Wednesday, July 17, 2013

ပြုံးတတ်အောင် လုပ်ပေးကြပါ



(ဘခက်)

မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှ လူငယ်လေး နှစ်ယောက်ရဲ့ လှုပ်ရှားမှု တစ်ခုကို Facebook ပေါ်မှာ ဗီဒီယို Clip တစ်ခုအနေနဲ့ ကြည့်လိုက်ရပါတယ်။

စိတ်ချမ်းသာစရာ မြင်ကွင်းမှာ လူငယ်လေး နှစ်ယောက်ဟာ သူတို့ စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ ကုန်တိုက် တစ်တိုက်မှာ ငှက်ပျောသီးတွေ သွားဝယ်တယ်။ အိမ်ပြန်ပြီး သူတို့ အသုံးမလိုတဲ့ (မဝတ်တော့တဲ့ အဝတ်တွေ) ကို ယူပြီး လမ်းတစ်လျှောက်မှာ ရှိနေတဲ့ အိုးမဲ့ အိမ်မဲ့၊ တောင်းရမ်း စားသောက်နေ သူတွေကို တစ်ယောက် ငှက်ပျောသီး တစ်လုံးနဲ့ အင်္ကျီ တစ်ထည်စီ လိုက်ပြီး ဝေမျှပေးနေတာတွေကို တွေ့လိုက်ရပါတယ်။ ဒီဗီဒီယိုရဲ့ ထူးခြားချက်က သူတို့ကို တစ်ခုခုပေးပြီး သူတို့ ပြန်ယူတာက အပြုံးလေးတွေ ပါပဲ။

နွမ်းပါးတဲ့၊ ဆင်းရဲတဲ့၊ မရှိလို့ စိတ်ပျက်နေတဲ့ သူတွေထံကနေ အပြုံးလေး တစ်ခုခုကို ရအောင်ယူပြနိုင် တဲ့ သူတို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို ချီးကျူး လေးစားမိတယ်။

သူတို့ ဆောင်ပုဒ်လေးကိုလည်း ဗီဒီယို အဆုံးမှာ တွေ့လိုက်ရသေးတယ်။ “သင့်အပြုံးတွေကို တစ်ယောက်ယောက်ကို ပေးလိုက်ပါ။ တစ်နေ့လုံး နေမင်း ကြီး ထွန်းလင်း တောက်ပနေသလို သူတို့ ခံစားနေ ရပါလိမ့်မယ်။ ဒီအပြုံးတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးကို မပြောင်းလဲနိုင်ဘူးဆိုရင်တောင် သူတို့ ကမ္ဘာလေးကိုတော့ ပြောင်းလဲ သွားစေနိုင်ပါတယ်” တဲ့လေ။ မှတ်သားလောက်တဲ့ စကားလေးပါပဲ။ သူတို့ ဗီဒီယို Clip လေးရဲ့ ခေါင်းစဉ်ကိုက အပြုံး (Smile) ဖြစ်ပါတယ်။

တစ်လောက ၃၁ လမ်းထိပ် လမ်းဘေး ထမင်းဆိုင်မှာ ထမင်းစားပြီး ပိုက်ဆံ မပေးလို့ဆိုပြီး ထမင်းဖိုးနဲ့ မတန်အောင် လူ့အသက် တစ်ချောင်းကို ရက်စက်စွာ ရိုက်နှက်နေတဲ့ ဆိုင်ရှင် မိသားစုကို ကြည့်ပြီး မြန်မာတွေ ရဲ့ မေတ္တာတရား ခေါင်းပါးမှုကို အံ့သြသွားမိတယ်။ ထမင်းစားတဲ့သူက စုတ်စုတ်ပြတ်ပြတ်ပါပဲ။ စိတ်လည်း သိပ်နှံ့ပုံ မပေါ်ဘူး။ ဒါကို မရောင်းချင်ရင် အစကတည်းက မရောင်းလို့ ရပါလျက်နဲ့ ရောင်းပြီးမှ ပိုက်ဆံ မပေးနိုင်လို့ ဆိုပြီး ခေါင်းတွေကွဲ၊ လက်တွေပြဲ၊ သွေးရဲရဲဖြစ်အောင် ဝိုင်းရိုက်နေ တဲ့ မြင်ကွင်းကတော့ မြန်မာနိုင်ငံလို နေရာမျိုး၊ ဆူးလေဘုရားနဲ့ နီးတဲ့ နေရာ မျိုးမှာ အရုပ်ဆိုး အကျည်းတန် လှတယ်။

မကြာသေးမီကပဲ ဘားလမ်း အနီးမှာ အရူး တစ်ယောက်က အကြော်ဆိုင် ကနေ အကြော်တစ်ခု ယူပြေးလို့ လိုက်ထိုးတဲ့ မြင်ကွင်းကိုလည်း ကြုံခဲ့ ရပါတယ်။ အကြော်လေး တစ်ခုအတွက် သူ့ခမျာ လမ်းဖြတ်ပြေးလို့ ကားတိုက်မလိုဖြစ်၊ လူ သုံးယောက်လောက်က ဝိုင်းထိုးတဲ့အပြင် ဝိုင်းထိုးတဲ့ လူတွေက ပတ်ဝန်းကျင်က လူတွေကို မဆိုင်သူ မကပ်နဲ့၊ အားလုံး သေကုန် မယ်လို့ ခြိမ်းခြောက်တဲ့ အဖြစ်ကို အများနဲ့ သုံးယောက်၊ ဓမ္မနဲ့ အဓမ္မ ဒီအတိုင်းပဲ ရပ်ကြည့်နေရတာကလည်း စိတ်မချမ်းမြေ့ စရာ ဖြစ်ပါတယ်။

ရန်ကုန် မြို့ကြီးပေါ်မှာပဲ စိတ်ရောဂါ ဝေဒနာသည်တွေ၊ တောင်းရမ်း စားသောက်နေတာ၊ အလှူခံတွေ အရမ်းများလာတာ သတိထားမိပါတယ်။ တကယ်ရူးလို့၊ မရှိလို့၊ ငတ်လို့ တောင်းရမ်း စားသောက်နေတာတွေ ရှိသလို၊ အကြံအဖန်တွေလည်း အများကြီးရှိတာ တွေ့ရတယ်။

ပြီးခဲ့တဲ့လက နယ်ဘက်ကို ရထားနဲ့သွားတော့ ရထားပေါ်မှာ သံဃာပုံစံ မပေါက်တဲ့ လက်မောင်းမှာ လည်း ဆေးမင်ကြောင် ရုပ်တွေနဲ့ သင်္ကန်းဝတ်တွေက ခရီးသွားတွေ လက်ထဲကို စာအိတ်လေးတွေ လိုက်ထည့် ပြီး ဝါဆို သင်္ကန်းအတွက် အလှူလိုက်ခံပါတယ်။ အဲဒီအချိန်မှာ နောက် သင်္ကန်းဝတ် တစ်ဖွဲ့ကလည်း ရောက်လာပြီး စာအိတ်တွေ လိုက်ဝေပြန် တယ်။ အဲဒီမှာပဲ တွဲစွန်နားက အိမ်သာအနီး မှာ နှစ်ဖွဲ့ ရန်ဖြစ်ကြတော့တယ်။ ဗုဒ္ဓဘာသာဝင်တွေအပြင် အခြား ဘာသာဝင်တွေအတွက်လည်း အထင်သေးစရာ မြင်ကွင်း ဖြစ်ပါတယ်။

ဆိုလိုချင်တာက လူတွေဟာ လှူဖို့ ဆိုရင်တောင် အမြင့်ကြီးတွေ လျှောက်တွေးတတ်ကြတယ်။ ကျောင်းကြီးဆောက် လှူလိုက်မှ အလှူ မဟုတ်ပါဘူး။ လမ်းဘေးက စားရမဲ့ သောက်ရမဲ့ ဘဝတွေ၊ မိဘမဲ့သူတွေရဲ့ အနာဂတ် ပျောက်နေတဲ့ ဘဝတွေကို ကယ်တင်တာ ကလည်း လှူနည်းတွေထဲမှာ အလွန် မွန်မြတ်မယ် ထင်ပါတယ်။

ရန်ကုန်မြို့ကြီးထဲမှာ စိတ်မနှံ့သူတွေလည်း အများအပြား တွေ့လာရတယ်။ စိတ်မနှံ့သူတွေက တောင်း မစားတတ်ဘူး။ သူတို့စိတ်ထဲ ရှိသလိုနေ၊ ဖြစ်သလိုနေ၊ တွေ့ရာကြုံရာ စားပြီး မိုးထဲလေထဲ ရပ်တည် နိုင်အောင် ကြိုးစားနေကြရပါတယ်။ သူတို့ ဆာရင် လုစားချင် စားမယ်။ ဒါတွေကို နားလည်ပေးဖို့ လိုမယ် ထင်ပါတယ်။ အကြော်တစ်ခု တန်ဖိုးက ၁၀၀ ကျပ်လောက်ပဲ ရှိပါလိမ့်မယ်။ ၃၁ လမ်းထိပ်မှာ အသုတ်မှာ စားပြီး ပိုက်ဆံမပေးနိုင်သူ စားတဲ့ အသုတ် တစ်ပွဲက ၃၀၀ ကျပ်လောက်ပဲ ရှိပါတယ်။ လူ့အသက် တစ်ချောင်းနဲ့ လူ့တန်ဖိုး၊ လူ့ ဂုဏ်သိက္ခာတွေကို နားမလည်တော့ လူတစ်ယောက်အပေါ် မေတ္တာလည်း မထားနိုင်၊ လေးစား တာတွေလည်း မပြနိုင်တော့ဘူးပေါ့။ ဒါကြောင့်လည်း ရက်စက်စွာ တုံ့ပြန်ကြ တာပေါ့။

ပြီးတော့ ခြေလွန်လက်လွန် သေသွားရင် စားထားတာနဲ့ ထိုက်တန် သလား။ ပြုသူတွေရော ရုံးရောက် ဂါတ်ရောက်နဲ့ မတန်မရာ ပိုပြီး အချိန် ကုန်၊ ငွေကုန်တွေ ဖြစ်ကြလိမ့်မယ်ဆိုတာ မတွေးနိုင်လောက်အောင် လောဘ၊ ဒေါသ၊ မောဟ တရားတွေ ပိတ်ဖုံးနေ ကြတာ ဘာကြောင့်ပါလဲ။

စိတ်ထားဆိုတာ ထားတတ်ရင် မြတ်ပါတယ်။ ငွေတွေကို သိန်းချီ လှူမှ အလှူမဟုတ်ပါဘူး။ အထက် မှာ ပြောခဲ့တဲ့ လူငယ်လေး နှစ်ယောက်လို ငှက်ပျောသီးလေး တစ်လုံး၊ ရေသန့် ပုလင်းလေး တစ်လုံး လိုက်ဝေပြီးတော့ လည်း လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်လို့ ရတယ်ဆိုတာ မီးမောင်းထိုးပြ လိုက်လို့ ကျေးဇူးတင်မိပါတယ်။

ကျွန်တော်တို့ လူငယ်တွေ ပါတီယောင်ယောင်၊ အဖွဲ့အစည်း ယောင်ယောင်တွေ အော်ပြီး ဘာတွေ လုပ်နိုင်ကြသလဲ လို့ မေးခွန်း ထုတ်ချင်ပါတယ်။ လူမှုရေး စိတ်ဓာတ်ဆိုတာ ပါတီတွေထောင်၊ အဖွဲ့ အစည်းတွေ ထောင်ပြီး လူကြားကောင်းအောင် အော်၊ နိုင်ငံတကာ အကူအညီရအောင် လိုက်အော်ပြနေမှရှိတာ မဟုတ်ပါဘူး။ မီဒီယာတွေ မှာ ကြော်အောင် လိုက်ညာ ပြနေစရာလည်း မလိုပါဘူး။ ငှက်ပျောသီးလေး တစ်လုံးနဲ့ အပြုံးတွေရအောင် ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ ဘယ်နှယောက် လုပ်နိုင်ကြမလဲဆိုတာ သိချင်စမ်းလှတယ်။

Credit To The Voice Weekly

Related Articles:

Post a Comment