Wednesday, June 19, 2013

ပဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်ရေးအတွက် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ ဆွေးနွေးခဲ့


Wednesday, June 19, 2013

ဇွန်လ(၁၆) ရက်နေ့ က ခရစ်တော်ပေါ်တွင် အခြေခံသော မိတ်သဟာယဖွဲ့ ခြင်းအခမ်းအနားကို တောင်ငူမြို့ ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့  မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ ဒုတိယဥက္ကဌ ဆရာတော်ကြီး Rev.Dr ဦးဇော်ဝင်းအောင်၊ အထွေထွေ အတွင်းရေးမှူးဆရာတော် Rev.ဦးစောရွှေလင်း နှင့် အသင်းတော်များမှ ဆရာတော်များ၊ ဓမ္မဆရာ၊ ဓမ္မဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနား၌ မှော်ဘီမြို့ တွင် ကျင်းပပြီးစီးခဲ့သော “ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင် ဆွေးနွေးပွဲ” မှ ထုတ်ပြန်ခဲ့သော ကြေညာချက်အပေါ် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များမှ ဆွေးနွေးသဘောတူညီခဲ့ ကြသည်။ ထိုကြေညာချက်အပေါ်တွင် မူတည်ပြီး ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များမှလည်း “အတူတကွ ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံခြင်းဖြင့် ဆက်လက် နေထိုင်သွားကြမည်” ဟု သဘောတူညီခဲ့ကြသည်။
“ ကျွန်ုပ်တို့ သည် တစ်ဦးနှင့်တစ်ဦး တစ်ဘာသာနှင့်တစ်ဘာသာ အပြန်အလှန် ရိုင်းပင်းကူညီဖေးမခြင်းဖြင့် ရင်းနှီး ချစ်ခင်စွာ နေထိုင်ခြင်းဖြင့် ဘုရားသခင် အလိုတော်နှင့်ညီသော နိုင်ငံတော်တည်ဆောက်ခြင်းမှာ ပါဝင် ကြဖို့  အင်မတန်မှ အရေးကြီးနေတယ်ဆိုတာကို ခံယူပြီးတော့ မိမိတို့ ပတ်ဝန်းကျင်မှာ လူပီသစွာ လူ့ တန်ဖိုးရှိစွာဖြင့် မေတ္တာနိုင်ငံ ကို တည်ဆောက်နိုင်ဖို့  တစ်တောင့်တစ်နေရာကနေ ပါဝင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ ဒုတိယ ဥက္ကဌ ဆရာတော်ကြီး Rev.Dr ဦးဇော်ဝင်းအောင်က ပြောကြားခဲ့သည်။
“ကျင်းပပြီးစီးခဲ့တဲ့ မှော်ဘီ သံဃာအစည်းအဝေးကြီးကနေ ကြေညာချက်(၅) ချက်ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ ပဋိပက္ခကို ဗုဒ္ဓနည်းနဲ့ ဖြေရှင်းဖို့  ဖော်ပြထားပါတယ်။ ဒီတော့ ကျွန်တော်တို့ ကလည်း ပဋိပက္ခကို ဖြေရှင်းတဲ့နေရာမှာ ဗုဒ္ဓနည်းနဲ့  ပဲ ဖြစ်ဖြစ်၊ ခရစ်တော်နည်းနဲ့ ပဲဖြစ်ဖြစ်၊ အဓိကက ငြိမ်းချမ်း ရေး ရရှိဖို့ ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ကို သဘောတူပါတယ်။” ဟု အထွေထွေအတွင်းရေးမှူးဆရာတော် Rev.ဦးစောရွှေလင်းက ပြောကြားခဲ့သည်။
ကြေညာချက်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအနေဖြင့် တရားဥပဒေစိုးမိုးရေးကဏ္ဍကို အလေးထားသည်ကို တွေ့ ရ ကြောင်း၊ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကိုလက်ခံသည်ဟု ဖော်ပြထားသည်ကို ထောက်ခံကြောင်း၊ နိုင်ငံသားအချင်းချင်းတစ်ဦး နှင့်တစ်ဦး အပြန်အလှန်လေးစား နားလည်မှုများ ရှိကြရန် အချက်ကိုလည်း တွေ့ ရကြောင်း၊ စသည့် အချက်များကို လက်ခံသဘောတူသည်ဟု ဆရာတော်ဦးစောရွှေလင်းက အသေးစိတ်ဆွေးနွေး ပြောကြားခဲ့သည်။
“ ကြေညာချက်ပေးပို့ တဲ့ ဗုဒ္ဓဘာသာဆရာတော်က အကြံပြုချင်တာရှိရင် ပြောပါလို့ ပြောပါတယ်။ ဒီမှာ ကျွန်တော် အကြံပြုချင်တာ က အခါအားလျော်စွာ ဘာသာပေါင်းစုံတွေ့ ဆုံဆွေးနွေးပြီး ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြရန် ဆိုတဲ့ နေရာမှာ “အခါအားလျော်စွာ” အစား “အမြဲတမ်း” ဆိုတာကိုတော့ ပြောင်းချင်ပါတယ်။” ဟု သံဃာအစည်းအဝေးဧ။် ကြေညာချက်အပေါ် ဆရာတော်ဦးစောရွှေလင်းက သူဧ။် အမြင်ကို ဆွေးနွေးပြောကြားခဲ့သည်။ “ကျွန်တော်က အခါအား လျော်စွာ ထက် အမြဲတမ်းပေါ့။ ပြီးတော့ ကြုံမှ ဆိုတာထက် အမြဲတမ်းတွေ့ ဆုံနေတာမျိုးကို လိုချင်ပါတယ်။” ဟု ဖြည့်စွက် လိုသည့် အချက်အပေါ် ၄င်းဧ။် သဘောထားကို ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာရောက်ရှိခဲ့သည့် အချိန်ကို သမိုင်းပညာရှင်များဧ။် အကူအညီရယူပြီး ခိုင်လုံသော အထောက်အထားဖြင့် တိတိကျကျမှတ်တမ်းပြုစုရန်ထည့်သွင်းထားသည်ကိုလည်း ထောက်ခံကြောင်း၊ ကျွန်တော်တို့  အဖိုးအဖွားများ လက်ထက်မှစပြီး အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ရာ မည်သည့် ပြဿနာမျှ မရှိခဲ့ကြောင်း၊ ဖြင့် အထွေထွေ အတွင်းရေးမှူးဆရာတော်က ဆက်လက်ပြောကြားခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ခရစ်ယာန်အသင်းတော်များကောင်စီမှ ဥက္ကဌ ဆရာတော် Rev.Dr ဦးတင်မောင်အေး မှလည်း “ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အခြားမိတ်ဆွေ ဘာသာတရားများသည် ဘုရားသခင်ရဲ့ ထူးမြတ်သော ကောင်းချီး မင်္ဂလာဆိုတာ ကို ၀န်ခံရပါမယ်။ ကျွန်တော်တို့ နဲ့ ဆက်နွယ်နေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များဟာ အကိုကြီး အဖရာပါ။ ဆရာတော်ကြီးတို့ က ကျွန်တော်တို့ ကို ဦးဆောင်သွားရမှာပါ လို့  ပြောတဲ့ အခါ ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ ကလည်း အလွန်ကို သဘောကျ ကျပါတယ်။ လူ့ အသီးသီးတို့ နှင့် အသင့်အတင့်နေခြင်းငှာ မှီအောင်လိုက်လော့ ဟု ကျမ်းစာတွင် ပါဝင်ပါတယ်။ တစ်ပါးသူကို ကိုယ့်ထက် ချီးမြှောက်ကြလော့ ဟု လည်း ကျမ်းစာမှာပါ ပါတယ်။ ” ဟု ၄င်းဧ။်သဘောထားကို ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သည်။
“ ကချင်ဒေသမှာ ကျွန်တော်တို့ ၇ဲ့  အသင်းတော်တွေ လှဲသွားတာကို ဗုဒ္ဓဘာသာဆရာတော်ကြီးတွေက မေတ္တာပြခဲ့ကြ ပါတယ်။ ဒါအပြင် ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာမှစပြီး အခြားခြားသော ဘာသာကြီးတွေရပ်တည်တဲ့နေရာ မှာ ကျွန်တော်တို့  အတွက် ကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုတာ နားလည်ပြီး အတူတကွ ဒွေးနှောယှက်တင်ပြီး နေကြဖို့ ရာ ဘုရားသခင်ကလည်း မိန့် ကြားပါတယ်။” ဆရာတော် Rev.Dr ဦးတင်မောင်အေးမှ ဆက်လက်ပြောကြားသွားခဲ့သည်။
အခမ်းအနားတွင် “ ယခုတောင်ငူမြို့ တွင်ကျင်းပခဲ့သော ခရစ်ယာန် အသင်းတော်များဆွေးနွေးပွဲသည် မိမိတို့ တိုင်းပြည် အတွင်းရှိနေသော လူအမျိုးမျိုး ဘာသာအသီးသီးအတွက် တစ်တောင့်တနေရာကနေ အုတ်တစ်ချပ် သံတစ်ပွင့် ပါဝင်နိုင်တဲ့ အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်ဧ။် ကျေးဇူးတော်အရိပ်အာဝါသအောက်တွင် တိုင်းပြည်ကြီး ရှေ့ သို့  ချီတက်နိုင်ပါစေ လို့  မေတ္တာပို့ ဆုတောင်းအပ်ပါတယ်။” ဟု ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမှ ဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

Credit To The Street View

Related Articles:

Post a Comment