Saturday, July 20, 2013

လူပြိန်းကြိုက် မူဝါဒများ


(ေဇယ်သူ)

သူအများ၏ ဆန္ဒကို ဦးထိပ်ထားခြင်းကို သာဓု ခေါ်ထိုက်သော်လည်း လူပြိန်းကြိုက် မူဝါဒများ (Populist Policies) နောက်သို့ ကောက်ကောက်ပါအောင် လိုက်ခြင်းသည် ဒီမိုကရေစီခေတ်တွင် အန္တရာယ်များသော အလေ့အကျင့် ဖြစ်သည်။

ဒီမိုကရေစီခေတ်၊ ရွေးကောက်ပွဲခေတ်တွင် လူကြိုက်များရန် လိုသည်။ လူကြိုက်များမှ မဲရမည်၊ ထောက်ခံမည့်သူ ရှိမည်၊ အာဏာရမည် ဖြစ်သည့်အတွက် လူကြိုက်များရန် အဓိက ရည်ရွယ်ပြီး လုပ်ဆောင်တတ်လာကြသည်။ ရေးဆွဲသော၊ ပြောဆိုသော မူဝါဒများသည် လူတို့ အကျိုးရှိ မရှိထက် လူကြိုက် မကြိုက်ဘက်သို့ ယိမ်းလာကြသည်။ အင်္ဂလိပ် အီဒီယမ်ဖြင့်ဆိုလျှင် ‘play to the gallery’ ပွဲကြည့်စင်ဘက်သို့ အာရုံစိုက်ကာ ပရိသတ် ကြိုက်အောင်သာ အဓိကထား လှုပ်ရှား ကစားခြင်း။ အထူးသဖြင့် ရွေးကောက်ပွဲ နီးကပ်လာလေလေ လူကြိုက်များမည့် မူဝါဒများဘက်သို့ သူ့ထက်ငါ အလုအယက် တိမ်းကြ ယိမ်းကြတတ်သည်။ ထို့ကြောင့် ‘နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲ ကို ကြည့်သည်။ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်သည် လာမည့် မျိုးဆက်များကို ကြည့်သည်’ ဟူသော ပညာရှိစကား ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ အကျိုးဆောင်လိုခြင်းသည် ဒီမိုကရေစီခေတ်တွင် အရှိသင့်ဆုံး စိတ်ထား ဖြစ်သော်လည်း တလွဲသုံးလျှင် ဘေးဖြစ်ကာ ပြည်သူ ဘာကြိုက်တတ်သလဲ လေ့လာ စုံစမ်းကာ အကြိုက်လိုက် ပြောဟော အလုပ်လုပ်သည့် လူပြိန်းကြိုက်သမားများ (Populist) အဖြစ်သို့ ဆိုက်ရောက်တတ်သည်။ ထိုမူဝါဒများသာ အကောင်အထည်ဖော်ဖြစ်သွားလျှင် နိုင်ငံလည်း အထိနာသည်။ ယခု လောလောဆယ်တွင် ပျော်ကြ ရွှင်ကြမည် ဖြစ်သော်လည်း နောင် လေး ငါးနှစ်တွင် နောင်တရကြမည်။ အသိတရားရချိန်တွင် အချိန် နှောင်းနေလိမ့်မည်။

လူအများ သဲသဲလှုပ်ကြသော်လည်း သူတို့၏ စွမ်းရည်၊ အကျိုးစီးပွား တိုးတက်လာစေခြင်း မရှိသည့် မူဝဒများသည် လူပြိန်းကြိုက် မူဝါဒများ။လူအများကို အကျိုးရှိစေမည်ဟူသော အသွင်သဏ္ဌာန် (In the name of people) ရှိတတ်သော်လည်း အနှစ်သာရအားဖြင့် လူ အချို့၊ လူအုပ်စု အချို့ကိုသာ အကျိုးရှိစေတတ်သည့် မူဝါဒများ။

လူပြိန်းကြိုက် မူဝါဒ အချို့သည် နားထောင်ကောင်းသော်လည်း နောက်ကလိုက်နိုင်သည့် ငွေ၊ လူအင်အား မရှိသဖြင့် အကောင်အထည်မဖော်ဖြစ်သည့် Empty Promise ဗလာကတိများ အဖြစ် လည်း အဆုံးသတ် သွားတတ်သည်။ ကိုယ့်အိတ်ထဲက မပေးရဘဲ ပြည်သူ့ ဘဏ္ဍာထဲက နှိုက်ထုတ် ပေးရသောကြောင့် အလွယ်တကူ ပေးလိုက်မိလျှင် နိုင်ငံအတွက် အကျိုးရှိမည့် အခြား မူဝါဒများ အကောင်အထည်ဖော်ရန် အခွင့်အရေး ဆုံးရှုံးသွားမည်။ နိုင်ငံလည်း မလိုအပ်သော ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးများ ပိသည်ထက် ပိလာနိုင်သည်။

လူပြိန်းကြိုက် မူဝါဒများသည် ရေရှည်ခံ ဖွံ့ဖြိုး တိုးတက်ရေးဘက်သို့ သွားနိုင်ခြင်း မရှိလှဘဲ တစ်ဒင်္ဂ သာယာရေးဘက်သို့ ဦးတည်တတ်သည်။ မူဝါဒ ဖြစ်မြောက်ရန် ပထမနှစ်တွင် ငွေကြေး ထောက်ပံ့နိုင် သော်လည်း နောက်နှစ် နောက်နှစ်များတွင် မထောက်ပံ့နိုင်တော့ဘဲ ကောက်ရိုးမီး ဖြစ်တတ်သည်။ ထိုနည်းဖြင့် သက်ဆိုင်ရာ နယ်ပယ်ကို ဖျက်ဆီးသလို၊ မူဝါဒက အကျိုးဆောင်လိုသည့် ကာယကံရှင် များကို အသေသတ်သလို ဖြစ်တတ်သည်။

လူပြိန်းကြိုက်မူဝါဒ (Populist Policy) ကြီးစိုးသွားလျှင် တိုင်းပြည်အတွက် အန္တရာယ်ရှိသည်။ လူညီလျှင် ဤကို ကျွဲဖတ်ကြတော့မည်။ တဒင်္ဂ ကျေနပ် ပျော်ရွှင် အားရကောင်း အားရကြမည် ဖြစ်သော်လည်း နောင်တွင်မူ ဒုက္ခကို ခါးစည်းခံကြရလိမ့်မည်။ လူပြိန်းကြိုက် နိုင်ငံရေးစနစ် အခြေတည်သွားလျှင် ဒီမိုကရေစီနိုင်ငံ အသွင် အပြည့်ရှိသော်လည်း နိုင်ငံသားတို့ အကျိုးနည်းနိုင် သည်။

လူပြိန်းကြိုက် မူဝါဒများကို လုံးဝ ပစ်ပယ်ရမည် မဆိုလိုပါ။ လူပြိန်းကြိုက် မူဝါဒများသည် တိုင်းပြည် အတွက် အမှန်တကယ် အကျိုးရှိစေမည့် မူဝါဒများ ဖြစ်လျှင် သားရွှေအိုး ထမ်းလာသည့်ကိန်း ဆိုက်နိုင်သည်။ ထို့ကြောင့် မူဝါဒ မချမှတ်မီ၊ အကောင်အထည် မဖော်မီ စဉ်းစား စေ့ငုကြဖို့ လိုသည်။ ရည်မှန်းထားသည့် လူတွေကို တကယ် အကျိုးရှိစေမှာလား။ တိုင်းပြည် အနေနှင့်ရော တတ်နိုင်မလား။ ရေတို အကျိုးရှိမှာလား၊ ရေရှည် ခံစားနိုင်ကြမလား။ မူဝါဒ အဆိုပြုသူကရော ဘေးကရပ်ကြည့်သူရော အကဲဖြတ်ရမည့်သူတွေရော အားလုံး အားလုံး ဝေဖန် ဆန်းစစ်ကြဖို့ လိုသည်။ evidence-based policy making သက်သေ သက္ကာယ အခြေခံထားသည့် သိပ္ပံနည်းကျ မူဝါဒ ဖော်ဆောင်ခြင်း။

ဒီမိုကရေစီသို့ အသွင် ကူးပြောင်းစ နိုင်ငံများတွင် လူပြိန်းကြိုက် မူဝါဒ ခေတ်ထလာလေ့ ရှိတတ်သည့် အတိုင်း မြန်မာနိုင်ငံသည်လည်း ခြွင်းချက် မဟုတ်ပါ။ လူ အမျိုးမျိုး၊ အုပ်စု အမျိုးမျိုးက စေတနာ အမျိုးမျိုးဖြင့် လူပြိန်းကြိုက် မူဝါဒများ ဖော်ဆောင်ရန် ကြိုးစားခြင်းကို ထင်ထင်မြင်မြင် တွေ့လာရပြီ ဖြစ်သည်။

လူပြိန်းကြိုက် မူဝါဒအတွက် ခေါင်းစဉ် မည်သို့ တပ်ရမည်နည်း ဝေးဝေး သွားကြည့်ရန် မလိုပါ။ မြန်မာနိုင်ငံတွင်း မဲများများ ပေးနိုင်သူများကို စဉ်းစားကြည့်လျှင် လူအုပ်စု လေးငါးခု ချက်ချင်း ချရေး နိုင်သည်။ ထိုလူ အုပ်စုများ၏ နာမည်တင် ရေးလိုက်လျှင် ထောက်ပြရန် ကြံသောသူ လက်တွန့် နှုတ်တွန့် သွားမည်။

လူတွေ အများကြီး ပါဝင်နေသည့် လူအုပ်စု အမည်ကို ခေါင်းစဉ် တင်လိုက်ကြရုံနှင့် ထိုမူဝါဒကို မဝေဖန်ရဲ မဆင်ခြင်ရဲ ဖြစ်နေကြလျှင် ပြည်သူ့ အကျိုးစီးပွားကို တကယ် ရှေးရှုသည် ဟုတ် မဟုတ် စဉ်းစားစရာ။ ခေါင်းဆောင်ဆိုသည်မှာ သူဦးဆောင်ရသူများထက် စဉ်းစား ဆင်ခြင်ဉာဏ် ရှိသည်ဟု ထင်ရသောကြောင့် ခေါင်းဆောင်အဖြစ် တင်ထားခြင်း ဖြစ်သည့်အတွက် ခေါင်းဆောင်နေရာ ရောက်နေသူများက ဦးဆောင် ဦးရွက်ပြုကာ အပြုသဘော၊ ပိုကောင်းသွားအောင် တည့်မတ် မွမ်းမံ ထောက်ပြဖို့ လိုသည်။

မူဝါဒ တစ်ခုကြောင့် လူအများ ပျော်ခြင်း၊ မပျော်ခြင်းသည် ထိုမူဝါဒ မှန်ကန်ကြောင်း အလုံးစုံ တိုင်းတာ နိုင်သည့် တစ်ခုတည်းသော ပေတံ မဟုတ်ပါ။ အချိုကြိုက်သော ကလေးငယ်ကို ရေခဲမုန့် ကျွေးလိုက် လျှင် ပျော်သွားမည် ဖြစ်သော်လည်း မကြာခဏ စားလျှင် နောင် ဆီးချို ဝေဒနာ ခံစားရနိုင်သည်။ ကလေးငယ်ကို အမှန်တကယ် ချစ်သော မိဘသည် ကလေးငယ် ပူဆာတိုင်း ရေခဲမုန့်ကို မကျွေးဘဲ ဟန့်တားမည် ဖြစ်သလို အာဟာရဖြစ်မည့် လတ်လတ်ဆတ်ဆတ် သစ်သီး၊ နွားနို့ကို စားချင်အောင် ကျွေးမည်။ ကလေးငယ်က မသိသောကြောင့် ငိုယို အော်ဟစ်မည်ဆိုလျှင် ချော့မော့ နှစ်သိမ့်မည်။ ကလေး ကြိုက်တတ်သည် ဆိုပြီး ရေခဲမုန့်ကို တစ်ရက် သုံးလေးကြိမ် လုံးဝ ကျွေးမည်မဟုတ်။

အထူးသဖြင့် နိုင်ငံ ပြန်လည် ထူထောင်စ ယခု အချိန် ကာလမျိုးသည် တော်တည့် မှန်ကန် ထိရောက် သော မူဝါဒမျိုးကို အလိုအပ်ဆုံးအချိန် ဖြစ်သည်။ မူဝါဒ မှန်လျှင် လမ်းကြောင်း ဖြောင့်မည် ဖြစ်သလောက် မူဝါဒ လွဲသွားလျှင်လည်း အညွန့်ချိုး ခံရသလို ဖြစ်ပြီး ဆယ်စုနှစ်နှင့် ချီကာ ဒုက္ခ တွေ့မည်။ အခြေခိုင်နေပြီ ဖြစ်သည့် အိမ်နီးချင်း နိုင်ငံ အချို့တွင်ပင် လူပြိန်းကြိုက် မူဝါဒ အချို့ကြောင့် အထိနာခဲ့ရသည်ကို သင်ခန်းစာ ယူနိုင်သည်။

လူပြိန်းကြိုက် မူဝါဒများ မဖော်ထုတ်ရဟု ဥပဒေထုတ် တားမြစ် မရနိုင်ပါ။ လူအများ အဆင်ပြေအောင် စေတနာကောင်းဖြင့် ကြံဆကြရင်း၊ တွေးတောရင်းလည်း လူပြိန်းကြိုက် မူဝါဒများ ဖြစ်လာနိုင်သည့် အတွက် ဝါးလုံးရှည်နှင့် သိမ်းရမ်းခြင်း မပြုဘဲ ဝိုင်းဝန်း စဉ်းစား ထောက်ရှုကြဖို့သာ လိုသည်။ မူဝါဒ တစ်ခုကြောင့် ဖြစ်လာနိုင်သည့် ကောင်းကျိုးများသာ စဉ်းစားလေ့ ရှိသည့်အတွက် ဆိုးကျိုးများကိုပါ ကြိုတင် စဉ်းစား ဖော်ထုတ်ထားဖို့ လိုသည်။ အကောင်းဆုံး မူဝါဒ ဆိုသည်မှာ ဆိုးကျိုး အနည်းဆုံး မူဝါဒ ဖြစ်သည့်အတွက် မူဝါဒဆိုး ဆိုလျှင် မည်မျှ တိုင်းပြည် အထိနာနိုင်သည်ကို တွက်ဆနိုင်သည်။

ယခု လတ်တစ်လော မြင်တွေ့ရသည့် လူပြိန်းကြိုက် မူဝါဒများကို ထောက်ပြ ပြုပြင်ပေးလိုသည့် သူရဲကောင်း ပညာရှင် အချို့၊ နိုင်ငံရေးသမား အချို့ကို မြင်ရသည့်အတွက် မြန်မာ့ အနာဂတ်အတွက် အားတက်မိသော်လည်း အရေအတွက်နည်း၊ အသံ တိုးနေဆဲဟု သဘောပေါက်မိပါသည်။

Credit To The Voice Weekly

Related Articles:

Post a Comment