Tuesday, December 25, 2012

iPad နဲ့ အလုပ်လုပ်ကြစို့

New iPad အပါအဝင် iPad tablet အားလုံးဟာ ဂိမ်းဆော့ရင် အင်မတန်သွက်တယ်။ ရုပ်ရှင် ကြည့်ရင်လည်း အင်မတန် ကြည်လင်ပြတ်သားတယ်။ သီချင်းနားထောင်တဲ့အခါမှာလည်း အသံထွက် အင်မတန်ကောင်းတယ်။ အဲဒါကြောင့် iPad အသုံးပြုသူတွေဟာ ဖျော်ဖြေရေး အာရုံခံစားမှုတွေနဲ့ပဲ အလုပ်ရှုပ်နေကြတာ များပါတယ်။ ဒါဖြင့် iPad ဟာ ဘဝမှာ တကယ်လိုအပ်တဲ့ အလုပ်တွေလုပ်လို့ မရတော့ဘူးလား။ ဒီလိုလည်း မဟုတ်ပါဘူး။ iPad မှာ လက်တွေ့အလုပ်တွေ လုပ်နိုင်အောင် ပံ့ပိုးပေးတဲ့ ဆော့ဖ်ဝဲကောင်းကောင်းတွေ ရှိပါတယ်။ အဲဒီ ဆော့ဖ်ဝဲလ်တွေကို ဒီလိုတွေ့ရပါမယ်။

Smart Pad
iPad မှာ သုံးနိုင်တဲ့ Calender နဲ့ Task Management application တွေ အတော်များများ ရှိပါတယ်။ Smart Pad ဟာ အဲဒီ application တွေရဲ့ ကောင်းကွက်တွေကို ပေါင်းစုပေးထားတာလို့ ဆိုနိုင်ပါတယ်။ အသုံးပြုသူဟာ နေ့အလိုက် ဒါမှမဟုတ် လအလိုက်မြင်ကွင်းကို အလွယ်တကူ ပြောင်းပြီး ကြည့်နိုင် တယ်။ နေ့တစ်နေ့အတွက် ကြိုတင် စီမံချက်ချထားတဲ့ လုပ်ငန်းတွေနဲ့ အဲဒီနေ့မှာ လုပ်ဆောင်ဖွယ်ရှိတဲ့ လုပ်ငန်းတွေကို ဘေးချင်းယှဉ်ပြီး ကြည့်နိုင်ပါတယ်။ ဒီ Application ရဲ့ အားသာချက် ကတော့ ပြောင်းလွယ်ပြင်လွယ်ရှိမှုပါ။ အသုံးပြုသူအမျိုးမျိုးဟာ မတူညီတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဒီ Application ကို အသုံးပြုနိုင်တယ်။ သုံးစွဲရာမှာလည်း အလွန်ပဲ ထိရောက်မှု ရှိပါတယ်။ အခပေးဆော့ဖ်ဝဲ ဖြစ်ပါတယ်။

Pear Note
Tablet ပေါ်မှာ မှတ်စုတိုတွေ မကြာခဏ ချရေးလေ့ရှိတဲ့ လူတစ်ယောက်အတွက် Pear Note ဟာ မရှိမဖြစ် ဆောင်သင့်တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။ သူ့ကိုသုံးပြီး မှတ်စုယူမယ်ဆိုရင် On Screen Keyboard ပေါ်က ရိုက်ချက်တွေကို မှတ်သားပေးနိုင်တဲ့အပြင် အသံကိုပါ မှတ်သားပေးနိုင်ပါတယ်။ ကိုယ်ရဲ့ မှတ်စုတိုကို နောက်ပိုင်းမှာ ပြန်ကြည့်ချင်တယ်ဆိုရင် ဖိုင်နာမည်စာသားပေါ်မှာ လက်နဲ့တစ်ချက်ခေါက်ရုံပါပဲ။ တကယ်လို့ အသံကိုပါ တွဲဖက် မှတ်သားထားမယ်ဆိုရင် Quick Time Application က တစ်ပါတည်းတက်လာပြီး အသံကို ဖွင့်ပြပါလိမ့်မယ်။ ဈေးသက်သာတဲ့ အခပေးဆော့ဖ်ဝဲ ဖြစ်ပါတယ်။

Adobe Reader
iPad တွေဟာ စာဖတ်ဖို့ အလွန်သင့်တော်တဲ့ ပစ္စည်းတွေပါ။ iPad ပေါ်မှာ PDF format နဲ့ စာအုပ်တွေစုချင်ရင် iBooks ကို သုံးနိုင်ပါတယ်။ အဲဒီစာအုပ်တွေကို ဖတ်မယ်ဆိုရင်ဖြင့် Adobe Reader ကို သုံးနိုင်တယ်။ Adobe Reader ကို သုံးပြီး အီးမေးလ်မှာ တွဲဖက်ပါလာတဲ့ PDF ဖိုင်တွေကို ဖွင့်နိုင်တယ်။ အင်တာနက်ပေါ်က ဒါမှမဟုတ် တခြား Application တွေဆီက PDF ဖိုင်တွေကိုလည်း လှမ်းပြီးဖွင့်နိုင်တယ်။ အောက်ခြေမှတ်စုတွေ ကြည့်နိုင်တယ်။ PDF တွေ ဖန်တီးပြီး ကိုယ်ရဲ့ အီးမေးလ်နဲ့ တွဲချိတ်ပို့နိုင်တယ်။ PDF ဖိုင်ထဲမှာ ကိုယ်ရှာချင်တဲ့စာကို ဝင်ရှာနိုင်တယ်။ စိတ်ကြိုက်စာမျက်နှာတွေကို Bookmark လုပ်နိုင်တဲ့အပြင် စာမျက်နှာတွေကို Mouse wheel နဲ့ လှိမ့်ပြီး ရွှေ့သလိုရွှေ့ပြီး ဖတ်နိုင်ပါသေးတယ်။ လက်ရှိကြည့်နေတဲ့ ဖိုင်ထဲက စာလုံးတွေကို ချုံ့ကြည့် ချဲ့ကြည့်နိုင်တာမျိုးအပြင် Copy ကူးပြီး တခြားတစ်နေရာမှာ သိမ်းနိုင်တာမျိုးလည်း ရှိပါတယ်။ Adobe က အခမဲ့ပေးထား တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။

Quick office Pro HD
Microsoft office နဲ့ ဖန်တီးထားတဲ့ ဖိုင်တွေကို iPad ပေါ်မှာ ဖွင့်ကြည့်ချင်ပါသလား။ တည်းဖြတ် ချင်ပါသလား။ Quick office Pro HD က ကူညီနိုင်ပါတယ်။ MS offfice ဖိုင်တွေကို ခေါ်ကြည့်ရတဲ့ အလုပ်ကတော့ ရိုးရှင်းပါတယ်။ ကိုယ်ကြည့်ချင်တဲ့ ဖိုင်တွေကို iTunes ရဲ့ file sharing စနစ်ထဲမှာ ပေါင်းထည့်ပေးရပါမယ်။ အီးမေးလ်က တစ်ဆင့်ဖြစ်ဖြစ် တိုက်ရိုက် ချိတ်ဆက်ထားတဲ့ Network က ဖြစ်ဖြစ် iPad ဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။ iCloud ဆိုတဲ့ Cloud Service ထဲမှာ သိုလှောင်ထားတဲ့ MS office ဖိုင်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီ Application ကို အသုံးပြုပြီး Word, Excel နဲ့ Power Point ဖိုင်တွေကို ဖွင့်လည်းကြည့်နိုင်၊ တည်းလည်း တည်းဖြတ်နိုင်ပါမယ်။ Ms Office fromat နဲ့ ဖိုင်အသစ်တွေကိုတောင် ဖန်တီးနိုင်ပါဦးမယ်။ တန်ဖိုးမသေးလှတဲ့ အခပေးဆော့ဖ်ဝဲ ဖြစ်ပါတယ်။

ABBYY Text Grabber
ABBYY ဟာ Scanner တွေမှာ သုံးတဲ့ OCR (Oplical Character Recogmition) ဆော့ဖ်ဝဲကို ထုတ်လုပ်သူဖြစ်ပြီး Scanning Software နယ်ပယ်မှာ နာမည်ကြီးပါတယ်။ ABBYY text Grabber ဟာ iPad ရဲ့ ကင်မရာကို Scanner သဖွယ် အသုံးပြုနိုင်စေမယ့် ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။ ကင်မရာနဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေထဲက စာသားတွေကို ဓာတ်ပုံရိုက်ယူမယ်။ ပြီးရင် အဲဒီစာသားတွေကို text ဖိုင်အဖြစ် ပြောင်းလဲပြီး မိမိနှစ်သက်ရာ Word processor တစ်ခုခုထဲကို ပေးပို့ တည်းဖြတ်နိုင်ပါတယ်။ Scanning Software ရိုးရိုးထက် သာတဲ့အချက်က ဘာသာစကားအတော်များများကို အင်္ဂလိပ်ဘာ သာသို့ ပြန်ဆိုနိုင်တဲ့အချက် ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့ text တွေကို Active text ဘဝသို့ ပြောင်းလဲရာမှာ ရာနှုန်းပြည့် တိကျမှုမရှိပေမယ့် ဓာတ်ပုံကို ကြည်လင်ပြတ်သားအောင် အလင်းပေး ပြီး ရိုက်နိုင်မယ်ဆိုရင် တိကျသေချာမှု ၉၅ ရာခိုင်နှုန်းကျော် ရှိပါမယ်။ အချိန်ကုန်သက်သာစေမယ့် လက်သုံးဆော့ဖ်ဝဲလ်လို့ ဆိုနိုင်ပါတယ်။အခပေး ဆော့ဖ်ဝဲလ်ဆိုပေမယ့် ဈေးနှုန်းသက်သာပါတယ်။

Skype for iPad
Skype ရဲ့ မူလအသုံးကတော့ Skype Account ရှိသူ အချင်းချင်း အင်တာနက်ပေါ်ကနေ ဖုန်းပြောနိုင်ဖို့ ဖြစ်ပါတယ်။ Gtalk နဲ့ ပြောသလိုပေါ့။ အင်တာနက်ကနေ တိုက်ရိုက်ချိတ်နိုင်တဲ့ Viber က ပိုပြီး ခေတ်စားပါတယ်။ အခမဲ့ဆော့ဖ်ဝဲလ်မို့ လူသုံးလည်းများပါတယ်။ ဒါပေမဲ့ အခု Skype ကတော့ iPad ပေါ်မှာ Video conferencing အတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။ Cross platform ဆော့ဖ်ဝဲလ်မို့ ဒီဆော့ဖ်ဝဲလ် တင်ထားတဲ့ ဘယ် Tablet မဆို အချင်းချင်း အင်တာနက်ကတစ်ဆင့် Video conferencing လုပ်နိုင်ပါတယ်။ Screen အရွယ်အစားကြီးမယ်ဆိုရင် ရုပ်ပုံက ကြည်လင်ပြတ်သားမှု ပိုကောင်းပြီး သုံးစွဲရတာ ပိုလို့ သက်သောင့်သက်သာ ရှိပါလိမ့်မယ်။ အသစ်ထွက်တဲ့ iPad 2 နဲ့ New iPad ပိုင်ရှင်တွေ အဖို့ကတော့ ကိုယ့်စက်ရဲ့ ဗီဒီယို စွမ်းဆောင်ရည်ကို အကျိုးရှိရှိ အသုံးချချင်တယ်ဆိုရင် ဒီဆော့ဖ်ဝဲလ်ကို ကြိုဆိုရမှာပါ။ မထင်မရှား မပြတ်မသား အစက်အပြောက် အတော်များများနဲ့ ပုံဖော်ပေးတတ်တဲ့ iPhone application တွေကို အားကိုးဖို့ မလိုတော့ဘူးပေါ့။ အခမဲ့ရတဲ့ ဒီဆော့ဖ်ဝဲလ်ကြောင့် မနစ်နာ တာတော့ သေချာပါတယ်။
 

နောင်စိုး (ထားဝယ်) @ thihasitthu

Related Articles:

Post a Comment