Monday, December 24, 2012

လိုင်ဇာမြို့အတွက် ခရစ္စမတ်လက်ဆောင်. .


ဒီခရစ္စမတ် မှာ . . .
မိတ်ဆွေတော်တော်များများ ရဲ့ ကွန်မန့်တွေကနေ ကျနော်ကို
စိတ်ဆိုးဒေါသထွက်၊ စိတ်ပျက်တဲ့ စာတွေ မပြတ်ရေးနေကြတယ်။

ကျနော်က
ရေးခဲ့သမျှ၊ ရိုက်ခဲ့သမျှ ချိုချိုလေးတွေကိုပဲ ရေးတတ်၊ ရိုက်တတ်ခဲ့တယ်။
ခုတော့ မချိုနိုင်တော့ဘူး။
လူထုခေါင်းဆောင်တွေကို ဝေဖန်လိုက်တိုင်း၊ သူတို့ကို ကြည်ညိုတဲ့
စာဖတ်သူတွေက ဒေါသတွေဖြစ်ကြ၊ မကျေမနပ်တွေဖြစ်ကြ။
တကယ်တမ်း
ကျနော့်အဖို့ကြည့်လို့ကောင်းအောင် ကား တကား ကို
ရိုက်တတ်မှတော့ ဖတ်လို့ချိုအောင် လည်း စာရေးရတာ မခက်ပါ။
ဒါပေမယ့် ကျနော်
ရင်ထဲမှာ ခံစားနေရတဲ့အတိုင်းပဲ မလိမ်တမ်း၊ မညာတမ်းသာ
ရေးခဲ့ပါတယ်။

ခု ခင်ဗျားတို့မြင်ရတာ လူတွေကို သေစေတဲ့ လူသတ်လက်နက်တွေ၊
မကြာသေးမီက လက်ပံတောင်းတောင်မှာ မီးလောင်ဗုံးပဲဆိုဆို၊ မီးခိုးဗုံးပဲ
ပြောပြော ဘယ်လောက် နာကျင်ထိခိုက်ခဲ့တယ် ဆိုတာ မိတ်ဆွေတို့အသိပါ။
ခု ဒီလို ဒုံးကျည်တွေ၊ အမြောက်ကျည်တွေဟာ လိုင်ဇာ ဆိုတဲ့ ကချင်ပြည်နယ်
က မြို့တမြို့၊ ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင်ရာ မြို့လေးတမြို့ကို
အုံနဲ့ ကျင်းနဲ့ ကျရောက်ပေါက်ကွဲ လို့ နေပြီ။
ကေအိုင်အေ ဘယ်လို၊ ဘယ်ညာ ဆိုတာထက်၊
လိုင်ဇာမြို့မှာ သာမန်ကချင်ပြည်သူတွေ နေ၊ မနေ ကို ပဲ ပြောရအောင်. . .
သက်ကြီးရွယ်အိုတွေ၊
မိန်းမသားတွေ၊
ကလေးသူငယ်လေးတွေဟာ အဲဒီ အမြှောက်ကျည်ဆန်တွေရဲ့ ဒဏ် ကို ခံနေရ၊
ဘေးလွတ်တောထဲ တောင်ထဲ ကို ပြေးနေရလေရဲ့။

တကယ်တော့ ဒီအချိန်ဟာ သူတို့တွေ ဘာသာရဲ့ အထွတ်အမြတ်ထားရာ
ခရစ္စမတ်အခါသမယ ပါ။
ရန်ကုန်လို မြို့ကြီးမှာတောင် ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေချိန်မှာ
အဲဒီ ခရစ်ယာန်ဘာသာဝင်အများအပြားရှိရာ ကချင်တိုင်းရင်းသားတွေရဲ့
လိုင်ဇာမြို့မှာ စစ်မက်ဘေး ကို ရင်ဆိုင်နေရတယ်။

ဘယ်သူမှ သူတို့စစ်ပွဲ ကို ရပ်ဆိုင်းပေး ဖို့ တောင်းဆိုသူမရှိ၊
ဘယ်သမ္မတ၊
ဘယ်အစိုးရ၊
ဘယ်လွှတ်တော်အမတ်၊
ဘယ်ခေါင်းဆောင်၊
ဘယ်လူထုခေါင်းဆောင်၊
ဘယ်၈၈ ခေါင်းဆောင် မှ. . .
ဒီအကြောင်း ကို တခွန်းတပါဒ မှ မဟ၊

ကချင်ပြည်သူတွေကတော့ မျက်ရည်တွေ နဲ့
သွေးတွေနဲ့
ခရစ္စမတ်လက်ဆောင် ကျည်ဆံတွေကြားမှာ ခရစ္စမတ်ပွဲ ကို ဆင်နွှဲနေကြလေရဲ့။

ချိုတူးဇော်

Related Articles:

Post a Comment