဲ့ အမြင်တွေနဲ့သာ ချဉ်းကပ် ဖြေရှင်းသင့်ပါတယ်...
ဘယ်လိုပဲ ဆွေးနွေးမှုတွေ မအောင်မြင်ပေမယ့် အင်အားသုံး ဖြေရှင်းတာကတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိစေပါဘူး။ အခုဖြစ်စဉ်မှာ အင်အားသုံး ဖြေရှင်းခဲ့လို့ လူဦးရေ ၇၀၀ ခန့်ရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရသလို အင်အားသုံး ဖြေရှင်းခဲ့တဲ့ တပ်နဲ့ ဆက်စပ် အဖွဲ့အစည်းတွေဟာလည်း ဝေဖန်မှုတွေကို ခံရစေခဲ့ပါတယ်။ အများပြည်သူ မထင်မှတ်တဲ့ အထိတ်တလန့် ဖြစ်စေနိုင်တဲ့ အချိန်မျိုးမှာ အင်အားသုံး ဖယ်ရှားဖျက်ဆီး ခံခဲ့ရတဲ့သူတွေဟာ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရသလို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ရှိခဲ့တယ် ဆိုတာလည်း သူတို့ရဲ့ မျက်ဝန်းတွေမှာ အထင်းသား ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်အားသုံး ဖြေရှင်းမှုတွေဟာ နောက်ဆုံးဖြေရှင်းတဲ့နည်းတွေ မဖြစ်သင့်ပါဘူး။ အင်အားသုံး ဖြေရှင်းတဲ့ နေရာမှာလည်း မိတ္ထီလာ ဖြစ်စဉ်တွေမှာလို အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့သူတွေကို အာဏာပိုင်တွေက ထိန်းသိမ်းမှုတွေ နောက်ကျခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် ဘယ်လိုအခြေအနေမှာ ဘယ်လောက် အတိုင်းအတာအထိ အင်အားသုံးသင့် သလဲ၊ မသုံးသင့်ဘူးလား၊ ချက်ချင်းသုံးဖို့ လိုအပ်မလား ဆိုတာကို သေချာဝေဖန် သုံးသပ်ပြီးမှ ပြုလုပ်သင့်ပါတယ်။
တရားမျှတစွာ ညှိနှိုင်းဖြေရှင်းခြင်းနှင့် ဒီမိုကရေစီ ယဉ်ကျေးမှု
အင်အားသုံး ဖြေရှင်းတာတွေနဲ့ ပတ်သတ်ပြီး မြန်မာပြည်သူ ပြည်သားတွေဟာ အတွေ့အကြုံ များနေပြီပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်မှာရော ၁၉၈၈ မှာ တာဝန်ယူခဲ့ သူတွေမှာရော အုပ်ချုပ်သူတွေက သူတို့နဲ့ သဘောမတူသူတွေကို နည်းလမ်းမျိုးစုံနဲ့ အင်အားသုံး ဖြေရှင်းခဲ့တာကို ခံခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ဘာကြောင့် အင်အားသုံးခဲ့ ကြပါသလဲ။ စေ့စပ်ညှိနှိုင်းရေး ဆိုတာကို အပြည့်အ၀ နားမလည်လို့ပါဘဲ။ အငြင်းပွားမှုတွေကို စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာ ပြဿနာကို ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲ ဆိုတာက အဓိကကျပြီး တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေတာထက် ဘာတွေညှိကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ သဘောမတူနိုင်သူတိုင်းကို ကိုယ့်ရန်သူလို့ သတ်မှတ်လို့ မဖြစ်ပါဘူး။ စေ့စပ်ညှိနှိုင်းရေး နည်းလမ်းရဲ့ စွမ်းအားက ဘက်နှစ်ဖက်စလုံးကို ကျေနပ်စေတယ် ဆိုတာကိုလည်း လက်ခံနိုင်ကြဖို့ လိုပါတယ်။
ဒီနေ့ ဒီအချိန်မှာတော့ ဒီမိုကရေစီခေတ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်လို့ အစိုးရက ထပ်တလဲလဲ ပြောနေတာ ဖြစ်ပါတယ်။ အရင်ကလို အငြင်းပွားမှုတွေမှာ အင်အားသုံး ဖြေရှင်းတာတွေထက် ဒီမိုကရေစီ နည်းကျကျ တစ်ဖက်နဲ့တစ်ဖက် တရားမျှတစွာ ညှိနှိုင်းဖြေရှင်းတာက ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှာပါ။ အငြင်းပွားမှု တစ်ရပ်ကို ဖြေရှင်းဖို့ ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာ ဖြစ်ရပ်မှာပါဝင်တဲ့ ဘက်နှစ်ဖက်စလုံး ကျေနပ်ဖို့ဆိုရင် နှစ်ဖက်စလုံးက ဘာကိုသာ လိုချင်တယ် ဆိုတာထက် ဘာကတော့ဖြင့် ဖြစ်သင့်တယ်၊ ဘယ်လိုဆိုရင် တရားမျှတမယ်၊ ဘယ်လိုပူးပေါင်း ဖြေရှင်းကြမလဲဆိုတဲ့ အမြင်တွေနဲ့သာ ချဉ်းကပ် ဖြေရှင်းသင့်ပါတယ်။
သူနိုင်ကိုယ်နိုင် စေ့စပ်ညှိနှိုင်းမှု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ စေ့စပ်ညှိနှိုင်းတဲ့ အလေ့အထ နည်းပါးတယ်လို့ မကြာခဏ ပြောလေ့ရှိတာတွေ မီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။ နိုင်ငံရေးလေ့လာ သူတွေက ပြောဆိုကြတဲ့ နေရာမှာလည်း အစဉ်အဆက် နိုင်ငံရေးမှာ အရေးပါသူတွေရဲ့ စေ့စပ်ညှိနှိုင်းမှုတွေ မအောင်မြင်မှုက တိုင်းပြည်ရဲ့ နိုင်ငံရေး ကံကြမ္မာကို အကျိုးသက်ရောက် စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အရေးပါတာကတော့ စေ့စပ်ညှိနှိုင်းမယ့်ဘက် နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းမှု အနှစ်သာရကို မှန်မှန်ကန်ကန် လက်ခံပြီးတော့ သူနိုင်ကိုယ်နိုင် အနေအထား (win-win situation) အနေအထားကို ရောက်ရှိအောင် ဆွေးနွေးဖို့ လိုအပ်မှာပါ။ အရင်ကလို သဘောမညီတိုင်း အင်အားသုံးခဲ့တာတွေကို ဒီအချိန်မှာ ပြင်သင့်ပါတယ်။ မလိုက်နာတဲ့ သူတွေကို ထိရောက်စွာ အရေးယူသင့်သလို အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကို စေ့စပ်ညှိနှိုင်းမှု အလေ့အကျင့်တွေကို ကျင့်သားရအောင် လုပ်ပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။
ကိစ္စကြီးတယ် ငယ်တယ် သဘောမထား ဘဲ ဒီမိုကရေစီ အလေ့အကျင့်ဖြစ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို အလေ့အကျင့်ဖြစ်အောင် လုပ်ပေးခြင်းအားဖြင့် ဒီမိုကရေစီ နိုင်ငံသားတွေအဖြစ် ပီပီပြင်ပြင် ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

Related Articles:

Post a Comment