Sunday, June 16, 2013

`ပညာတတ်တစ်ယောက်၏ တန်ဘိုး´

(ပညာဟူသည်)

ရှေးဦးစွာ ပညာဟူသော ဝေါဟာရကို ရှင်းပြရန် လိုပေလိမ့်မည်။ `ပညာ´ဟူသော ပါဠိဝေါဟာရမှာ မြန်မာစကား၊ မြန်မာစာပေနယ်ပယ်မှာ များစွာအသုံးပြုခဲ့ကြ၊ အတိတ်ခေတ်များကပင် တွင်ကျယ်ခဲ့ကြသောကြောင့် မြန်မာဝေါဟာရကဲ့သို့ ဖြစ်နေကြသည်။

မြန်မာလူမျိုးများနှင့် အလွန်နီးစပ် အလွန်ရင်းနှီးနေသော ဝေါဟာရ၊ အများနားလည်သော အဓိပ္ပာယ်မှာ ငယ်စဉ်မှ တက္ကသိုလ်အထိ ဆိုင်ရာ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို ကျောင်းမှ ဆရာ၊ ဆရာမတို့က တပည့်ကျောင်းသားများကို စာသင်ခန်းထဲမှာ သင်ပြပို့ချပေးချက်များဟု ဖြစ်ပေသည်။ ဤအနက်အဓိပ္ပာယ် မမှားပါ။ မှန်သင့်သလောက် မှန်နေပါသည်။ ပညာဟူသည် ကျောင်း၊ ကျောင်းစာများနှင့် မကင်းနိုင်ပါ။ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်လေ့ရှိရာ ဤအနက်အဓိပ္ပာယ်မှာ ပေါ်လွင်ပါသည်။
သို့သော် မူရင်း ပါဠိဘာသာက ပြဆိုဝိဂြိုလ်ပြုထားချက်များနှင့် အဓိပ္ပာယ်ကောက်များကိုလည်း ထပ်ဆင့်လေ့လာမှတ်သား သင့်ထိုက်လှပါသည်။ ဆရာမြတ် ပါဠိစာပေပညာရှင်တို့၏ အဆိုအမိန့် ဖွင့်ဆိုထားချက်မှာ နည်းသုံးနည်းနှင့် အဓိပ္ပာယ်ဖော်ပြလေ့ရှိရာ ပထမဆုံး ဓာတ်မူလအနက်ကို ဆန်းစစ်ကြည့်ရန် လိုပေလိမ့်မည်။ ပါဠိအဋ္ဌကထာဋီကာ အဘိဓာန် ကျမ်းဂန်များ၌ ပ+ပ်ဥာ (ဥာ)ဓာတ် ပါရှိသည်။ `ပ´က ရှေ့ဆက်ပစ္စည်းဖြစ်၍ ထူးထူးခြားခြား အနက်များပြားမှု ရှိနေသလို (ဥာ)ဓာတ်က သိခြင်း၊ နားလည်ခြင်း၊ ခံယူခြင်းကို ထွန်းပြသည်။ ထို့ကြောင့် အသိတစ်ခုခု ပညာရပ် ဘာသာရပ်တစ်ခုခုကို ကွဲကွဲပြားပြား စုံလင်စွာ တတ်သိနားလည်၍ သဘောပေါက် မနောရောက် ရခြင်းကို ပညာဟူ၍ ၀ိဂြိုလ်ပြုကြသည်။
ယောဇနာ သမ္ဗာန် ပါဋ္ဌိသဒ္ဒါနည်းအရဆိုလျှင် ပညာဟူသော ပုဒ်တစ်ခုခုမှာ အသိရှင်း ဥာဏ်ပွင့်လင်းခြင်း `အာဘ´ အလင်းရောင်ဟု ဆိုလိုသည်။ ပညာသမာ အာဘာနတ္တိ၊ ပညာနှင့်တူသော (၀ါ) ယှဉ်ပြိုင်နိုင်သော အလင်းရောင်ဟူ၍ လောကမှာ မရှိဟု သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရားက ဟောတော်မူသည်။ သို့ဖြစ်ရာ နယ်ပယ်ကျဉ်းကျဉ်း မယူဆနဲ့။ မည်သည့် အသိပညာ အတတ်ပညာမဆို (၁) အပြစ်ကင်းလျှင် (၂) လက်တွေ့အသုံးချ အကျိုးပြုလိုလျှင် (၃) အများချမ်းသာကောင်းကျိုး ပြုနိုင်လျှင် ပညာပင် ခေါ်ရသည်။ ကျောင်းစာတက္ကသိုလ်စာသာမက၊ ဘ၀ပညာ သဘာဝတ္တ ပညာစရဏ သိက္ခာဂုဏ်ရည်ပညာကိုပါ ပညာဟု အနက်အဓိပ္ပာယ် ရရှိပေသည်။
တတိယနည်းမှာ နေတ္တနည်းပေဋကောပဒေသနည်း (အလင်္ကာ၊ ဥပစာ၊ ဥပမာနည်းမျိုးစုံဖြင့်) ဆောင်ယူချဲ့ယူရသော နည်းဖြစ်ရာ ပညာဟူသည် အခြားမဟုတ် ဥာဏ်(ဥာဏ)ပင် ဖြစ်သည်။ စွမ်းဆောင်နိုင်ခြင်း သတ္တိနှင့် ဗျတ္တိတို့သည်ပင် ပညာဟူသော အနက်အဓိပ္ပာယ်ရရှိသည်။ လိမ္မာယဉ်ကျေးသင်ယူတတ်မြောက်ရသော `ပညာမျိုး´သာမက မိမိ၏ ကိုယ်နှုတ်စိတ်မှာ သတ္တိစွမ်းအားရှိခြင်း (သျှက္ကတိ = သတ္တိ)သည်ပင် ပညာဖြစ်၏။ မှန်၏။ ဘ၀အခက်အခဲ ဘာသာရပ်တစ်ခုခု ခက်ခဲကျယ်ဝန်းစေခြင်း စသော ဘ၀ပညာ၌ အခက်အခဲကို ပညာဖြင့်ပင် ဖြေရှင်းအောင်မြင်ရန် ရဲရဲရင်ဆိုင်ဝံ့ခြင်း ဇွဲလုံ့လ သတ္တိရှိရခြင်းကိုပါ ထပ်ဆင့်နားလည် ရပေတော့သည်။ ဤအနက်အရ ပျင်းရိမှု၊ ပေါ့ဆမှု၊ အချောင်အလွယ်လိုက်မှု၊ ပကာသန ကြားချင်မှုဟူသော အညံ့စားစိတ် အပျော့စားအလုပ်ကို ဖယ်ရှားကျော်လွှားခြင်း ပြုရပေသည်။ ပညာမှာ သတ္တိရှိ၏။ သတ္တိရှိလျှင်လည်း ဗျတ္တိခေါ်စိတ်ထား ယဉ်ကျေးခြင်း ကြီးသူငယ်သူ ရွယ်တူတို့ကို ရိုသေလေးစားခြင်း ဂါရ၀မင်္ဂလ နိဝါတမင်္ဂလာလည်း ပူးတွဲပါဝင်လာတော့သည်။ ထို့ကြောင့်လည်း `ပညာ´ကို နက်နက်နဲနဲ သိရန် ရယူရန် မလွယ်ကူလှပေ။ သတ္တိဗျတ္တိရှိသောသူတို့၏ ဥစ္စာနှင့် ပန်းတိုင် ဖြစ်နေသောကြောင့်ပင်တည်း။
ပညာတတ်တစ်ယောက်၏တန်ဘိုး စာအုပ်တွင်ပါရှိသော စာရေးသူ-ဦးဟန်ဋ္ဌေး(သုတေသန)၏ ဆောင်းပါးမှ စာပိုဒ်အချို့အား ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည် ။
(ဖတ်ရှုသူအားလုံး ဗဟုသုတများ တိုးပွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်)

Credit To BoBo Kyaw facebook page

Related Articles:

Post a Comment