Friday, July 19, 2013

အဖွဲ့အစည်းတိုင်းအတွက် အရေးပါသည့် မဟာဗျူဟာကျစွာ စီမံခန့်ခွဲမှု (Strategic Management) ---



ဘိုစိန်

မဟာဗျူဟာကျစွာ စီမံခန့်ခွဲခြင်းမှာ ဖွဲ့စည်းဆောင်ရွက်ခြင်း (formulation) ၊ အကောင်အထည် ဖော်ခြင်း (implementation) နဲ့ အဖွဲ့အစည်းရဲ့ ဦးတည်ရည်ရွယ်ချက်များအား အောင်မြင်ပေါက်မြောက် စွာ ဆောင်ရွက်နိုင်စေတဲ့ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များကို အကဲဖြတ်သုံးသပ်ခြင်း (evaluation) တို့ ပါဝင်ပါတယ်။

Strategy Formulation မှာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အားသာချက်များ (strengths) နဲ့ အားနည်းချက်များ (weaknesses) ကို လေ့လာဆန်းစစ်ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အဖွဲ့အစည်း ရဲ့ ပြင်ပမှာ ရှိနေတဲ့ ဖြစ်ပေါ်နေတဲ့ အခွင့်အလမ်းတွေကို ရှာဖွေနိုင်ရ မှာဖြစ်သလို ခြိမ်းခြောက်မှု တွေကိုလည်း ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ mission ကို တိတိကျကျဖော်ပြထားရပါမယ်။ အကောင်အထည်ဖော်မယ့် ရည်ရွယ်ချက်တွေ(objectives)ကို ချမှတ်ထားရပါမယ်။ အလှည့်အပြောင်း ဆောင်ရွက်နိုင်မယ့် မဟာဗျူဟာများ(alternative strategy)ကိုလည်း ချမှတ်ထားရမှာဖြစ်သလို အဆိုပါမဟာဗျူဟာများကို ဆန်းစစ်သုံးသပ်ထားရပါမယ်။ မဟာဗျူဟာများအနက် ဘယ်အချက်များကို ထိရောက်အောင်မြင် စွာ ဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ထားရပါမယ်။

Strategy Formulation ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ အဓိကလုပ်ဆောင်ချက် ၃ရပ်ဖြစ်တဲ့ လေ့လာသုတေသနပြုခြင်း (research )၊ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း(analysis) နဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း (decision making)တို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Research လုပ်ရာမှာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာရော အဖွဲ့အစည်းပြင်ပက အခြေအနေကိုပါ လေ့လာရမှာဖြစ်ပါတယ်။ Research မှာ management အပိုင်း၊ marketing အပိုင်း၊ finance အပိုင်း၊ production အပိုင်း နဲ့ research and development အပိုင်း စတဲ့ ဌာနများကဲ့သို့ အရေးပါတဲ့ ဌာနများမှာ အဓိက အားနည်းချက်၊ အားသာချက်တွေ ကို ဖော်ထုတ်နိုင်ရမှာဖြစ် ပါတယ်။

Analysis လုပ်ရာမှာတော့ ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ဖြစ်နေတဲ့ အားနည်းချက်၊ အားသားချက်တွေ ကို ပြင်ပမှာဖြစ်နေတဲ့ ရှိနေတဲ့ အခွင့်အလမ်းတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုက်ညီအောင် ဆောင်ရွက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ မဟာဗျူဟာတွေကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။

မဟာဗျူဟာကျစီမံခန့်ခွဲခြင်းရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ Strategy Implementation မှာ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဦးတည်ချက်များ(goals) နဲ့ မူဝါဒများ (policies) ချမှတ်ကာ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ကာလတိုဆောင်ရွက်မယ့် ရည်မှန်းချက်၊ ဦးတည်ချက်တွေကို Goals လို့ ဖော်ပြနိုင်ပြီး အဲဒီ Goal များဟာ အဖွဲ့အစည်းရဲ့ ဌာနတိုင်းမှာ ရှိသင့်ပါတယ်။ ကုမ္ပဏီကြီးတွေမှာတော့ Corporate ရဲ့ ဦးတည်ရည်မှန်းချက်၊ Divisional ရဲ့ ဦးတည်ရည်မှန်းချက်နဲ့ Functional ရဲ့ ဦးတည်ရည်မှန်းချက်ဆိုပြီး သတ်မှတ်လေ့ရှိကြပါတယ်။ Goal တွေ သတ်မှတ်ပြီးရင်တော့ အဲဒီ Goal တွေကို အကောင်အထည်ဖော်နိုင်ဖို့ မူဝါဒတွေ (Policies)ကိုလည်း ချမှတ်ရပါမယ်။

Strategy Implementation မှာ ၀န်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာ နဲ့အလုပ် လုပ်ကိုင်လိုစိတ်၊ ညီညီညွတ်ညွတ်နဲ့ အဖွဲ့အစည်း ရဲ့ပန်းတိုင်ပေါက်မြောက်အောင် ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ရှိနေအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ချမှတ်ထားတဲ့ မဟာဗျူဟာတွေကို အောင်မြင်ပေါက်မြောက်အောင် ဆောင်ရွက်ဖို့အတွက် အရင်းအမြစ်တွေကို ခွဲဝေပေးခြင်း (allocating resources)များ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ အရင်းအမြစ်တွေမှာ လုပ်ငန်းအထောက်အကူပြု စက်ကိရိယာတွေ၊ ဘက်ဂျက်ခွဲဝေပေးမှုတွေ၊ ပညာရှင်ပိုင်းနဲ့ လုပ်သားများ ခွဲဝေပေးမှုတွေ စတာတွေ ပါဝင်ပါတယ်။

မဟာဗျူဟာကျ စီမံခန့်ခွဲခြင်းရဲ့ တတိယအပိုင်းဖြစ်တဲ့ Strategy Evaluation က အဖွဲ့အစည်းကချမှတ်ထားခဲ့တဲ့ formulation နဲ့ implementation များရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို စောင့်ကြည့် အကဲဖြတ်လေ့လာနေခြင်းပဲဖြစ်ပါတယ်။ အဖွဲအစည်းအတွင်းနဲ့ အဖွဲ့အစည်းပြင်ပအခြေအနေများ ဟာ ပြောင်းလဲနေတာဖြစ်တဲ့အတွက် ဒီအပိုင်းဟာလည်း Strategic Management မှာ အရေးပါလျက် ရှိပါတယ်။ အောင်မြင်တဲ့အဖွဲ့အစည်းတွေဟာ ပြောင်းလဲမှုများအတိုင်း လိုက်လျောညီထွေ လိုက်ပါဆောင်ရွက်နိုင်ကြ ပါတယ်။

အဖွဲ့အစည်းအတွင်းနဲ့ ပြင်ပမှာ သိသိသာသာ အပြောင်း အလဲတွေဖြစ်ခဲ့ရင် အဲဒီအပြောင်းအလဲများနဲ့ လိုက်လျောညီထွေဆောင်ရွက်နိုင်ဖို့အတွက် အလှည့်အပြောင်း ပြုလုပ်နိုင်မယ့် မဟာဗျူဟာများ(alternative strategies) ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ဒီနေ့ အောင်မြင်မှုတွေဟာ မနက်ဖြန်အတွက် အာမခံနိုင်တဲ့အနေအထားမရှိပါဘူး။ ဒါကြောင့် Strategy Evaluation ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Strategy Evaluation မှာ ချမှတ်ထားတဲ့ မဟာဗျူဟာများက လက်ရှိအခြေအနေနဲ့ကိုက်ညီမှုရှိ/ မရှိ။ ကိုယ့်အဖွဲ့ အစည်းတွင်းက အားသာချက်များဟာ ဆက်လက်ပြီး အားသာမှုရှိနေရဲ့လား။ အားနည်းချက်များက ဆက်လက် ပြီး အားနည်းနေဆဲ လား။ ပြင်ပအခွင့်အလမ်းများက ဆက်လက်ပြီး ရှိနေဆဲလား။ အလားတူ ပြင်ပက ခြိမ်းခြောက်မှုများက ဆက်လက်ပြီးရှိနေဆဲလား စတဲ့အချက်တွေကို စိစစ်သုံးသပ်ရမှာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ အဖွဲ့အစည်းက ချမှတ်ထားတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်များ အမှန်တကယ် ပေါက်မြောက် အောင်မြင်မှုရှိ/မရှိကို အကဲဖြတ်ရမှာဖြစ်ပါတယ်။

ကိုယ့်အဖွဲ့အစည်းအတွင်းနဲ့ ပြင်ပမှာ ပြောင်းလဲနေတဲ့အခြေအနေများ၊ အကောင်အထည်ဖော်နိုင်မှုများကို စဉ်ဆက်မပြတ်အကဲခတ်လေ့လာနေရ မှာဖြစ်ပါတယ်။ မဟာဗျူဟာကျ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဟာ စဉ်ဆက် မပြတ်ဆောင်ရွက်နေရမှာဖြစ်ပြီး ပြီးဆုံးသွားတယ်လို့ မရှိပါဘူး။

ကုမ္ပဏီကြီးတွေ အဖွဲ့အစည်းကြီးတွေ အောင်မြင်ဖို့အတွက် မဟာဗျူဟာကျ စီမံခန့်ခွဲမှု (strategy management) ဟာ အရေးပါလျက်ရှိသလို ကုမ္ပဏီငယ်များ လုပ်ငန်းငယ်များ အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက်လည်း မဟာဗျူ ဟာကျစီမံခန့်ခွဲမှုဟာ လွန်စွာအရေးပါလျက်ရှိပါတယ်။
Source: Concepts of Strategic Management

Credit To Pinya Magazine.

Related Articles:

Post a Comment