Tuesday, June 18, 2013

နဂါးရယ်၊ လင်းယုန်ရယ်၊ ဒေါင်းရယ်

Photo: နဂါးရယ်၊ လင်းယုန်ရယ်၊ ဒေါင်းရယ် 
-------------------------------------
ရေးသားသူ- ရဲမိုး

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်မလာမီ ခြောက်ရက်အလိုက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အနာဂတ် ပထ၀ီနိုင်ငံရေးအတွက် မဟာဗျူဟာမြောက် စကားတစ်ခွန်းကို ပြောခဲ့သည်။
 
“ကျွန်တော်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံးပစိဖိတ်သမ္မတဖြစ်တယ်”
 
ပစိဖိတ်သမုဒ္ဒရာထဲက ဟာဝိုင်ယီကျွန်းမှာမွေးသည့် အိုဘားမားက အာရှပစိဖိတ်ဒေသသည် အမေရိကန်တို့အတွက် အချက်အချာအကျဆုံးနေရာဖြစ်ကြောင်း ဒေသတွင်းက မဟာမိတ်များနှင့် ပြိုင်ဘက်များကို သတိပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကြီးထွားလှုပ်ရှားလာသည့် တရုတ်နဂါးကို သုတ်ဖို့ပြင်ဆင်သည့် အမေရိကန်လင်းယုန်၏ တပ်လှန့်သံဖြစ်သည်။
 
အိုဘားမား တိုကျိုမြို့မှာ မိန့်ခွန်းမပြောခင်တစ်နှစ်တိတိအလို ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံခြား
ဝန်ကြီးဟီလာရီကလင်တန်က “အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ် ရာစုနှစ်”ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို   (Foreign Policy) မဂ္ဂဇင်းကြီးမှာ ရေးခဲ့သည်။

“အာရှပစိဖိတ်ဒေသသည် ကမ္ဘာ့နိုင်ငံရေး၏ အဓိကမောင်းနှင် အားဖြစ်လာခဲ့ပါပြီ”ဟု ဟီလာရီက ရေးသားခဲ့သည့်အပြင် "လာမည့် ၁၀ နှစ်အတွင်း ကျွန်မတို့အနေနဲ့ အချိန် နဲ့စွမ်းအင်တွေကို ဘယ်မှာမြှုပ်နှံ မယ်ဆိုတာကို စမတ်ကျကျနဲ့ စနစ် တကျလုပ်နိုင်ဖို့လိုအပ်တယ်။ ဒါမှ (ကမ္ဘာပေါ်မှာ)ကျွန်မတို့ရဲ့ ခေါင်းဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်”ဟု မြန်မာနိုင်ငံအပါအ၀င် အာရှပစိဖိတ်နိုင်ငံများ၏ မဟာဗျူဟာမြောက်မှုကို ဖော်ပြခဲ့သည်။
 
သမ္မတဂျော့ခ်ျဒဗလျူဘွတ်ရှ် လက်ထက်က “အကြမ်းဖက်သမား နှိမ်နင်းရေး”များဖြင့် လုံးချာလည် လိုက်ခဲ့သည့်အတွက် ဒေသတွင်း ကြီးထွားလာသည့် တရုတ်နိုင်ငံ၏ တန်ခိုးသြဇာကို တန်ပြန်အရေးယူမှုအားနည်းခဲ့မှုကို ပြန်လည်ပြင်ဆင်ဖို့ အရေးတကြီးကြိုးစားလာကြခြင်း ဖြစ်သည်။ 
 
အမေရိကန်တို့ အနေနှင့် တရုတ်ကို သေနတ်တစ်ချက်မဖောက်ဘဲ ချုပ်ကိုင်နိုင်ဖို့က အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေနံများကို တရုတ်တို့တင်သွင်းရာ မလက္ကာရေလက်ကြားနှင့် အနောက်ပစိဖိတ်ဒေသကို ရေတပ်ဖြင့် ပိတ်ဆို့လိုက်ဖို့ ဖြစ်သည်။
 
“မလက္ကာပြဿနာ (Malacca Dilemma)” ဟု တရုတ်ခေါင်းဆောင်တို့ ခေါင်းခဲသည့် အနာဂတ် စိန်ခေါ်မှုအတွက်  ထွက်ပေါက်   Plan  B  ကို တရုတ်တို့ ဦးနှောက်မုန်တိုင်းဆင်ခဲ့ကြသည်။
 
၂၀၀၄ ခုနှစ် သြဂုတ်လမှာ ယူနန်တက္ကသိုလ်က ပညာရှင်တစ်စုက မြန်မာနိုင်ငံစစ်တွေမြို့မှ တရုတ်ပြည်ကူမင်းသို့ ရေနံပိုက်လိုင်းသွယ်တန်းဖို့ ပီကင်းအစိုးရကို စာတမ်းတစ်စောင်တင်ပြခဲ့သည်။ နောင်ဖြစ်လာမည့် ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းများအတွက်အကြိုစိတ်ကူးဖြစ်ပါသည်။
 
မလက္ကာရေလက်ကြားကို ပိတ်ဆို့ခံရလျှင် လောင်စာဆက်လက်ရရှိရေး အခြားအစီအမံများအဖြစ် တရုတ်-ရုရှရေနံပိုက်လိုင်း၊ တရုတ်-ကာဇက်စတန်ရေနံပိုက်လိုင်း၊  တရုတ်-ရုရှဓာတ်ငွေ့ပိုက်လိုင်း၊ တရုတ်-တာ့က်မင်နစ်စတန်ဓာတ် ငွေ့ပိုက်လိုင်း၊ တရုတ်-ပါကစ္စတန် ဓာတ်ငွေ့ပိုက်လိုင်းနှင့် တရုတ်-မြန် မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ကို သွယ်တန်းဖို့အားထုတ်ခဲ့ကြသည်။
 
မြန်မာသည် တရုတ်တို့အ တွက် အရေးကြီးသည့်   Plan B   ဖြစ်လာခဲ့ပြီ။
 
၂၁ ရာစုကို တရုတ်တို့စိုးမိုးဖို့ အတွက် ပီကင်းကရေးဆွဲသည့် မဟာဗျူဟာက “သမုဒရာနှစ်စင်းမူဝါဒ”(Two Oceans Policy)   ဖြစ်သည်။ သဘောက တရုတ်ပြည်၏ အရှေ့ဘက်ကမ်းရိုးတန်းများရှိ ပစိဖိတ်သမုဒ္ဒရာနှင့် တောင်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ထားဖို့ပင်ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်လျှင် အမေရိကန်ရေတပ်၏ ရန်က ရှောင်ကွင်းနိုင်မည့်အပြင် ပြိုင်ဘက်အိန္ဒိယနိုင်ငံကိုလည်း ဟန့်တားနိုင်မည်ဟု ပီကင်းက တွေးခဲ့သည်။ သို့သော် တရုတ်ပြည်၏ ပထ၀ီအနေအထားက အိနိယ သမုဒရာကို ချုပ်ကိုင်ဖို့အခွင့်အရေး မပေးပါ။ ထိုအခါ တရုတ်တို့ 
“တောင်ဘက်မျှော်” (Look South) ဗျူဟာကို ထပ်မံရေးဆွဲကြပါသည်။ သဘောကတော့ တရုတ်ပြည်၏ တောင်ဘက်ရှိ မြန်မာနိုင်ငံကတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ဖို့ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ တောင်ဘက်ရှိ ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ်ထွက်ပေါက်ရဖို့ မြန်မာနိုင်ငံကို “စင်္ကြံဒေသ” (Transport Corridor) အဖြစ် အသုံးပြုဖို့လွန်ခဲ့သည့် နှစ်အစိတ်ခန့်ကတည်းက တရုတ်ပညာရှင်များ တွေးတောခဲ့ကြသည်။

အမေရိကန်တို့အတွက် တရုတ်ကို ဒေသတွင်း “ပိတ်ဆို့မှု” (Containment) ပြုလုပ်ဖို့ အကောင်းဆုံးနှစ်နိုင်ငံက မြန်မာနှင့် ဗီယက်နမ်ဖြစ်သည်။ နှစ်နိုင်ငံလုံးမှာ တစ်ချိန်က တရုတ်နှင့် စစ်ခင်းခဲ့သော သမိုင်းရှိခဲ့ပြီး ပင်လယ်ထွက်ပေါက် များကိုလည်း ချုပ်ကိုင်ထားကြ သည်။ ၁၇၆၅ မှ ၁၇၆၉ ခုနှစ်အ ထိ ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ စစ်ပွဲများမှာ တရုတ်ကျူးကျော်တပ်များကို ဆင်ဖြူရှင်၏ တပ်များက လေးကြိမ်တိုင် အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့ကြသည်ကို ပထ၀ီ နိုင်ငံရေးသမားများ မှတ်မိကြသည်။

အိမ်နီးချင်း ၁၄ နိုင်ငံနှင့် ထိစပ်နေသည့် တရုတ်ကိုယ်တိုင်က ဒီမိုကရေစီမဟုတ်သည့်အတွက် ကပ်လျက်နိုင်ငံများကို ဒီမိုကရက်တစ် ဖြစ်စေချင်သည့် ဆန္ဒရှိဟန်မတူပါ။ သူ့နယ်နိမိတ်နှင့်ကပ်လျက်ရှိသည့် အာဏာရှင်နိုင်ငံများကို လုံခြုံရေး အတွက် ကြားခံနယ်မြေ(Buffer Zone) အဖြစ် မွေးမြူလိုသူဖြစ်သည်။
 
မရေတွက်နိုင်သည့် ပြဿနာများပေးနေသည့်တိုင် မြောက်ကိုရီးယားကို တရုတ်တို့ မွေးထားရခြင်းသည် ဒီမိုကရက်တစ်ဖြစ်သည့် တောင်ကိုရီးယားနှင့် အိမ်ချင်းမထိစပ်ချင်သည့် မူဝါဒကြောင့်ဖြစ်သည်။
 
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် တရုတ်နိုင်ငံအတွက် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ယူဆောင်ထားခဲ့သည်။
 
သို့နှင့် စွမ်းအင်၊ လုံခြုံရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အချက်အမျိုးမျိုးက မြန်မာကို တရုတ်တို့အတွက် အရေးကြီးဆုံးသော့ချက်နေ ရာတစ်ခုဖြစ်လာဖို့ တွန်းပို့ခဲ့ကြသည်။
 
တရုတ်နှင့် အမေရိကန်တို့၏ ပထ၀ီနိုင်ငံရေးကစားပွဲတွင် မြန်မာသည်အရေးပါသည့် ကျားကွက်တစ်ခုဖြစ်လာပါသည်။ အခြားအရေးပါသည့် ကစားသမားများအဖြစ် အိန္ဒိယနှင့် ဂျပန်တို့လည်း ကြိုးဝိုင်းအတွင်းကို ၀င်ရောက်လာခဲ့ကြပါပြီ။ “အာရှပစိဖိတ်ခေတ်”မှာ မြန်မာရှေ့တန်းက နေရာရဖို့ကြိုးပမ်းအားထုတ်သင့်သည်။ အမေရိကန်ကို အ လွန်အမင်းတိမ်းညွှတ်သည့်အတွက် ရုရှ၏ ကျူးကျော်မှုကိုခံခဲ့ရသည့် ဂျော်ဂျီယာ၏ သင်ခန်းစာကို ယူသင့်သလို တရုတ်ကို အလွန်အမင်းတိမ်းညွှတ်သည့်အတွက် အနာဂတ်အမှီ အခိုကင်းမှုကို ဆုံးရှုံးရသည့် ကမ္ဘောဒီးယား၏ သင်ခန်းစာကိုလည်း လေ့လာသင့်ပါသည်။ တစ်ဖက်ဖက်ကို လောင်းကြေးအားလုံးချထိုးသည့် ဗျူဟာကို မယုံစားသင့်ပါ။
 
မြန်မာတို့ ပါးနပ်ဖို့အချိန်ဖြစ်သည်။ ပထ၀ီနိုင်ငံရေးကတော့ ကျွန်တော်တို့ဘက်မှာရှိနေသည်။ တရုတ်နဂါးနှင့် အမေရိကန်လင်းယုန်တို့ အကြားမှာ မြန်မာ့ဒေါင်းလှလှပပကပြဖို့လိုပါလိမ့်မည်။

Credit To 7Day Journal

Related Articles:

Post a Comment