Tuesday, December 25, 2012

ပြည်ထောင်စုတပ် ဆိုတာ ကချင်ပြည်မှာ ဗမာ စစ်တပ် ရှိနေတာမျိုးမဟုတ်ပါ။


ပြည်ထောင်စုတပ် ကို ဖွဲ့ရအောင်လို့ ပြောတိုင်း လက်ရှိတပ်မတော်မှာလဲ လူမျိုးပေါင်းစုံ ပါပြီးသား လို့ ပြောတတ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် စစ်တပ်မှာလဲ လူမျိုးပေါင်းစုံပါသော်လည်း အင်္ဂလိပ်စစ်တပ်လို့ပဲသုံးပြီး ဂျပန်စစ်တပ်မှာလဲ လူမျိုးပေါင်းစုံးပါသော်လည်း ဂျပန်တပ်လို့ပဲ သုံးပါတယ်။

တိုင်းရင်းသားတွေကို ကလေးလေး တစ်ယောက်လို အပြောမျိုးတွေနဲ့ ပြောချင်ရာပြောပြီး စကားနိုင်လုနေမဲ့ အချိန်မဟုတ်ပါ။

မြန်မာ နိုင်ငံရဲ့ ပြည်ထောင်စု သမိုင်းဟာ အမေရိကန် ပြည်ထောင်စု ဖြစ်လာခဲ့တဲ့ သမိုင်းနဲ့လဲ မတူ သလို၊ အိန္ဒိယ သမိုင်းနဲ့လဲ မတူပါ။ မြန်မာပြည်ရဲ့ ဖက်ဒရယ် စနစ်သည် ဥရောပ ယူနီယံ ပုံစံ နှင့် ခတ်ဆင်ဆင် ဖြစ်သည်။

ဥရောပ ယူနီယံ လို၊ လူမျိုးကို အခြေခံတဲ့ နိုင်ငံဖြစ်သည်။ ဥရောပ ယူနီယံ နိုင်ငံတွေ ကြားမှာ နယ်စပ်ဂိတ်မရှိ၊ စစ်ဆေးရေးဂိတ်မရှိ၊ သူ့နယ် ကိုယ့်နယ် လွတ်လပ်စွာသွားလာ နေထိုင် နိုင်ခွင့် ရှိနေပေမယ့်လဲ သူ့လူမျိုးနဲ့ ဆိုင်တဲ့ အချုပ်အချာ အာဏာကို ထိပါးလို့ မရပါ။ ဂျာမဏီ နဲ့ ပြင်သစ်ဟာ လူများပြီး၊ စီးပွါးရေး၊ စစ်တပ် အင်အားရှိပေမယ့် ဒိန်းမတ်နိုင်ငံလို လူနည်းတဲ့ နိုင်ငံတွေကို နိုင်ထက်စီးနင်းလုပ်လို့မရ၊ အချင်းချင်း လေးစားမှု နဲ့သာ ဆက်ဆံသည်။ ဥပဒေကိုသာ အဓိက ထားတဲ့ ဖက်ဒရယ် ဖြစ်သည်။ ဆွတ်ဇာလန်နိုင်ငံမှာ ဂျာမဏီလူမျိုးများလို့ ဂျာမဏီ နိုင်ငံ ဖြစ်မသွားသလို၊ ဂျာမဏီ စစ်တပ်လဲ မထားပါ။ နယ်သာလန် နိုင်ငံမှာလဲ ဂျာမဏီလူမျိုး အများအပြားရှိသည်။

နိုင်ငံအတွင်းက လူမျိုးစုများကိုလဲ ဖက်ဒရယ် ပေးထားသည်။ ဖင်လန်နိုင်ငံ၊ ဆွိဒင် နိုင်ငံ၊ နော်ဝေး နိုင်ငံတွေကြားမှာ ခွနေတဲ့ လူမျိုးစုများကို သူတို့နယ်၊ သူတို့အုပ်ချုပ်ပိုင်ခွင့် ပေးထားသည်။ လွတ်လပ်စွာ သူတို့ အသိုင်းအ၀န်းကို တည်ဆောက်ခွင့် ပေးထားသည်။ ထို့ကြောင့် ဘာတော်လှန်ရေးမှ မလိုပါ။ နယ်သာလန်နိုင်ငံထဲမှာလည်း မြောက်ပိုင်း လူမျိုးစုများကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပေးထားသည်။ နယ်သာလန်နိုင်ငံဟာ တကယ်တော့ အားလုံးပေါင်းမှ ကချင်ပြည်နယ်လောက်ပဲ အကျယ်အ၀န်းရှိတာပါ။ သို့သော် သူတို့ စစ်တိုက်စရာမလို၊ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကြီးပွါးချမ်းသာ နေကြသည်။ ကမ္ဘာ အရပ်ရပ်မှ စစ်ပြေးဒုက္ခသည်များ နှင့် ကရင်စစ်ပြေးဒုက္ခသည် အများအပြားကိုပင် ခေါ်ယူ နေရာချထားနိုင်သည်။ နှစ်စဉ် ၀င်လာသော နိုင်ငံရေး ခိုလုံခွင့်တောင်းသူ သောင်းဂဏန်း ရှိသေးသည်။

မြန်မာ့ပြည်ထောင်စု ဖွဲ့စည်းရေး ပြဿနာမှာ အဓိက ပြဿနာသည် ဗမာ တမျိုးထဲ အုပ်စိုးရေး ကြိုးပမ်းမှု ပြဿနာ ဖြစ်သည်။ ဗမာ တမျိုးထဲ အုပ်စိုးရေး မူကို တပ်မတော်က အကောင်အထည်ဖေါ်သည်။ ထို့ကြောင့် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ ဆိုသည်မှာ ဗမာလူမျိုး အုပ်စိုးရေး တိုင်းပြည် တည်ထောင်ရေး အင်အားကို ဆိုလိုခြင်း ဖြစ်သည်။ ကျန်လူမျိုးများကို လူမျိုးတုန်းသွားအောင် နည်းမျိုးစုံ နှင့် လုပ်ဆောင်ဖို့ စစ်တပ်က အဓိက အခန်ကဏ္ဍ မှ လုပ်ဆောင်သည်။

စားဝတ်နေရေး အခက်အခဲ နှင့် ကျေးရွာများကို အတည်တကျ မရပ်တည်နိုင်အောင် နည်းမျိုးစုံ လုပ်လာသည်။ ကျေးရွာ အနီးအနားအထိ လယ်ယာမြေများကို သိမ်းယူခြင်း၊ ကျေးရွာများကို အတင်းအဓမ္မ ရွေ့ပြောင်း စေခြင်း၊ ဗဟိုအစိုးရနှင့် နီးပစ်သူများကို ဦးစားပေးသောနည်းဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များကို နည်းမျိုးစုံ နှင့် စီးပွါးကျသွားအောင် လုပ်ဆောင်ခြင်း၊ အမျိုးသမီးများကို သွေးနှောစေခြင်း၊ စသည်များကို အစိုးရ လျှို့ဝှက် အက် ဥပဒေ ထုတ်ပြန်ပြီး လုပ်ဆောင် စေသည်။ တိုင်းရင်းသား နယ်မြေများတွင် အောက်ပိုင်းမှ လုပ်ငန်းရှင်များကို နေရာချပေးပြီး အောက်ပိုင်းမှ ဗမာလူမျိုးများကို သီးသန့်ခေါ်ယူ အလုပ်ခန့်သည်။ (ဒါကတော့ တရုတ်လူမျိုးများ ပြုမူတဲ့ နည်းဖြစ်သည်) ပူတာအိုမှာ အကျဉ်းထောင် လုပ်ခြင်းအားဖြင့်၊ အောက်ပိုင်းမှ အကျဉ်းသားများကို ပို့စေသည်။ အကျဉ်းထောင်မှ လွတ်ခါနီးတွင် လွတ်လပ်စွာ အပြင်ထွက်ခွင့် ပေးပြီး နယ်ခံ အမျိုးသမီးများကို ကျင်ဖေါ်ရှာစေခြင်း နှင့် အလုပ်အကိုင် ရှာစေသည်။ အကျဉ်းထောင်မှ လွတ်ပြီး ဌာနေပြန်တဲ့ အကျဉ်းသား နည်းသထက်နည်းအောင် လုပ်ဆောင် စေသည်။

ဌာနေပြန်ဖို့ကလဲ လေယဉ်အခက်အခဲ ကြောင့် ဖြစ်တဲ့ နည်းနဲ့ အလုပ်ရှာလုပ်ရင်း စိုက်ပျိုး၊ မွေးမြူရေး လုပ်ရာမှ မပြန်ဖြစ်တာ များသွားသည်။

ဒီလို ဖြစ်အောင် ဘယ်သူက လုပ်ဆောင်သနည်း? ဘယ်သူက ဆုံးဖြတ်သနည်း? ကချင်လူမျိုးများ အပါအ၀င် ဘယ် တိုင်းရင်းသားများ အနေနဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။
ထို့ကြောင့် အစစ်အမှန် ပြည်ထောင်စု တပ် လိုအပ်သည်။ စစ်ဦးစီးချုပ် တစ်ယောက်ပဲ ရှိသင့်တယ် ဆိုတာ အာဏာရှင် စနစ်မှာပဲ ရှိတာပါ။ ဒီမိုကရေစီ စစ်စစ်နိုင်ငံတွေမှာ စစ်ဦးစီးချုပ်များ ကောင်စီ ဥက္ကဌ ဆိုတာပဲ ရှိတာပါ။ လေတပ်၊ ရေတပ်၊ ခြေလျှင်တပ်တောင် သူ့ ဦးစီးချုပ်နဲ့သူ ဖြစ်တယ်။ အားလုံးရဲ့ စစ်သေနာပတိချုပ် ဆိုသည်မှာ ပြည်သူက ခန့်အပ်တဲ့ သမ္မတ ပဲ ဖြစ်တယ်။

ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ချင်းလူမျိုး၊ ကရင်လူမျိုး၊ ရခိုင်လူမျိုး၊ မွန်လူမျိုး၊ ကယားလူမျိုး များကို ပြည်ထောင်စုသား အဖြစ် လက်ခံထားတယ် ဆိုရင် ကချင်ပြည်မှာ ကချင်တပ်၊ ရှမ်းပြည်မှာ ရှမ်းတပ်၊ ချင်းပြည်မှာ ချင်းတပ်၊ ကရင်ပြည်မှာ ကရင်တပ်၊ ရခိုင်ပြည်မှာ ရခိုင်တပ်၊ မွန်ပြည်မှာ မွန်တပ်၊ ကယားပြည်မှာ ကယားတပ် ရှိနေရမှာ သဘာဝပါ။ ဒါကို ဗမာလူမျိုး တမျိုးထဲက လက်မခံဘူး ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာ ဘယ်လူမျိုးအတွက်လဲ? အထင်အရှားပါ။ ဘာမှ မြန်မာ နိုင်ငံပါ၊ ဗမာ နိုင်ငံ မဟုတ်ဘူးလို့ မျက်လှည့်ပြနေလဲ မထူးပါ။ လက်တွေ့အရ လုပ်ဆောင်မှသာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမှာပါ။

မြန်မာပြည်ရဲ့ ပြဿနာသည် တိုင်းရင်းသားဒေသတွေမှာ ဗမာ စစ်တပ်ရှိနေခြင်း ဖြစ်သည်။




Related Articles:

Post a Comment