Thursday, June 20, 2013

ဦးသိန်းစိန်နှင့် ဒေါ်စုခေတ်လွန် နိုင်ငံရေး

Written by  ပိုက်တင်
လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီးဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ မြောက်မြားစွာ ရှိနေတဲ့ကြားက တိုးတက် ဖြစ်ထွန်းမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတာ ငြင်းလို့ မရနိုင်ပါဘူး။ နိုင်ငံရေးအရ တိုးတက်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကြောင့် တစ်ကမ္ဘာလုံးကတောင်မှ ရင်သပ်ရှုမော ဖြစ်ရတဲ့ အခြေအနေ၊ အသိအမှတ် မပြုဘဲ၊ မထောက်ခံဘဲ နေလို့ မရတဲ့အခြေအနေ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုဟာလည်း မကြာခင် သိသိသာသာ ဖြစ်ပေါ်တော့မယ် ဆိုတာ IMF လို အဖွဲ့အစည်းကြီးတွေက တောင်မှ ခန့်မှန်း တွက်ဆနေကြ ပါပြီ။ ဒါပေမဲ့ ဒီတိုးတက် ဖြစ်ထွန်းမှု အရှိန်အဟုန်များကို ရေရှည် တည်တံ့အောင် ထိန်းသိမ်း နိုင်ပါ့မလား၊ ပြည့်ဝတဲ့ ဒီမိုရေစီစနစ် ဖြစ်ထွန်းတဲ့အထိ ရောက်နိုင်ပါ့မလား ဆိုတာကိုတော့ အလေးအနက် စဉ်းစား သုံးသပ်မှုတွေ ပြုလုပ်တာ တော်တော် နည်းပါးနေသေးတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေက အနာဂတ် ခိုင်မာဖို့ အာမခံချက် အပြည့် မပေးနိုင်သေးပါဘူး။ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့ Stakeholder တွေအားလုံး မီးကုန်ယမ်းကုန် အားထုတ် ကြရပါဦးမယ်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်း သမ္မတ ဦးသိန်းစိန်ရဲ့ အားထုတ် ကြိုးပမ်းမှုတွေကို ပြည်တွင်းပြည်ပက လက်ခံ အသိအမှတ် ပြုကြတဲ့အခါ လူမှုရေး အသင်းအဖွဲ့တစ်ခု အဖြစ်ကနေ အသွင်ပြောင်းလာတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အနေအထားဟာ အကြီးအကျယ် ပြောင်းလဲ သွားခဲ့တယ်လို့ ဆိုရမယ် ဖြစ်ပါတယ်။ လူထုက ယုံကြည်မှု မရှိဘဲ ဆန့်ကျင် ရှုတ်ချခံရတဲ့ အနေအထားကနေ လူထု ထောက်ခံမှု မရသေးရင် တောင်မှ အရင်လို ခါးခါးသီးသီး အမုန်းခံရတဲ့ အနေအထားကနေ လွတ်မြောက် လာတယ်လို့ ဆိုရမှာပါ။ ပါတီရဲ့ စွမ်းဆောင်မှုရယ်လို့ လူထု အတွက် ထိရောက်အောင် ပီပီပြင်ပြင် လုပ်နိုင်တာ မရှိလှသေးပေမယ့် အာဏာရပါတီ ဖြစ်လာပြီး အဲဒီပါတီကို ကိုယ်စားပြုတဲ့ အစိုးရရဲ့ ရပ်တည်ချက်က ဒီမိုရေစီ လမ်းကြောင်းဆီ ဦးတည်တယ်လို့ ယုံကြည် လောက်အောင် အစိုးရက စွမ်းဆောင် နိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း အားနည်းချက် အချို့ ရှိနေပေမယ့် အစိုးရရဲ့ ရပ်တည်ချက်ကို ခြုံကြည့် လိုက်ရင် တော်တော်များများ လက်ခံနိုင်တဲ့ အနေအထားမှာ ရှိနေလေတော့ အာဏာရပါတီ အနေနဲ့ အားသွန် ခွန်စိုက် ကြိုးပမ်းနိုင်ရင် လူထု ထောက်ခံမှု အချို့ကို မျှော်လင့်နိုင်တယ်လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိ သမ္မတရဲ့ စွမ်းဆောင်ချက်တွေက ကောင်းမွန်လို့သာ ထောက်ခံမှုများ ရရှိလာတာ ဖြစ်လေတော့ ဒါဟာ ပါတီကို ထောက်ခံခြင်း မဟုတ်သေးဘူး ဆိုတဲ့အချက်ကို သတိပြုဖို့ အထူးလိုအပ်ပါတယ်။ သမ္မတဖြစ်သူ အနားယူပြီးတဲ့ နောက်မှာ ပါတီပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် သူတွေ လိုအပ် နေပါသေးတယ်။ မဟာဗျူဟာ နည်းဗျူဟာတွေ ကောင်းကောင်းရှိတဲ့ ပါတီဖြစ်တာ နဲ့အညီ Plan B သာမက Plan C တောင် ရှိချင်ရှိနေ နိုင်တာကြောင့် နောက်ထပ် ဆက်ခံမယ့် ခေါင်းဆောင်တွေလည်း လေ့ကျင့် ပြင်ဆင်ထားပြီးသား အဆင်သင့်ရှိနေမှာ အသေအချာ ဖြစ်ပါတယ်။

အစိုးရသစ် ပေါ်ပေါက်လာပြီး နောက်ပိုင်း ပြည်တွင်းကကော နိုင်ငံတကာကပါ လက်ခံလာခြင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်များ ကိုယ်တိုင်က ကြိုတင် မျှော်လင့်ထားပုံ မရပါဘူး။ အစပိုင်းမှာ ထောက်ခံမှုတွေ အတွက် အံ့အားတသင့် ရှိနေခဲ့ပုံရပါ တယ်။ နောက်ပိုင်း သမ္မတကို ထောက်ခံ အားပေးမှုတွေ တအား အရှိန်ရလာတဲ့အခါ ပါတီအနေနဲ့ အစွမ်းကုန် အားထုတ်ဖို့ လိုအပ်ပြီလို့တော့ သိမြင်လာပုံ ရပါတယ်။ တစ်လောက ပါတီဒုဥက္ကဋ္ဌ တာဝန်ယူထား သူက ၂၀၁၅ ဟာ သူတို့အတွက် သိပ်ကြီးမားတဲ့ ရည်မှန်းချက် မဟုတ်ဘဲ လူထု အကျိုးစီးပွားကို ဖော်ဆောင်ပေး ဖို့သာ အဓိက ရည်မှန်းထားကြောင်း ပြောသွားတာ ကြားမိတော့ တော်တော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိ အနေအထားမှာ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ အမှန်တကယ်လည်း အခုလိုရေရှည် ရည်ရွယ်ချက်မျိုး ခိုင်ခိုင်မာမာ ချမှတ်ထားသင့်တာ ဖြစ်ပြီး လူထု ထောက်ခံမှုရတဲ့ (ဒီမိုကရေစီ အင်အားစုတွေ ကိုယ်စားပြုတယ်လို့ ဆိုတဲ့) ပါတီတွေကတောင် ဒီလိုစကားမျိုး ပြောသံဆိုသံ မကြားရသေးပါဘူး။ အာဏာရပါတီ အနေနဲ့ အမှန်တကယ် ရည်ရွယ်ချက် ရှိပုံလည်းရပြီး ဒီလို ရည်ရွယ်ချက်မျိုး ပါတီကြီးတစ်ခုမှာ ရှိနေခြင်းက တိုင်းပြည် အနာဂတ် ကောင်းမွန်ရေးအတွက် ကောင်းမွန်တဲ့ အာမခံချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ စောစောက ပြောသလိုပါပဲ။ ခေတ်ဟောင်း (စစ်အုပ်ချုပ်ရေး)ကနေ ပေါက်ဖွားလာတဲ့ ပါတီ ဖြစ်လေတော့ လူထု ထောက်ခံမှု အခိုင်အမာ ရချင်တယ်ဆိုရင် တခြားပါတီတွေထက် အဆပေါင်း များစွာ ကြိုးစား အားထုတ်မှသာ တန်ရုံ ကျပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ လူထုကကော နိုင်ငံတကာကပါ ထောက်ခံအားပေးနေတယ် ဆိုတာ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကိုသာ ထောက်ခံအားပေး နေတာဖြစ်ပြီး သူ့ မိခင်ပါတီကို ထောက်ခံနေခြင်း မဟုတ်ဘူးဆိုတာ ပါတီဝင်များအနေနဲ့ ဂရုပြုမိကြမှာလည်း သေချာပါ တယ်။
"ဒီလို လူထုထောက်ခံမှုကို အလွယ်တကူလေးနဲ့ ရရှိနေခြင်းက ဒေါ်စု တစ်မျက်နှာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရား ဖြစ်ပါတယ်။ ဒေါ်စုသာ နိုင်ငံရေးလောကမှာ ရှိမနေတော့ရင် အခုရနေတဲ့ လူထုထောက်ခံမှုကို ဆက်ထိန်းထားနိုင်ဖို့ ..."
အနာဂတ်မှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့ တစ်နည်းအားဖြင့် လာမယ့် ရွေးကောက်ပွဲတွေမှာ လုံလောက်တဲ့ ထောက်ခံမဲတွေ ရရှိနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေ နေပုံလည်း ရှိပါတယ်။ အမှန်တကယ် တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်လိုတဲ့ စိတ်စေတနာ မှန်ရင် လူထုကကော နိုင်ငံတကာကပါ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကို မဆို ထောက်ခံ အားပေးမှာပဲ ဆိုတဲ့ လက်တွေ့သင်ခန်းစာကိုလည်း ရရှိသွားပုံရှိပါတယ်။ ဒါပေမဲ့သမ္မတ ဦးသိန်းစိန် ခေတ်လွန်ကာလမှာ လက်ရှိ ပြည်တွင်း ပြည်ပထောက်ခံမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အတွက်ကတော့ အာဏာရ ပါတီကြီးအတွက် အခက်ခဲဆုံး ရုန်းကန်ရမယ့် စိန်ခေါ်မှုကြီး ဖြစ်နေပါတော့တယ်။

အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD အနေနဲ့ကတော့ အာဏာရပါတီနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေဆဲပါ။ အာဏာရ ပါတီက လူထု ထောက်ခံမှုရဖို့ ခဲရာခဲဆစ် ကြိုးစားဖို့ လိုသလောက် NLD အနေနဲ့ကတော့ လူထုထောက်ခံမှု (အများစု) ကို အသာလေးနဲ့ ရနေတဲ့၊ နောက်ထပ်လည်း ရနေဦးမယ့် အနေအထားပါ။ ၁၉၉၀ ရွေးကောက်ပွဲ ကာလကတည်းက တစ်ခဲနက် ထောက်ခံခဲ့တဲ့ လူထုက အခု လောလောဆယ်မှာလည်း အတိုက်အခံ ပါတီကြီးကို ရာခိုင်နှုန်း တော်တော်များများ ထောက်ခံဆဲ ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီလို လူထုထောက်ခံမှုကို အလွယ်တကူလေးနဲ့ ရရှိနေခြင်းက ဒေါ်စု တစ်မျက်နှာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရား ဖြစ်ပါတယ်။ ဒေါ်စုသာ နိုင်ငံရေးလောကမှာ ရှိမနေတော့ရင် အခုရနေတဲ့ လူထုထောက်ခံမှုကို ဆက်ထိန်းထားနိုင်ဖို့ ဆိုတဲ့ အချက်က အတိုက်အခံ ပါတီကြီးအတွက် အခက်ခဲဆုံး စိန်ခေါ်မှုကြီး ဖြစ်ပါ လိမ့်မယ်။
ဒီတော့ ဦးသိန်းစိန်နဲ့ ဒေါ်စုခေတ်လွန် မြန်မာ့နိုင်ငံရေးဟာ ဘယ်လိုဘယ်ပုံ ရှိမယ်လို့ ကြိုတင် တွက်ဆ ပြောဆိုဖို့ မလွယ်လှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင် အစိုးရဆီက အလွယ်တကူ အမွေဆက်ခံခွင့် ရခဲ့ခြင်း၊ အင်အားအရ တခြားပါတီများထက် များစွာ သာလွန်တောင့်တင်း ကောင်းမွန်ခြင်းနဲ့ လက်ရှိ တာဝန်ယူနေတဲ့ အစိုးရ (သမ္မတ) ကို ပြည်တွင်းပြည်ပ ထောက်ခံမှု ရှိခြင်းစတဲ့ အားသာချက်တွေရှိတဲ့ အာဏာရပါတီရော ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အများကြည်ညို လေးစားသူ လူထု ခေါင်းဆောင်ကြောင့် လူထုနဲ့ နိုင်ငံတကာ ထောက်ခံမှုဆိုတဲ့ အားသာချက် ရှိနေတဲ့ အတိုက်အခံပါတီပါ ဦးသိန်းစိန်နဲ့ ဒေါ်စု ခေတ်လွန်ကာလမှာ နိုင်ငံရေးအရ အောင်မြင်မှု ဆက်လက်ရရှိဖို့၊ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နိုင်ဖို့ တော်တော် ခက်ခက်ခဲခဲ လုပ်ရပါလိမ့်ဦးမယ်။ ဒီပုဂ္ဂိုလ် နှစ်ယောက်စလုံးက တစ်ချိန်ချိန်မှာ နိုင်ငံရေးလောကကနေ တစ်စုံတစ်ရာသော အကြောင်းတရား နဲ့ ထွက်ခွာကြမှာပါပဲ။ အဲဒီအချိန်ရောက်ရင် အဆိုပါ ပါတီကြီး နှစ်ခုအတွက်ရော မြန်မာနိုင်ငံနဲ့ မြန်မာလူထုအတွက်ပါ လက်ရှိ ကောင်းမွန်နေတဲ့ နိုင်ငံရေး အခြေအနေတွေ တည်တည် ငြိမ်ငြိမ်နဲ့ ဆက်လက် ဖြစ်ထွန်းနေဖို့ အရေးကြီးလှပါတယ်။ အခုအချိန်ကတည်းက ကြိုတင် စဉ်းစားပြီး ပြင်ဆင်လုပ်ကိုင်ဖို့ ပါတီနှစ်ခုစလုံးက စဉ်းစား နေလောက်ပြီလို့ ယူဆရပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်စု ခေတ်လွန်ကာလ နိုင်ငံရေးကို သေချာပေါက် ကြိုတင် ခန့်မှန်းလို့ရတဲ့ အချက်အလက်အချို့တော့ ရှိနေပါတယ်။
၁။ ပြည်နယ် အသီးသီးက တိုင်းရင်းသားပါတီတွေက အင်အား ပိုကောင်းလာနိုင်ပြီး တိုင်းရင်းသားပါတီတွေ အချင်းချင်း ပူးပေါင်းမှုတွေ သေချာပေါက် ရှိလာနိုင်ပါတယ်။ ပြည်နယ် အသီးသီးက လူထုရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီများ အပေါ် ထောက်ခံမှုဟာလည်း အကြီးအကျယ် မြင့်တက် လာပါလိမ့်မယ်။
၂။ စီးပွားရေးအရ အထိုက်အလျောက် ဖွံ့ဖြိုး တိုးတက်မှုများ ရှိလာခဲ့မယ်၊ နောက်ထပ် တာဝန်ယူမယ့် ပါတီခေါင်းဆောင်တွေက လက်ရှိ သမ္မတလို လူထုထောက်ခံမှု ရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် လက်ရှိ အာဏာရပါတီဟာလည်း အခြေအနေ ကောင်းလာနိုင်ပါတယ်။
၃။ တိုင်းရင်းသားပါတီ မဟုတ်တဲ့ အခြားပါတီများထဲက အင်အားချို့တဲ့ နည်းပါးတဲ့ ပါတီငယ်များဟာ ၂၀၁၅ နောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားနိုင်ပါတယ်။
၎။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်တွင်း ပြည်ပ ထောက်ခံမှု ရနေတဲ့ အတိုက်အခံ ပါတီကြီး အနေနဲ့ကတော့ အဲဒီအချိန်ကျမှ ပိုမိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ရနိုင်ပါတယ်။
၅။ လူထုကလည်း ပါတီကိုရော လူပုဂ္ဂိုလ်ကိုပါ စနစ်တကျ ရွေးချယ်တတ်တဲ့ ဓလေ့ တဖြည်းဖြည်း ရင့်ကျက်လာနိုင်ပြီး ဒီလိုဖြစ်လာမယ်ဆိုရင် ဒီမိုကရေစီရေး အတွက် ကြီးစွာသော အထောက်အပံ့ ရရှိပါလိမ့်မယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြရတဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးဟာ တည်တည် ငြိမ်ငြိမ်နဲ့ ဆက်လက် ဖြစ်ထွန်းနေဖို့အတွက် နိုင်ငံရေး ပါတီများမှာသာမက လူထုမှာပါ တာဝန်ရှိနေတာ ဖြစ်ပြီး အလွယ်တကူ ရရှိခဲ့တာ မဟုတ်တဲ့ မျှော်လင့်ချက်တွေ၊ အခွင့်အလမ်းတွေကို အလွယ်တကူပဲ ပြန်လည် ပျက်စီး ဆုံးရှုံးမသွားရစေအောင် ၀ိုင်းဝန်း ထိန်းသိမ်း ကြိုးပမ်းကြစေလိုပါကြောင်း လေးစားစွာ သတိပေး တိုက်တွန်း လိုက်ပါတယ်။
Credit To  http://www.thevoicemyanmar.com

Related Articles:

Post a Comment