Tuesday, July 16, 2013

လွှတ်တော်မှ ဖိနှိပ်ရေး ဥပဒေများကို ထုတ်ပြန်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်တွင်သာ ရှိနေဦးမည်ဟု ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး(၁) ပြောကြား


လွှတ်တော်မှ ဖိနှိပ်ရေး ဥပဒေများကို တစ်ခုပြီးတစ်ခု ထုတ်ပြန်နေမည် ဆိုပါက အာဏာရှင်စနစ် အောက်တွင်သာ ရှိနေဦးမည်ဟု ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင်က ပြောကြားသည်။
ဇူလိုင် ၁၄ ရက် က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ၉/၂၀၁၃ ဆွေးနွေးပွဲတွင် စစ်အာဏာရှင်စနစ် ရှိသေးသလားဟူသော အချက်နှင့် ပတ်သက်သော မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာရှင်စနစ် ရှိမရှိ ဆိုသည်မှာ ပြည်သူလူထု အများစု၏ ဘ၀များ ဘယ်လောက် အဆင်ပြေနေပြီလဲ ဆိုသည့်အချက်နှင့် အာဏာသည် မည်သူ့လက်ထဲမှာ ရှိသလဲ ဆိုသည်များကို မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း၊ ကားများတင်သွင်းခွင့် ပေးလိုက်သော်လည်း ပြည်သူလူထု အများစုမှာ စက်ဘီးပင် မစီးနိုင်ကြသေးကြောင်း၊ အာဏာသည် လွှတ်တော်မှာ ရှိသလား၊ သမ္မတလက်ထဲမှာ ရှိသလား၊ ဘယ်သူ့လက်ထဲမှာ ရှိသလဲ ဆိုသည့်အချက်များကို ဗိုလ်မှူးကြီး စောလွင်က မေးခွန်းထုတ် ပြောကြားခဲ့သည်။
''အာဏာဟာ ပြည်သူလူထု လက်ထဲမှာ မရှိသေးသရွေ့၊ တိုင်းပြည်ကို အုပ်ချုပ်နေတာက ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေသေးသရွေ့၊ လူထုရဲ့ အခြေခံ အခွင့်အရေးတွေ မရသေးသရွေ့၊ လွှတ်တော်ကလည်း ဆက်သွယ်ရေး ဥပဒေတို့လို၊ ပုံနှိပ် ဥပဒေတို့လို ဖိနှိပ်ရေး ဥပဒေတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြန်နေသရွေ့၊ စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးပေးပါလို့ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်တဲ့ သူတွေကို ငြိမ်းချမ်းစွာ စုဝေးခွင့်ဥပဒေနဲ့ တရားစွဲနေသရွေ့ ဒါဟာ အာဏာရှင်စနစ် အောက်မှာပဲ ရှိနေဦးမှာပဲ'' ဟု ဗိုလ်မှူးကြီး စောလွင်က ဆိုသည်။
ထို့ပြင် လက်ရှိပြဿနာများ၊ ပြည်တွင်းစစ်များ ဖြစ်နေခြင်းမှာ အမြင်များ ကွဲပြားခြင်းကြောင့် မဟုတ်ဘဲ အကျိုးစီးပွားချင်း ကွဲပြားခြင်းကြောင့်သာ ဖြစ်ကြောင်း၊ တက်လာသမျှ အစိုးရ အဆက်ဆက်က ပြည်သူလူထု၏ လိုလားချက် မှန်သမျှကို အကြမ်းဖက် ဖိနှိပ်ခြင်းဖြင့် နင်းခြေအုပ်ချုပ်နေမည် ဆိုပါက စစ်အာဏာရှင် စနစ်သာ ဖြစ်နေမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ပြည်နယ်သတ်မှတ်ခြင်း ကိစ္စများကိုလည်း သက်ဆိုင်ရာ ကာယကံရှင်ဖြစ်သည့် လူမျိုးစု တိုင်းရင်းသားများက ရွေးချယ်ခွင့်ရခဲ့ခြင်း မဟုတ်ကြောင်း၊ ယင်းကဲ့သို့ သတ်မှတ်ရန် တိုင်းရင်းသားများ အားလုံးပါဝင်သည့် ညီလာခံကြီး တစ်ခုကို ပြုလုပ်ပြီး သဘောတူ သတ်မှတ်သင့်ကြောင်း၊ ယင်းကဲ့သို့သာ သတ်မှတ်လိုက်မည် ဆိုပါက စစ်တပ်အာဏာ သိမ်းခြင်းမှလွဲ၍ မည်သို့မျှ ပြောင်းလဲနိုင်တော့မည် မဟုတ်ကြောင်းလည်း ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်
Credit To Eleven News Journal 

Related Articles:

Post a Comment