Thursday, June 20, 2013

ယဉ်ကျေးမှုတော်လှန်ရေး မျိုးဆက်နှင့် အရင်းရှင်စီးပွားရေးပညာ

Written by  တင်အေးကျော်

ယခုဆောင်းပါးမှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း ၁၉၆၆ခုနှစ်တွင် စတင်ခဲ့သော ယဉ်ကျေးမှုတော်လှန်ရေး ကာလတွင် ပညာရေးကို စတေးခဲ့ကြရပြီး ယခုအခါ လူကြီးလူလတ်ပိုင်းအရွယ် ရှိနေပြီဖြစ်သော တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် MBA သင်တန်းများ တက်ရောက်နေကြရသည့် အကြောင်းကို နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားထားသော In China, Executives Flock Back to School for Unfinished Business -သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။
ရှန်ဒေါင်း ရွှေတူးဖော်ရေးကုမ္ပဏီ ဥက္ကဋ္ဌဝမ်ဂျီဟွာမှာ လက်ရှိ ကျောင်းပြန်တက်နေကြသော မျိုးဆက်သစ်များ ဟုဆိုကြသည့် တရုတ်လူလတ်ပိုင်း စီးပွားရေး အမှုဆောင်များထဲတွင် ပါဝင်သော လူတစ်ဦးဖြစ်သည်။ ဝမ်ဂျီဟွာသည် တစ်လလျှင် တစ်ကြိမ်လေးနာရီခန့် ရထားစီး၍ ရှန်ဒေါင်းပြည်နယ်မှ ဘေဂျင်းရှိ အမှုဆောင် MBAသင်တန်း တက်ရောက်နေသူ ဖြစ်သည်။
"ယဉ်ကျေးမှုတော်လှန်ရေး ပြီးသွားတဲ့အခါမှာ လူအတော်များများ စိတ်ထဲ ခံစားနေကြတာက အရင်ကဆုံးရှုံး သွားခဲ့တဲ့အချိန်တွေကို အစားထိုးဖို့ လိုတယ်ဆိုပြီး ခံစားနေကြတာလေ။ ဒီတော့ ကျွန်တော်တို့အလုပ်ကို အပြင်းအထန် ကြိုးစားပမ်းစား လုပ်ခဲ့ကြတာပေါ့" ဟု တရုတ်ဥရောပ နိုင်ငံတကာစီးပွားရေးကျောင်း (China Europe International Business School - CEIBS) တွင် ပညာသင်ကြားနေသော အသက် ၅၆နှစ်အရွယ် မစ္စတာဝမ်က ပြောကြားသည်။

ယဉ်ကျေးမှု တော်လှန်ရေးကာလတွင် မစ္စတာဝမ်မှာ ဆင်းရဲသော တောင်တန်းဒေသသို့ ပို့ဆောင်ခံခဲ့ရသည်။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ အဆင့်မြင့် ပညာတတ်များကို သံသယ ထားနေချိန်၊ လူများထက် အစစ အသာရနေသူများကို လယ်သမားများနှင့် အတူ အလုပ်လုပ်ရန် ပို့ဆောင်နေချိန်လည်း ဖြစ်သည်။

မစ္စတာဝမ်မှာ ယခုကဲ့သို့ စီးပွားရေး လုပ်ငန်းများစွာဖြင့် အောင်မြင်မှု မရှိသေးခင် အချိန်က ဓာတုကုန်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာအဖြစ် နောက်ဆုံး အလုပ်လုပ် ခဲ့သည်။
"ကျွန်တော် အရမ်းအောင်မြင် ခဲ့တယ်။ ကျွန်တော် ယုံကြည်ခဲ့တာက “ငါအောင်မြင်တယ်၊ ဒါကြောင့် ငါမှန်တယ်” ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော် သဘောပေါက်လာတာ တစ်ခုက အတိတ်မှာ အောင်မြင်ခဲ့တာတွေက အနာဂတ်မှာ ကျွန်တော်ရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပါလား ဆိုတာပါပဲ"ဟု မစ္စတာဝမ်က ပြောကြားသည်။

တရုတ်နိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင် အမှုဆောင်များ ကျောင်းပြန် တက်ကြခြင်းသည် အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များ ကျောင်းပြန် တက်ကြခြင်းနှင့်မတူပေ။ မတူသည့် အချက်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမှုဆောင်များမှာ အနောက်နိုင်ငံက MBAကျောင်းသားများ ကဲ့သို့ ငယ်ရွယ်နုပျိုစဉ်က စနစ်တကျပညာ သင်ကြားခွင့် ရခဲ့ကြသူများ မဟုတ်ပေ။
"ကျွန်တော့်ကျောင်းမှာ အမှုဆောင် MBAသင်တန်း လာတက်နေကြသူတွေရဲ့ ပျမ်းမျှအသက်က ၄၁ နှစ်၊ ၄၂ နှစ်လောက်ရှိမယ်။ ပြီးရင်လုပ်ငန်း အတွေ့အကြုံက အနှစ် ၂၀ လောက်ရှိတယ်။

သူတို့အသက်က အမေရိကန်နဲ့ ဥရောပကျောင်းတွေမှာ အမှုဆောင် MBA တက်နေကြတဲ့သူတွေ ထက် အသက်အများကြီး ကြီးပါတယ်" ဟု ဘေဂျင်းမြို့တော် ရှင်ဟွာတက္ကသိုလ်၏ စီးပွားရေးစီမံခန့်ခွဲရေး ကျောင်း၏ ဌာနမှူးအကြီးအကဲ ကွမ်ရင်ဂျီးက ပြောကြားသည်။ ထို့ပြင် "အမှုဆောင် MBA လာတက်တဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့ အသက်၂၀ကျော် ကာလတွေတုန်းက စီးပွားရေး ပညာသင်ခွင့် မရခဲ့ကြတဲ့ သူတွေပါ" ဟု၎င်းက ထပ်လောင်းပြောကြားသည်။
အချို့သူများဆိုလျှင် အခြေခံပညာ အထက်တန်းကိုပင် ပြီးဆုံးအောင် သင်ကြားခဲ့ခြင်း မရှိ။ ၄င်းတို့သည် ယဉ်ကျေးမှု တော်လှန်းရေးဟူသော ဗရုတ်ဗရက် ကာလကြီးတွင် လူဖြစ်ကြီးပြင်းလာခဲ့ ကြရပြီး ၁၉၈၀၊ ၁၉၉၀ကာလများ၌ တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းခွင် စတင်ဝင်ခဲ့ကြရသူများ ဖြစ်သည်။

တရုတ်စီးပွားရေးအမှုဆောင်များ ရှာဖွေနေသည့် အရာမှာ နောက်သင်တန်းဆင်းလက်မှတ် ထပ်ရဖို့၊ လက်တွေ့စီမံခန့်ခွဲ ရေးအကြံဉာဏ်များ ရရှိဖို့ဆိုတာမျိုး ထက်ပိုမိုကြောင်း ၄င်းကပြောကြားသည်။
"ပြီးခဲ့တဲ့ နှစ်၂၀အတွင်း တရုတ် စီးပွားရေး တကယ့်ကို စန်းပွင့်ခဲ့တာပါ" ဟု တရုတ် ဥရောပနိုင်ငံတကာ စီးပွားရေးကျောင်း Ceibs ၏ လက်ထောက်ဌာနမှူး ချားစ်ချန်က ပြောကြားသည်။
"အခုအချိန်ဟာ အနာဂတ်အတွက် ရှေ့ဆက်လှမ်းနိုင်ဖို့ အတိတ်က အတွေ့အကြုံတွေကို ပေါင်းစုသုံးသပ်ရမယ့် အချိန်ပါ။ ဘယ်လိုဖြစ်တာလဲ ဆိုတာရယ်၊ ဘာကြောင့်လဲ ဆိုတာရယ်ကိုပေါ့" ဟု ၄င်းကပြောကြားသည်။
"တရုတ်စီးပွားရေး အမှုဆောင်တွေဟာ အတွေ့အကြုံပိုင်း၊ ထိုးထွင်း သိမြင်မှု အပိုင်းမှာ အရမ်းတော်ပါတယ်။ ဒါပေမဲ့ သူတို့လိုနေတာက ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်သုံးသပ်နိုင်စွမ်းပါ" ဟု ရှင်ဟွာတက္ကသိုလ်မှ ဌာနမှူး ကွမ်က ပြောကြားသည်။

ကွယ်လွန်သူ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်၏ စကားဖြစ်သည့် “ချမ်းသာ တာကောင်းတယ်” ဟူသောစကားကို မကြာခဏ ကိုးကားပြောဆိုလေ့ရှိသည့် တရုတ်နိုင်ငံတွင် အချို့သော စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များမှာ ၄င်းတို့ အောင်မြင်မှုနှင့် ပတ်သက်၍ ပို၍ကျယ်ပြန့် သော အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိ ကြသည်။

"တရုတ်မှာရှိတဲ့ စီးပွားရေးကျောင်း တွေဟာနိုင်ငံရဲ့ လူမှုရေးပြဿနာတွေ ကို ဖြေရှင်းပေးနိုင်ဖို့ တာဝန်ရှိပါတယ်" ဟု ချန်ကောင်း စီးပွားရေးပညာ ဘွဲ့လွန်ကျောင်းကို တည်ထောင်သူ ဌာနမှူး ရှန်ဘင်းက ပြောကြားသည်။ အဆိုပါ တက္ကသိုလ်သည် ဟောင်ကောင်သူဌေးကြီး လီကာရှင်း ၂၀၀၂ခုနှစ်က ဘေဂျင်းတွင် တည်ထောင်ခဲ့သော ပထမဆုံးပုဂ္ဂလိက စီးပွားရေးကျောင်း ဖြစ်သည်။
"ကျွန်တော်တို့ဟာ ဥစ္စာဓနနဲ့ ပတ်သက်ပြီးတော့ အခြေအနေ တစ်ခုလုံးကို ကြည့်ရမှာဖြစ်ပါတယ်။ ဘာလို့ စီးပွားရေး လုပ်တာလဲ၊ ဘယ်လိုလုပ်တာလဲ၊ ရလာတဲ့ ငွေတွေကို ဘယ်လိုသုံးသလဲဆိုတာ တွေကိုပေါ့" ဟု ချန်ကောင်းစီးပွားရေး ပညာဘွဲ့လွန်ကျောင်းကို တည်ထောင်သူ ဌာနမှူးရှန်က ပြောကြားသည်။

ချန်ကောင်းစီးပွားရေး ဘွဲ့လွန် ကျောင်းတွင် သင်ကြားသော အမှုဆောင် MBA သင်ရိုးတွင် ဒဿနိကဗေဒ၊ အရှေ့ တိုင်းနှင့်အနောက်တိုင်းဘာသာရေး၊ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့စာပေ ဘာသာရပ် များ ပါဝင်သည်။
"ကျွန်တော်တို့ရဲ့ အမှုဆောင် MBA သင်တန်းသားတွေ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်တဲ့၊ တစ်ပါးသူ အပေါ်နားလည်ပေးတတ်တဲ့ ဘဝမျိုးကို ရှာဖွေနိုင်တာပေါ့။ ဒီလိုဘဝမျိုး က တမင်ဖန်တီးယူလို့တော့ ရချင်မှရမယ်။ ဒါပေမဲ့ အဲဒီလိုဘဝမျိုးဖြစ် အောင်ရအောင်တော့ ကြိုးစား ရှာဖွေသင့်တာပေါ့" ဟု ၄င်းကဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံတွင် ၂ နှစ်မှ သုံးနှစ်အထိ ကြာသော အမှုဆောင်MBA သင်တန်း အတွက် တရုတ်ယွမ်ငွေ ခြောက်သိန်း (အမေရိကန်ဒေါ်လာ ၉၆,၀၀၀) ခန့် ကုန်ကျသည်။ ယင်းကုန်ကျစရိတ်ကို သင်တန်းသားကိုယ်တိုင် ကသော်လည်း ကောင်း၊ ၄င်းတို့၏ ကုမ္ပဏီကသော် လည်းကောင်းပေးသည်။
သင်တန်းသားများမှာ တစ်လလျှင် တစ်ကြိမ် တရုတ်နိုင်ငံတစ်ဝန်း လေယာဉ်ဖြင့် ပျံသန်းသွားလာ၍ လေးရက်ကြာ သင်တန်းများကို တက်ရောက်နေကြသည်။

တရုတ် ဥရောပနိုင်ငံတကာ စီးပွားရေးကျောင်း Ceibs ၏ ကျယ်ဝန်းကျယ်ပြန့်သော နားနေဆောင် အလင်းရောင် အောက်တွင် Gome အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌ ဝေကျီလီက ၄င်းကဲ့သို့ တရုတ်စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ယခုသင်တန်းများကို အဘယ်ကြောင့် တက်ရောက်နေကြသနည်း ဆိုသည့်ကိစ္စကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။
"ဒီမှာရတဲ့ ပတ်ဝန်းကျင် အခြေအနေက အေးအေးဆေးဆေး ရှိတယ်လေ။ ဒီတော့ ကျွန်မတို့ အလုပ်မှာဘာတွေ လုပ်ခဲ့တယ်ဆိုတာကို စနစ်တကျ စဉ်းစားနိုင်တာပေါ့" ဟု အသက် ၄၆ နှစ်အရွယ် မစ္စဝေက ရှင်းပြသည်။
သူမအနီးရှိ အဆင့်မြင့်စီးပွားရေး လုပ်ငန်းရှင်များမှာလည်း အိုင်ဖုန်းနှိပ် လျက် မက်ဆေ့ခ်ျပို့သူကပို့၊ အဖျက် မာကတ်တင်း (Disruptive Marketing) အတန်းအတွက် ပြင်ဆင်သူများက ပြင်ဆင်လျက်ရှိကြသည်။

Ceibs ကျောင်းကို ဘေဂျင်းနှင့် ရှန်ဟိုင်းကဲ့သို့ မြို့ကြီးများတွင် ဖွင့်လှစ်ထားသကဲ့သို့ ရှန်ဇန်မြို့တွင်လည်း ခပ်သေးသေး ကျောင်းတစ်ကျောင်းဖွင့် လှစ်ထားပြီး အမှုဆောင် MBA သင်တန်း သား ၇၇၀ ကျော် တက်ရောက်သင်ကြားလျက် ရှိသည်။

ဆယ်စုနှစ် သုံးစုကြာ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်မြန်လွန်းခဲ့သော တရုတ်စီးပွားရေးသည် စီးပွားရေးသမားများ အတွက် အလေးအနက် စဉ်းစားချိန်မရ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ယခုအခါ တရုတ်စီးပွားရေး လုပ်ငန်းရှင်များမှာ ကမ္ဘာ့စီးပွားရေးလောကကို ပိုမိုနားလည်စေရန်၊ ပိုမိုကောင်းမွန်သော စီးပွားရေးခေါင်းဆောင်များ ဖြစ်လာရန်၊ အောင်မြင်သောစီးပွားရေး သမားဖြစ်လာပြီးနောက် ဘာလုပ်ရမည် စသည်တို့ကို သိရှိ နားလည်လာစေရန် အမှုဆောင် MBA သင်တန်းများကို တက်ရောက်လျက် ရှိကြသည်။

လွန်ခဲသော နှစ်၂၀ခန့်က ဆိုလျှင် တရုတ်တွင် စီမံခန့်ခွဲမှု ပညာရပ်များမှာ ရှိသည်ဆိုကာမျှ ရှိခဲ့သည်။ ကမ္ဘာ့ပထမ ဆုံးသော MBA သင်တန်းကို အမေရိကန်တွင် လွန်ခဲ့သော နှစ် ၁၀၀ ကျော် ၁၉၀၈ခုနှစ်မှ စတင်၍ ဟားဗတ် တက္ကသိုလ်က စတင်ဖွင့်လှစ် သင်ကြားခဲ့သော်လည်း တရုတ်နိုင်ငံတွင် ၁၉၉၁ ခုနှစ် မတိုင်မီအထိ MBA သင်တန်း ဟူ၍ မရှိသေးပေ။ ၁၉၉၁ ခုနှစ်ရောက် မှသာ အနည်းငယ်သော ကျောင်းများ တွင် MBA သင်တန်းကို စတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်အမှုဆောင် MBA သင်တန်းဖွင့်လှစ်ရန် အတွက်လည်း နှစ်အနည်းငယ်ကြာ အချိန်ထပ်မံ ယူခဲ့ရသေးသည်။

ယနေ့ တရုတ်နိုင်ငံတွင် စီးပွားရေး ပညာသင်ကြားသည့် ကျောင်းပေါင်း ၆၂ ကျောင်းထိ ရှိလာခဲ့ပြီး နှစ်စဉ်အမှု ဆောင် MBA ရှစ်ထောင်ကျော်ကို သင်ကြားပေးလျက်ရှိသည်။
"တရုတ်ရဲ့ စီးပွားရေးတိုးတက်မှု က မြန်လွန်းနေတော့ အခုချိန်မှာတော့ တရုတ်အမှုဆောင် MBA ပညာရေး အနေနဲ့ စီနီယာအဆင့် စီးပွားရေး စီမံခန့်ခွဲ မှုစွမ်းရည် လိုအပ်ချက်ကို ဖြည့်ပေးနိုင် မှာ မဟုတ်ပါဘူး" ဟု ရှန်ဟိုင်းဖူဒန် တက္ကသိုလ်ရှိ စီမံခန့်ခွဲရေးကျောင်းဌာနမှူး လျူရှောင်ဝမ်းက ပြောကြားသည်။

ကမ္ဘာကျော် Financial Times သတင်းစာတွင် ဖော်ပြထားသော ကမ္ဘာ့အကောင်းဆုံး အမှုဆောင် MBA သင်တန်းကျောင်း ၁၀ကျောင်းတွင် လေးကျောင်းမှာ တရုတ်ပြည်က ဖြစ်သည်။ အဆိုပါကျောင်းများမှာ အနောက်နိုင်ငံတက္ကသိုလ် များနှင့် မိတ်ဖက်ပြုလုပ် ထားသောကျောင်းများ ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး အမှုဆောင် MBA သင်တန်းကျောင်း ၁၀ကျောင်း တွင် နံပါတ် ၁ အဖြစ် ပူးတွဲဖော်ပြခံရသော ကျောင်းမှာ အမေရိကန် အီလီနွိုက်ပြည်နယ် ရှိ Northwestern University ၏ Kellogg စီမံခန့်ခွဲရေးကျောင်းနှင့် ပူးပေါင်းထားသော ဟောင်ကောင် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် ဖြစ်သည်။

ဥရောပကော်မရှင်၏သဘောတူညီ ချက်ဖြင့် တည်ထောင်ထားသော Ceibs ကျောင်းမှာလည်း ကမ္ဘာ့အကောင်းဆုံး ကျောင်း ၁ဝကျောင်းတွင် ပါဝင်သည်။ ထို့ပြင် ပြင်သစ် ISEAD စီးပွားရေး ကျောင်းနှင့် ချိတ်ဆက်ထားသော တရုတ်ရှင်ဟွာတက္ကသိုလ်၊ ဝါရှင်တန် တက္ကသိုလ် စီးပွားရေးကျောင်းနှင့် Online ချိတ်ဆက်ထားသော ဖူဒန် တက္ကသိုလ်တို့မှာလည်း ကမ္ဘာ့အကောင်းဆုံး အမှုဆောင် MBA သင်တန်းကျောင်း များတွင် ပါဝင်ခဲ့သည်။
"မနှစ်က ကျွန်တော်တို့ ကျောင်းက အမှုဆောင် MBA ကျောင်းသား ၆၈ ရာခိုင်နှုန်းလောက်က ကုမ္ပဏီတွေရဲ့ ထိပ်ပိုင်းက လူတွေပါ၊ ကုမ္ပဏီဥက္ကဋ္ဌတွေ၊ အထွေထွေမန်နေဂျာတွေ၊ ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌတွေ စသဖြင့်ပေါ့။ သူတို့ထဲက တစ်ဝက်လောက်က ပုဂ္ဂလိက ကုမ္ပဏီကလူတွေ၊ နောက်တစ်ဝက် လောက်က တရုတ်အစိုးရပိုင် ကုမ္ပဏီနဲ့ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီက လူတွေပါ" ဟု Ceibs စီးပွားရေးပညာကျောင်း၏ ပူးတွဲဌာနမှူး ချန် က ပြောကြားသည်။

တရုတ်နိုင်ငံတွင် MBA သင်တန်းများမှာ မကြာမီကာလအထိ လျော့နည်းသွားဖွယ် မရှိပေ။
"တရုတ်စီးပွားရေးဟာ နောက် ၁၀ နှစ်အတွင်း အမေရိကန်စီးပွားရေးကို အမီလိုက်နိုင်ဖွယ် ရှိပါတယ်" ဟု ဖူဒန် တက္ကသိုလ်က စီးပွားရေး စီမံခန့်ခွဲမှုသင်တန်း ကျောင်းဌာနမှူးမစ္စတာလျူက ပြောကြား သည်။
"တရုတ်မှာ MBA နဲ့ အမှုဆောင် MBA ဘွဲ့ရတွေက တစ်နှစ်ကို ငါးထောင်လောက်ရှိပါတယ်။ ဒါပေမဲ့လည်း ဒီဘွဲ့ရ ဦးရေဟာ ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုရပ်ဝန်းမှာ တရုတ်ကုမ္ပဏီ တွေ အသက်ဆက်နိုင်ဖို့နဲ့ တရုတ်စီးပွားရေး ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးဖို့ မလုံလောက် ပါဘူး" ဟု ၄င်းက ဆက်လက်ပြောကြား သည်။

"တရုတ်မှာ စီးပွားရေးပညာရပ်နဲ့ ပတ်သက်ပြီးတော့ တောင်းဆိုမှုက အလွန်မြင့်ပါတယ်။ တကယ်လို့ လိုအပ်ရင် အခုဖွင့်နေတဲ့ အမှုဆောင်တွေသာ တက်ရတဲ့ MBA သင်တန်းကို ကုမ္ပဏီ ဒု-ဥက္ကဋ္ဌတွေ၊ နယ်လုပ်ငန်းခွဲ အကြီးအကဲ တွေ၊ စီနီယာသိပ်မကျတဲ့ စီမံခန့်ခွဲမှု နယ်ပယ်ကလူတွေ အတွက်လည်း တက်ခွင့် ပေးနိုင်ပါလိမ့်မယ်"ဟု ဖူဒန်တက္ကသိုလ် စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း ဌာနမှူး မစ္စတာလျူက ပြောကြားသည်။
Credit To http://www.thevoicemyanmar.com

Related Articles:

Post a Comment