Friday, July 19, 2013

လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ



ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

စီးပွားရေးပညာတွင် အခြေခံအကျဆုံး ဝေါဟာရများထဲတွင် ပါဝင်သော လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ အကြောင်းကို လေ့လာ ကြည့်လျှင် ယင်းနှစ်ခု၏ အဓိပ္ပာယ်မှာ မတူကွဲပြားသည်ကို သိနိုင်ပါသည်။

ဥပမာ- ချမ်းသာသောမိသားစု၏ ကလေးငယ်တစ်ဦးက iPad သင်ပုန်း ကွန်ပျူတာလိုချင်၍ ငိုခြင်းနှင့် ဆင်းရဲသောမိသားစု၏ ကလေးငယ် တစ်ဦးက ကျောက်သင်ပုန်းနှင့် ကျောက်တံလိုချင်၍ ငိုခြင်း၏ အဓိပ္ပာယ် မတူနိုင်ပါ။ ချမ်းသာသောမိသားစုတွင် ကွန်ပျူတာ တစ်လုံးထက်မက ပိုင်ဆိုင်နိုင် နေသော်လည်း ဆင်းရဲသော မိသားစုတွင်မူ ကျောက်သင်ပုန်းနှင့် ကျောက်တံပင် မပိုင်ဆိုင်၍ စာရေးစာဖတ် မပြုလုပ်နိုင်ခြင်းများလည်း ရှိနိုင်ပေလိမ့်မည်။

ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်၏ လိုအင်ဆန္ဒများနှင့် လိုအပ်ချက် များသည် မည်သို့သော အခြေခံ အကြောင်းတရားများပေါ်တွင် မူတည်ကာ ကွဲပြားခြားနားနိုင်သနည်း ဆိုသည့် အချက်သည် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ တစ်ချိန်တည်းတွင် လူတစ်ဦး အသက်ရှင်ရပ်တည်နေနိုင် ရေးအတွက် မရှိမဖြစ် လိုအပ်သော (အရေးပါသော) စားဝတ်နေရေးတွင် မည်သို့သော လိုအပ်ချက်များ ရှိသင့်ရှိထိုက်သည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ယနေ့ခေတ် ကုန်ထုတ်လုပ်မှု နည်းပညာ တိုးတက်မှု၊ IT နည်းပညာ တိုးတက်မှု တို့နှင့်အတူ သမိုင်းဦးဘုံမြေခေတ်က လူသားတို့နှင့် ယနေ့ခေတ် လူသားတို့၏ လိုအင်ဆန္ဒများ မတူညီလာသည်ကို တွေ့ရသည်။ သမိုင်းဦး ဘုံမြေခေတ်က လူသားတို့တွင် လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များသည် များများစားစား ကွဲပြားမှု မရှိသေးသော်လည်း ယနေ့ခေတ် လူသားတို့ကို လေ့လာကြည့်လျှင် လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များသည် ရောထွေးမှု ရှိလာသည်ကို သတိပြုမိသည်။

ဥပမာ- ယခင်က မိသားစုတစ်ခုတွင် Desktop ကွန်ပျူတာဟုခေါ်သော စားပွဲတင် ကွန်ပျူတာတစ်လုံး ရှိခြင်းကပင်လျှင် လိုအင်ဆန္ဒနှင့် လိုအပ်ချက် ဖြစ်ခဲ့သော်လည်း ထပ်မံ၍ပေါ်လာသော Notebook အရွယ် ကွန်ပျူတာ၊ Netbook ဟုခေါ် သော ကွန်ပျူတာမှသည် ယနေ့ခေတ် ရေပန်းစားလာသော Tablet ကွန်ပျူတာ အရွယ်စုံသည် လိုအပ်ချက်ဟုလည်း ပြောနိုင်သလို လိုအင်ဆန္ဒဟုလည်း ပြောနိုင်ပေလိမ့်မည်။

အကြောင်းမှာ လူသားတို့၏ နေ့စဉ် ဘဝဖြတ်သန်းမှု ပုံသဏ္ဌာန်သည် ပြောင်းလဲလာသော်လည်း လူသားတို့၏ အဓိကအကျဆုံး သို့မဟုတ် အခြေခံ အကျဆုံးဖြစ်သော အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် အရေးပါသော လိုအပ်ချက်များမှာမူ မပြောင်းလဲသေး သည်ကို တွေ့နိုင်သည်။

တစ်လောက ထိုင်းနိုင်ငံတွင် မူလတန်းကျောင်းသား ကျောင်းသူများ အား သင်ပုန်းကွန်ပျူတာ အခမဲ့ဝေငှပေးခြင်းကို တွေ့ မြင်ရပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး အင်အားကို တွေ့မြင်ရပြီး ထိုင်းနိုင်ငံတွင် ဆင်းရဲသော မိသားစုများတွင် ပင်လျှင် အခြေခံလိုအပ်ချက်များကို ကျော်လွန်ကာ လိုအင်ဆန္ဒ များကိုပင် ဖြည့်ဆည်းပေးနေ နိုင်သော နိုင်ငံအဆင့် သို့မဟုတ် စီးပွားရေး အဆင့်သို့ ရောက်ရှိနေပြီဟု စာရေးသူပင် မြင်မိသည်။

အထက်တွင်ရေးခဲ့သလို ချမ်းသာသောမိသားစု၏ ကလေးငယ်က iPad သင်ပုန်းကွန်ပျူတာ လိုချင်၍ ငိုခြင်းနှင့် ဆင်းရဲသော မိသားစု၏ ကလေး ငယ်က ကျောက်သင်ပုန်းနှင့် ကျောက်တံလိုချင်၍ ငိုခြင်းတို့၏ အနက် အဓိပ္ပာယ်ကို စဉ်းစားကြည့်လျှင် ယင်းနိုင်ငံတွင် ချမ်းသာသော မိသားစုက မည်ရွေ့မည်မျှ ရှိ၍ ဆင်းရဲသောမိသားစုက မည်ရွေ့မည်မျှ ရှိနေနိုင်သနည်း (တစ်နည်းအားဖြင့် ဆင်းရဲမွဲတေမှု ပမာဏ) ဟူသောအချက်ကိုပါ စဉ်းစားရန်လိုသလို၊ ယင်းနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့ အပြန်အလှန် တည်ရှိမှု ပုံသဏ္ဌာန်တို့ကိုပါ ရုပ်လုံးဖော်ကြည့်ရန် လိုပေလိမ့်မည်။
တစ်နည်းအားဖြင့် အခြေခံလိုအပ်ချက်များကို တစ်စတစ်စ ပိုမို ကောင်းမွန်စေရန် (အရှိန်အဟုန်ဖြင့်) ဖြည့်ဆည်းပေးနိုင်ရန် အတွက် လိုအပ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို အစဉ်တစိုက် ပြုလုပ်ပေးရန် လိုအပ်လေ့လည်း ရှိတတ်ပါသည်။

လူသားတို့မည်သည် မွေးဖွားခြင်းမှသည် သေဆုံးခြင်းဟူသော အချိန်ကာလ တစ်ခုကို မဖြစ်မနေ ဖြတ်ကျော်ကြရာတွင် မိမိတို့မွေးဖွားကြီးပြင်း သေဆုံးရာ ဒေသနိုင်ငံ၏ အနေအထားပေါ် မူတည်ကာ မိမိတို့၏ အသက်ရှင်ချိန် ကာလအတွင်းရှိ လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ ကွဲပြား သွားသည် ဆိုသည်ကို တွေ့မြင်နိုင်သည်။

မွေးဖွားခြင်းမှ သေဆုံးခြင်းသို့ ပစ္စုပ္ပန်၏ လူတိုင်း လူတိုင်းကြုံတွေ့ရ သော အချိန်ကာလများသည် နောက်ထပ် (အနာဂတ်) မွေးဖွားခြင်းမှ သေဆုံးခြင်းသို့ ထပ်မံရောက်ရှိလာစေမည့် လူသားများ၏ အချိန်ကာလ များနှင့် ဆက်စပ်မှုရှိစေသည် ဆိုသည်ကိုလည်း တွေ့မြင်နိုင်သည်။

ထိုသို့ဆိုလျှင် အရာရာတိုင်းသည် ပြောင်းလဲခြင်းသဘော (တစ်နည်းအားဖြင့် Time Dimension သဘောအရ ပြောင်းလဲမှု) သည် မည်သည့် လူသားတို့ အပေါ်တွင်မဆို သက်ရောက်မှု ရှိစေခြင်းဖြစ်သည်။ ယနေ့ ဖွံ့ဖြိုးပြီး နိုင်ငံတို့၏ နိုင်ငံသားတို့သည်လည်း အတိတ်ကာလ တစ်ချိန်က ယင်းတို့၏ ဘိုးဘွားအဆက်ဆက်များက စနစ်တကျ တည်ဆောက်ခဲ့သော နိုင်ငံရေး စနစ်များနှင့် စီးပွားရေး စနစ်များ၏ အကျိုးဆက်အဖြစ် ယင်းနိုင်ငံများ (နိုင်ငံသားများ) ၏ လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ ကွဲပြားသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

Credit To The Voice Weekly

Related Articles:

Post a Comment