Sunday, June 16, 2013

အနီးအဝေး (အောင်သင်း)


သာမန်မျက်စိကောင်းသူများသည် စာဖတ်သောအခါ စာအုပ်နှင့်မျက်စိ ဆယ့်သုံးလက်မခန့် ခွာ၍ ဖတ်သင့်သည်ဟု ကျွန်တော်မှတ်သားခဲ့ဖူးပါသည်။ ဆယ့်သုံးလက်မထက် ပို၍ နီးလာလျှင် ၀ါး၍၀ါး၍ လာတတ်ပါသည်။ ကျွန်တော်တို့သည် “ဝေးလွန်း၍ မမြင်ရခြင်း” ကိုကား သတိပြုမိကြသည် ဖြစ်၏။ “နီးလွန်း၍ မမြင်ရခြင်း” လည်းရှိပါသေးသည်။

ကျွန်တော်တစ်ခါက အိန္ဒိယရုပ်ရှင်ကား တစ်ကားကို သွား၍ကြည့်ခဲ့ဖူးပါသည်။ အိန္ဒိယရုပ်ရှင် မင်းသမီးချော “မဒူဘာလာ” ကို ကျွန်တော်အလွန် ချစ်သည်။ ရုပ်ရှင်ကြည့်မည်ဟူသော အစီအစဉ်ဖြင့် သွား၍ ကြည့်ခြင်းမဟုတ်ပါ။ သွားရင်းဟန်လွှဲ အသည်းစွဲ “မဒူဘာလာ” ပါဝင်သော ရုပ်ရှင်ကားကို အသင့်တွေ့နေသောကြောင့်သာ ၀င်ကြည့်ခြင်း ဖြစ်ပါသည်။ ရုပ်ရှင်ပြချိန်ကလည်း နီးလှပြီ။ တစ်ကျပ်ခွဲတန်း လက်မှတ်ကုန်ပြီ။ နှစ်ကျပ်တန်းမှ ၀င်ကြည့်လျှင်လည်း ကျွန်တော် အပြန်စရိတ် မကျန်နိုင်။ သုံးမတ်တန်းကပင် ၀င်ကြည့်သည်။ သုံးမတ်တန်းတွင်လည်း လူကျပ်သောကြောင့် ရှေ့ဆုံးတန်းတွင်သာ နေရာရတော့သည်။ လက်မှတ်ယူ၍ ရုံထဲဝင်ပြီး နေရာတကျထိုင်မိမှ မော့ကြည့်လိုက်သည်။ ကျွန်တော့်ရှေ့တွင် ပိတ်ကား၊ ပိတ်ကားရှေ့က ကပ်လျက် ကျွန်တော်။

ရုပ်ရှင်စပြသောအခါ နီးကပ်လွန်းသောကြောင့် မော့ကြည့်နေရသည်။ လူကပိတ်ကားထဲသို့ ၀င်ရောက်နေဘိသကဲ့သို့ ဖြစ်လေရာ မျက်စိ ချိန်သားကိုက်အောင် မနည်း အားထုတ်ကြိုးပမ်းနေရသည်။ သည်ကြားထဲတွင် ဓာတ်ပုံဆရာကလည်း မဒူဘာလာ၏ အလှကို ကြွားဝင့်လိုက်သည်။ မကြာခဏ အနီးကပ် ရိုက်ကူးပြသလေသောကြောင့် ပိတ်ကားတစ်ခုလုံးမှာ မရွှေချော၏ မျက်နှာကြီးဖြင့် ပြည့်နေလေ့ ရှိသည်။ သီချင်းလေး တဟင့်ဟင့်ဆို၍ ပြုံးရွှင်ရယ်မောပြန်လျှင်လည်း သွားတစ်ချောင်း တစ်ချောင်း ဆန်ကောငယ်လောက်ရှိသည်ကို တွေ့မြင်ရပါသည်။ ရွှန်းစိုကြည်လဲ့သော မျက်လုံးအစုံမှာလည်း တစ်လုံးနှင့် တစ်လုံး ဆယ့်ငါးပေလောက် ကွာသည်။ ကျွန်တော့်မှာ စီရရီ ဖွေးနေသော ဧရာမသွားကြီးတွေကို ကြည့်လိုက်၊ ဟိုဘက်က မျက်လုံးကြည့်လိုက်၊ ဒီဘက်က မျက်လုံးဆီ လှမ်းကြည့်လိုက်နှင့် မဇ္စျိမတိုင်းသူ၏အလှကို တောင်ကြည့်မြောက်ကြည့်၊ ကျီးကန်းတောင်းမှောက် ခံစားနေရပါသည်။

မဒူဘာလာ၏အလှကို အာရုံခံစားလိုသဖြင့် ရုပ်ရှင်ကြည့်မိပါသော်လည်း ‘မျက်စိထဲသို့ အလှကမ၀င်၊ အလှထဲသို့ မျက်စိဝင်’ နေသဖြင့် အလှကို မမြင်ရဘဲ ရှိခဲ့ပါတော့သည်။ ပိတ်ကားကလည်း နီးလွန်းလှသည်။ ရွှေမင်းသမီး၏ မျက်နှာကလည်း ကြီးလွန်းလှသည်။
ဝေးလွန်းမှသာ မမြင်ရသည် မဟုတ်။ သေးလွန်းမှသာ မမြင်ရသည် မဟုတ်။ နီးလွန်းလျှင်လည်း မမြင်သာ ဖြစ်တတ်ချေသည်။ ကြီးလွန်းလျှင်လည်း မမြင်သာ ဖြစ်တတ်ချေသည်။

လျှပ်စစ်ဓာတ်မီးကို စတင်တီထွင်ခဲ့သော ‘အယ်ဒီဆင်’ ဆိုသူ အမေရိကန် သိပ္ပံပညာရှင်ကြီး ကွယ်လွန်သည့်နေ့တွင် နယူးယောက်မြို့တစ်မြို့လုံး ခေတ္တအမှောင်ချ၍ ပညာရှင်ကြီးကို အလေးပြုခဲ့ကြသည်။ မှောင်မိုက်နေသော အခါတွင်မှ အလင်းရောင်၏ ကျေးဇူးကို ပိုမို ဆင်ခြင်မိနိုင်ဖွယ် ဖြစ်သည်။ ဤသို့သော မှောင်မိုက်ကို တိုက်ဖျက်ပေးခဲ့ရှာသည့် အယ်ဒီဆင်၏ ကျေးဇူးကား ကြီးပေစွဟု ဆင်ခြင်နိုင်ဖွယ်လည်း ဖြစ်သည်။

အမေရိကန် ပြည်သူပြည်သားတို့သာမက တစ်ကမ္ဘာလုံးရှိ လူအများကလည်း အမှောင်ခွင်း၍ အလင်းဆောင်ခဲ့သည့် ဤသိပ္ပံပညာရှင်ကြီးကို ကျေးဇူးတင်ကြရကောင်းမှန်း သိပါသည်။ သို့သော်-
သို့သော် ကျွန်တော်တို့သည် နေမင်း၏ ကျေးဇူးကို ဘယ်နှစ်ခါများ လေးလေးနက်နက် ဆင်ခြင်ဖူးပါသနည်း။ နေမင်း၏ အလင်းရောင်ကြောင့် ချစ်သူ၏ မျက်နှာကို မြင်ကြရသည်။ သစ်ပင် သတ္တ၀ါ တို့ အသက်ရှင်ကြရ၏။ လောကကြီး ရပ်တည်နေနိုင် ခဲ့ပေ၏။ နေမင်း၏ ကျေးဇူးကား ပြော၍ မပြီး၊ ရေး၍ မကုန်အောင် ကြီးလှစွာ၏။ သို့သော်လည်း သူ၏ ကျေးဇူးမှာ ကြီးလွန်းလှသည် ဖြစ်သောကြောင့် သူ့အကြောင်းကို ထွေထွေထူးထူး အဆန်းလုပ်၍ တွေးမနေကြတော့ပြီ။

ကျွန်တော်သည် ညဥ့်ကာလတွင် တဖျပ်ဖျပ်တောက်ပနေသော ကြယ်ပွင့်တို့၏ အလှကို မြင်မိကြသည်။ တရွှန်းလဲ့လဲ့ ၀င်းသော လမင်း၏ အေးငြိမ့်သော အလှကိုလည်း မြင်မိကြသည်။ သို့သော်လည်း ဂြိုလ်ကြီးကိုးလုံးတွင် အပါအ၀င်ဖြစ်သည့် ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ဤကမ္ဘာ မြေကြီး၏ အလှကို ဘယ်နှစ်ခါ မြင်ဖူးကြသနည်း။ နီးလွန်းသောကြောင့် မမြင်နိုင်ကြလေပြီ။ မကြာမီက တီထွင်လိုက်သော ဂြိုလ်တုနှင့် လိုက်ပါသွားကြသူတို့ကို မူကား ဤကမ္ဘာမြေကြီး၏ အလှကို တအံ့တသြ တွေ့မြင်ခဲ့ကြရသည်ဟု ဆိုကြသည်။ အလှကို မြင်နိုင်ရန် ခပ်ဝေးဝေးသို့ ခွာတန်လျှင်လည်း ခွာပေးကြရပြန်သည်။

ကျွန်တော်တို့ မျက်စိများသာ မဟုတ်၊ ကျွန်တော်တို့၏ စိတ်များကလည်း နီးလွန်းလျှင် မမြင်၊ ကြီးလွန်းလျှင် မထင် ရှိတတ်သည်ဟု ကျွန်တော်တွေးမိသည်။
တစ်ခါတစ်ရံ ငွေကြေး ကျပ်တည်းနေသောအခါ ငါးဆယ်မျိုး၊ တစ်ရာမျိုး ဖေးမချေးငှားဖူးသော သူတို့၏ကျေးဇူးကို ‘သူ့ကျေးဇူး ရှိပေသည်’ ဟု တသသ ဆင်ခြင် သတိရမိတတ်ကြသော်လည်း တစ်သက်လုံး ကျွေးမွေး စောင့်ရှောက်လာခဲ့သော မိဘ၏ ကျေးဇူးကို လေးလေးနက်နက် ဆင်ခြင်မိခဲလှသည်ဟု ကျွန်တော်ထင်မိသည်။
မိမိအား တစ်စုံတစ်ခုသော အသက်ဘေးမှ ကယ်တင်လိုက်သောသူကို အသက်သခင် ကျေးဇူးရှင်ဟု ထပ်တလဲလဲ ချီးမွမ်း သတိရလေ့ရှိကြသော်လည်း ထိုအသက်ကို စတင်ပေါ်ပေါက်စေ၍ ကျွေးမွေးစောင့်ရှောက်ခဲ့သော အမိ၏ကျေးဇူးကို လှိုက်လှဲစွာ ဆင်ခြင်ရန် သတိရချင်မှ ရတတ်ပါသည်။

မဂ္ဂဇင်းတိုက်တစ်ခုတွင် မတော်တဆ ခဏကြုံတွေ့လိုက်စဉ် ကဗျာရေးနည်း ညွှန်ကြား လိုက်လေဖူးသော စာရေးဆရာကြီးတစ်ဦး၏ ကျေးဇူးကို မကြာခဏ ထုတ်ဖော်ပြောပြတတ်ပါသော်လည်း ကျောင်းစာသင်ခန်းတွင် မိမိအား နေ့စဉ်သင်ကြားပို့ချနေသည့် ဆရာ၏ ကျေးဇူးကိုကား အမှတ်မထင် ဖြစ်နေတတ်ပါသည်။

ကျွန်တော်သည် ရန်ကုန်က စာပေပညာရှင်ကြီး တစ်ဦးနှင့် ဆုံတွေ့ခဲ့ပါသည်။ ယခင်ကမူ ခြောက်လမှာတစ်ခါ တစ်နှစ်မှတစ်ခါ ဆိုသလိုသာ ဆုံတွေ့ခွင့် ရခဲ့သည်။  တွေ့ခွင့်ရသမျှသော အချိန်တွင်လည်း ထိုပုဂ္ဂိုလ်ကြီး၏ နှုတ်ဖျားမှ ယိုစီးကျလာသမျှ သြ၀ါဒများကြောင့်ပင် ကျွန်တော်၏ အတွေးအကြံမှာလည်း ‘တစ်ဖုံသစ်၍ တစ်ဖြစ်ပြောင်းခဲ့သည်’ဟု ယုံကြည်မိခဲ့ပါသည်။ ထို့ကြောင့် ယင်းပညာရှင်ကြီး၏ ကျေးဇူးကို မကြာခဏ လှိုက်လှဲစွာ ဆင်ခြင်မိဖူးပါသည်။

ယခု ကျွန်တော် ရန်ကုန်ရောက်လာသော အခါတွင်ကား ကျွန်တော်၏ ကျေးဇူးရှင် ဆရာကြီးနှင့် နေ့စဉ်လိုလို တွေ့နေရသည်။ သူ့သြ၀ါဒကိုလည်း မပြတ်ကြားနာနေရသည်။ သူ့ကျေးဇူးမှာလည်း ပို၍ ပို၍ ကြီးလာပါတော့သည်။ သို့သော်-
သို့သော် ယခုလက်ရှိ ကျွန်တော်၏စိတ်ကို သတိပြုဆင်ခြင် ကြည့်သောအခါ ထိုပုဂ္ဂိုလ်ကြီးကို ကျေးဇူးတင်ပုံမှာ ပေါ့ဆဆ ဖြစ်လာသကဲ့သို့ ထင်ရပါသည်။ ကျေးဇူးကိုကား ဆင်ခြင်မိပါ၏။ သို့သော်လည်း ယခင်က ကဲ့သို့ ရင်ထဲတွင် ရှိန်းလာလောက်အောင် ကျေးဇူးတင်ပုံမျိုး မဟုတ်တော့ပါ။ ‘ကြွေးများတော့မပူ၊ သန်းထူတော့ မယား’ ဆိုသော စကားကဲ့သို့ တစ်စတစ်စ ကျေးဇူးကြီးလွန်းလာသောကြောင့် မမြင်သလိုလို ဖြစ်လာခြင်းပေလောဟု အထင်ရောက်မိပါသည်။ ထို့ကြောင့် နီးလွန်း ကြီးလွန်းသော သူ၏ကျေးဇူးကို မျက်ခြည်မပြတ် ဆင်ခြင်မိပါလေအောင် အားထုတ်နေရပါသည်။

ထို့အတူ ဗုဒ္ဓမြတ်ရှင်၊ ခရစ်တော် စသော ပုဂ္ဂိုလ်မြတ်တို့၏ ကျေးဇူးတော်များကိုလည်း ကြီးလွန်း၍ မကွယ်လေအောင် နီးလွန်း၍ မကွယ်လေအောင် အားထုတ်၇ပါဦးမည်။

ကြီးလွန်းသောကြောင့် နီးလွန်းသောကြောင့် မမြင်သာသည့် ဘေးအန္တရာယ်များကော မရှိနိုင် ဘူးလား။
ဝေးလွန်းမှ မမြင်သာသည် မဟုတ်။ သေးလွန်းမှ မမြင်သာသည် မဟုတ်။ နီးလွန်းလျှင်လည်း မမြင်သာပါတကား။ ကြီးလွန်းလျှင်လည်း မမြင်သာပါတကား။

အောင်သင်း
(လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ)

နေရာမှ ကူးယူဖော်ပြသည်။

Related Articles:

Post a Comment