Sunday, December 23, 2012

Myo Set ရဲ့သုံးသပ်ချက်


အရင်ကတည်းက ကေအိုင်အေဖက်က Civilians တွေအပေါ်ကျူးလွန်တာတွေရှိဖူးတယ်ဆိုတာ သမိုင်းမှတ်တမ်းတွေရှိတယ်။ ဒါပေမယ့် ဒါကလဲ စစ်တပ်က ကျူးလွန်တာနဲ့ယှဉ်ရင် သူမသာ၊ ကိုယ်မသာဘဲ။ ခပ်ရှင်းရှင်းပြောရရင် စစ်မြေပြင်မှာ လျင်သူစားစတမ်းလိုဖြစ်နေတာဘဲ။ နှစ်ဖက်လုံး ဘယ်သူ့ဘယ်ဝါကိုမှ ညှာနေတာမဟုတ်ဘူး။

KIO ကိုအမြစ်ဖြတ်လို့မရဘူး။ စစ်ရေးအရ အင်အားချည့်နဲ့သွားအောင် ချေမှုန်းလို့ရတယ်။ ဒါပေမယ့် တစ်ကယ့်တစ်ကယ်မှာ နိုင်ငံရေးအရ တိုင်းပြည်တည်ဆောက်မယ့် ရေ၇ှည်မှာ တိုင်းရင်းသားကချင်လူမျိုးတွေရဲ့ စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဒီလို စစ်ရေးအရ ကျူးလွန်မှုဟာ အင်မတန်မှားယွင်းတယ်။

ကေအိုင်အိုက တရုတ်အပေါ် မှီခိုလား မမှီခိုလား ဆိုတာနဲ့ပတ်သက်လို့ မြစ်ဆုံကိစ္စ အေးရှားဝေါလ်မှာ ဗုံးကွဲတာတစ်ချက်ထည်းနဲ့ ကြည့်လို့မလုံလောက်ဘူး။ KIA ရဲ့ Miliatry Supply တွေ၊ Indirect Supply တွေဘယ်လမ်းကြောင်းက လာနေသလဲဆိုတာကိုကြည့်ရမယ်။ (တစ်ကယ်တမ်း တရုတ်ကသာ မြန်မာစစ်အစိုးရဖက်က ရပ်ချင်တယ်ဆိုရင် ကေအိုင်အေရဲ့ Export လမ်းကို ပိတ်ချလိုက်တာနဲ့ ပြဿနာအများကြီးတက်သွားနိုင်တယ်)

သမိုင်းတစ်လျှောက် ကေအိုင်အေနဲ့ တရုတ်ဆက်ဆံရေးကိုပြန်ကြည့်ရမယ်။ ဥပမာ မြစ်ဆုံကိစ္စမှာ ကေအိုင်အေအနေနဲ့ တရုတ်-ကေအိုင်အေ ဆက်ဆံရေးကို သိသိသာသာ ဘယ်လိုပြခဲ့သလဲဆိုတာ ပြန်ကြည့်ဖို့လိုမယ်။ ဘေဂျင်းက ပေါ်လစ်ဗျူ၇ိုအထိ ကေအိုင်အေ ကန့်ကွက်လွှာပို့ခဲ့သလား။ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှုးနဲ့ ညှိနှိုင်းစကားပြောခဲ့ဥလားဆိုတာကို လဲ တစ်ချက်ပြန်ကြည့်ရမယ်။ ဦးသန်းရွှေကို ကန့်ကွက်လွှာပို့ခဲ့တာက ချီးမွမ်းရမယ့်အချက်ပါပဲ။

ဆက်ကြေးကောက်တာကို မချီးမွမ်းသင့်ဘူး။ ဘယ်လိုအနေအထားမှာမှ လက်ခံသင့်ပါတယ်လို့ မပြောသင့်ဘူးထင်တယ်။ စစ်တပ်က ဆက်ကြေးကောက်၊ ကချင်တပ်က ဆက်ကြေးကောက်နဲ့ စီးပွားရေး ပျက်စီးနေတဲ့ လူထုပဲ ကျောကော့အောင်ခံနေရတယ်။ ကချင်ပြည်နယ်စီးပွားရေးဆိုတာဟာ အစိုးရနဲ့ သူနဲ့နီးစပ်သူ လူနည်းစု+ အာဏာခွဲဝေထားသူ ကချင်လက်နက်ကို်င်အသိုင်းအဝိုင်းကို အခြေပြုပြီးလည်ပတ်ကြရတယ်လို့ မြင်တယ်။ ဒီတော့ ငွေကြေးကြွယ်ဝသူ အများစုဟာ ဒီအသိုင်းအဝိုင်းကတွေပဲဖြစ်တယ်။ ဆက်ကြေးတစ်ကယ်ပေးရတော့ ဒီ လက်လုပ်လက်စားတွေနဲ့ သာမန်အရပ်သားတွေဆီကို လာတယ်။ ဒါဟာ မဖြစ်သင့်ဘူး။ ဘယ်သူကတိုက်လို့ ဘယ်လို ကောက်ရပါတယ်ဆိုတဲ့ အဆိုမျိုးဟာ ဘယ်အချိန်မှာမဆို လက်မခံသင့်တဲ့ အမြင်ပဲဖြစ်ပါတယ်။

ကချင်ပြည်နယ်က စစ်ပွဲဆိုတာက ပဋိပက္ခတစ်မျိုးပဲဖြစ်တယ်။ ပဋိပက္ခကို ဖြေရှင်းချင်တယ်ဆိုရင် တစ်ဖက်ဖက်ကို စွပ်စွဲပုတ်ခတ်ရုံနဲ့ ပြေလည်မသွားဘူး။ မကြေလည်မှုတွေပဲ ပိုများလာမယ်။ ပဋိပက္ခတစ်ခုကို ဖြေရှင်းတယ်ဆိုတာက ဒီပဋိပက္ခကို ဖြစ်အောင် လှုံ့ဆော်နေတဲ့ အကြောင်းတရားတွေကို စေ့ငုဆင်ခြင်ရတယ်။ ဒါကို ရှင်းပေးလိုက်ရင် ဘယ်လောက်အထိပြေလည်သွားမလဲ တွက်ဆရတယ်။ ညှိနှိုင်းယူရတယ်။ ဒါမှပဲ အဆင်ပြေမယ်။ ကချင်တပ်ကို မကောင်းဘူးလို့ သွားစွပ်စွဲရင် စစ်တပ်က ကျူးလွန်ထားတဲ့ War Crimes တွေ ကချင်တွေဖက်က ထုတ်ပြလိမ့်မယ်။ စစ်တပ်ကို မကောင်းဘူးလို့သွားပြော၇င် ကလေးစစ်သားသုံးတာမက၊ ကျန်တဲ့ War Crimes တွေကိုပါ စစ်တပ်က ထုတ်ပြလိမ့်မယ်။ ဒီဖြစ်ရပ်တွေဟာ လက်နက်ကိုင်ဖြေရှင်းနည်းနဲ့သွားလို့ဖြစ်ရတဲ့ ကိစ္စတွေဖြစ်တယ်။

စားပွဲပေါ်မှာ အကြေအလည်ဆွေးနွေးခြင်း၊ အကျိုးအမြတ်ကို ခွဲဝေခြင်း၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းဆိုတဲ့ အဆင့်တွေကို ဖြတ်ကျော်မသွားဘဲ စစ်ပွဲကို တိုက်ရိုက်ဦးတည်လိုက်ကြခြင်းဟာ နယ်ခံလူထုကိုပဲ အထိနာစေတယ်။ နှစ်ဖက်စလုံး (အစိုးရရော ကချင်တပ်ပါ) မေ့လျော့နေကြတာက နယ်ခံလူထု အထိနာလာရင် နှစ်ဖက်စလုံး ရေ၇ှည်မှာ ရပ်တည်နိုင်ဖို့မလွယ်ဘဲ ကချင်ပြည်နယ်ဟာ စီးပွားရေးမှာပြိုလဲသွားနိုင်တာကိုပဲ။ ကချင်ပြည်နယ်စီးပွားရေးပြိုလဲသွားရင် ဗဟိုအစိုးရလဲ မချောင်သလို၊ ကေအိုင်အေလဲ သက်သာလိမ့်မယ်မဟုတ်။

နှစ်ဖက်စလုံးအထိနာမယ့်ကိစ္စရပ်တစ်ခုကို နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်တွေအတွက် တိုက်ယူနေကြတာဟာ အင်မတန် စိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စတစ်ခုပဲလို့မြင်တယ်။

Credit: Black Angle

Related Articles:

Post a Comment