နိုင်ငံရေးယဉ်ကျေးမှု၊ ဇာတ်ကောင်များနှင့် သမိုင်းနောက်ခံပုံရိပ်များ
ကျနော်တို့ဆီမှာတော့ ဆောင်းဝင်စောတယ်ထင်ပါရဲ့။ အေးစက်စက်လေတွေက ဖြတ်ကနဲရောက်လာတယ်။ သစ်ပင်တချို့က နီစွေးနေပြီး တချို့အပင်တွေကတော့ အဝါရောင်တွေနဲ့ လှလှပပ ဖိတ်စင်နေတယ်။ မကြာခင် နှင်းကျတော့မယ်။ သစ်ပင်တွေက ကျနော်တို့ကို စကားအများကြီး ပြောသွားတယ်။ သူတို့ရဲ့ ဆောင်းအဝင်ဇာတ်သိမ်းသွားပုံက ကျနော်တို့မြန်မာပြည်က နွေဦးလို မဟုတ်ဘူး။ ကျနော်တို့ဆီမှာ-- နွေဦး ဆိုတာက ရိုးတံပြိုင်းပြိုင်း၊ ရွက်ဝါတွေ သွေ့ခြောက်၊ လေနှင်ရာဝဲ၊ စိတ်က လွင့်နေချင်တာမျိုး---
ဆောင်းမှာ ကြွေတဲ့ သစ်ရွက်တွေက အဲ့သလိုမျိုးမဟုတ်ဘူး။ကြမ်းတမ်းတော့မဲ့ ရာသီဥတုဒဏ်ကို တစိမ့်စိမ့်ခံရင်း အလှပဆုံးအရောင်တွေပြပြီး ကြွေသွားကြတာ။
သစ်ပင်တွေ အရောင်ပြောင်းနေတဲ့ မြင်ကွင်းတွေက ကျနော်တို့ကို သတိတရားနဲ့ သတ္တိရှိရှိချစ်ပြနေတဲ့ မိတ်ဆွေတွေကို တွေ့ရသလိုမျိုးပါပဲ။
တကယ်တော့ လူတွေကလည်း အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းနေကြတာမဟုတ်ဘူး။ သူတို့အိမ်ရှေ့နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မြေတွေကိုတူးဆွပြီး နွေဦးအတွက် ပန်းမျိုးစေ့တွေ မြှုပ်ကြတယ်။ မြေတွေကို အသစ်ပြောင်းပစ်ကြတယ်။ ဂျွန်လလောက်မှာ အအေးဓါတ်လည်း လျော့သွားရော------ နွေးဦးမှာ အစောဆုံးပွင့်လေ့ရှိတဲ့ ပန်းတွေက နှင်းရိုက်ထားတဲ့ မြေတွေပေါ်မှာ လူးလွန့်ပွင့်လာခဲ့ကြတယ်။
ကျနော်ကလည်း ဘာရယ်လို့မဟုတ်ပါဘူး။ ဒီရာသီ ဆိုရင်- ကျနော်နေတဲ့ ရပ်ကွက်လေးတွေမှာ ရှိနေတဲ့ သစ်ပင်တွေရဲ့အရောင်တွေ၊ လူတွေရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားကြည့်နေမိတယ်။ လူတွေက အကြမ်းတမ်းဆုံးရာသီဥတုကိုရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားယုံသာ မကဘူး။ နွေဦးပန်းတွေကို ပွေ့ဖက်ဖို့အတွက်လည်း သူတို့ရဲ့ စိတ်ကူးလေးတွေကို ရာသီတခုစာ မြှုပ်နှံထားခဲ့ကြတယ်။ တကယ်တော့ ဒီမိုကရေစီနိုင်ငံတခုမှာ မွေးဖွားကြီးပျင်းခဲ့သူတွေက ကံအလွန်ကောင်းပါတယ်။ တိုင်းပြည်မှာ ပြည်တွင်းစစ်မရှိတော့ လုံလုံခြုံခြုံနေလို့ရတယ်။ သူတို့မှာ သူတို့လုပ်ချင်တဲ့ စိတ်ကူးလေးတွေကို ပုံဖေါ်ဖို့အတွက် အရာအားလုံးက အလွယ်တကူဝယ်ယူလို့ရတယ်။ အသင့်ဖြစ်နေတယ်။
တခုတော့ ရှိပါတယ်။ ချမ်းသာကြွယ်ဝတဲ့ ဒီမိုကရက်တစ်နိုင်ငံတနိုင်ငံဖြစ်ဖို့ဆိုတာ သမိုင်းကို လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ကျွန်စံနစ်၊ လူထုအခွင့်အရေးတိုက်ပွဲ၊ ကမ္ဘာစစ်ကြီးအတွင်းမှာ လူရည်လည်မှု---- စတဲ့အချက်တွေအပြင်၊ လူဖွဲ့အစည်းရဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေကလည်း အဓိက အရေးကြီးတဲ့ အချက်တွေဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကို ပြင်ဆင်ထားနိုင်သူတွေကသာ အလှပဆုံးနွေဦးကို ခံစားခွင့်ရှိတတ်တယ် ဆိုတဲ့ အဆိုအမိန့်တခုကို သတိယမိတယ်။
တိုက်တိုက်ဆိုင်ဆိုင်- မနေ့ညက O' Donnell ရဲ့ Democratic Consolidation and Illusion ဆိုတဲ့အယူအဆတခုကို ပြန်ဖတ်ကြည့်မိတယ်။
ရင့်ကျက်ပြည့်စုံတဲ့ ဒီမိုကရက်တစ်နိုင်ငံတနိုင်ငံဖြစ်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေက ဘာတွေဖြစ်နိုင်မလဲ။ ဘယ်လိုဇာတ်ကောင်တွေက ဘယ်လို ထိန်းညှိလှုပ်ရှားကြမှာလဲ။
လွတ်လပ်တဲ့အာရှအသံရဲ့ သောကြာနေ့မနက်ပိုင်းအစီစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွေ ဆိုတာ ထိလွယ်ရှလွယ်ပြီး၊ အခန့်မသင့်ရင် အာဏာရှင်အသစ်တွေရဲ့ လက်ထဲကို ကျရောက်သွားတတ်လေ့ရှိတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရတတ်ပါတယ်။ အစိုးရအသစ်တွေရဲ့ ကတိစကားတွေက ပြည်သူလူထုမျှော်လင့်ထားသလိုမျိုးဖြစ်မလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ လူထုက သူတို့ရဲ့ဘဝလုံခြုံမှုမရှိတော့တဲ့အတွက် စိတ်မရှည်နိုင်တော့တဲ့ အခါမှာပဲဖြစ်ဖြစ်၊ အီဂျစ်၊ လစ်ဗျား၊ တူနီးရှား နဲ့ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ လူထုမငြိမ်သက်မှုတွေကို တွေ့ရှိနေရမှာဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ ဆိုရင်၊ လူထုအစိုးရတလှည့် စစ်အာဏာသိမ်းမှုတလှည့်၊ ကြိမ်ဖန်များစွာ အသွင်ကူးပြောင်းခဲ့ဘူးတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရဘူးပါတယ်။ တကယ်တော့ အသွင်ကူးပြောင်းမှုဆိုတာ အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီ တဝက်၊ အာဏာရှင်တဝက်ပေါင်းစပ်ထားတဲ့ အစိုးရတရပ်ဆီကို ဦးတည်သွားနိုင်သလို၊ ဒီမိုကရေစီ အစိုးရတရပ်ဆီကိုလည်း ဦးတည်နိုင်ပါတယ်။ အာဏာရှင်လက်သစ်တွေရဲ့ လက်ထဲကို ပြန်လည်ကျရောက်နိုင်တဲ့အနေအထားမျိုးလည်းရှိနိုင်ပါတယ်။ ဒါဖြင့် ရင့်ကျက်ပြည့်စုံတဲ့ ဒီမိုကရေစီ နိုင်ငံတော်တရပ်ဖြစ်ဖို့အတွက် ဘယ်လိုအခြေအနေ၊ ဘယ်လိုဇာတ်ကောင်တွေ လိုအပ်ပါသလဲ။
နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူရားမား ကတော့ နိုင်ငံရေးယဉ်ကျေးမှု ဆိုတာ ရင့်မှဲ့ပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တခုကို တည်ဆောက်ဖို့အတွက် အဓိက သော့ချက် တခုဖြစ်တယ် လို့ ထောက်ပြဝေဖန်ခဲ့ဘူးပါတယ်။
ဒီတပတ်မှာတော့ ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အနေအထားတွေကို သုံးသပ်တင်ပြထားတဲ့ အမြင် သုံးမျိုးကို လေ့လာကြည့်ပြီး ကျနော်တို့မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ကြည့်ကြရအောင်ပါ။
ပညာရှင်တချို့ကတော့ ရင့်မှဲ့တဲ့ ဒီမိုကရက်တစ်နိုင်ငံတော်တခုကို သွားဖို့အတွက် မြင်သာထင်ရှားတဲ့ အစိုးရ ယန္တရားတွေအပြင်၊ ပညာရေး၊ ကျန်းမာရေး နဲ့ လူထုအဖွဲ့အစည်းတွေရဲ့ ကောင်းမွန်တိုးတက်ရေးဟာ အရေးပါတယ် လို့ ထောက်ပြဝေဖန်ကြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲတွေ နဲ့ အဲ့ဒီရွေးကောက်ပွဲတွေအတွက် လွတ်လပ်သန့်ရှင်းမှုကို ဖေါ်ဆောင်ပေးမဲ့ အခြေအနေတွေအပြင်၊ တရားဥပဒေ စိုးမိုးမှု ဆိုတာကလည်း မရှိမဖြစ် လိုအပ်တဲ့ အရာတွေဖြစ်တယ် လို့ လေးလေးနက်နက်ပြောခဲ့ပါတယ်။
ဒီအချက်ကို စဉ်းစားကြည့်ကြရအောင်ပါ။ ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်စံနစ်မှ ဒီမိုကရေတက်အစိုးရတရပ်ဆီကို အသွင်ကူးပြောင်းဖို့ ကြိုးစားတဲ့အခါ၊ လိုအပ်တဲ့ လူထုအဖွဲ့အစည်းတွေ ရဲ့ အနေအထားဟာ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကထက်စာရင် ပိုမိုတိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ တရားဥပဒေစိုးမိုးမှု ဆိုတာတွေကတော့ အားလုံးသိမြင်နေကြတဲ့အတိုင်းပါပဲ။ ရခိုင်ပြည်နယ်က လူထုဆန္ဒပြပွဲ၊ တရားမဝင်နေထိုင်မှုပြဿနာနဲ့ လူဝင်မှုကြီးကြပ်ရေး၊ လယ်မြေသိမ်းပိုက်မှု အပေါ်တုန့်ပြန်မှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆီက အငြင်းအခုန်များ၊ --- စတဲ့အဖြစ်အပျက်တွေဟာ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ပေါ်ပေါက်နေရတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးမှု လျော့နည်းနေတာကို တွေ့ရတဲ့အတွက် ကောင်စီတရပ်ကို ဖွဲ့စည်းခဲ့ပေမဲ့ တရားဥပဒေစိုးမိုးမှုကောင်စီဟာ ဒီအဖြစ်အပျက်တွေပေါ်မှာ ကိုင်တွယ်နိုင်မှုမရှိသေးခဲ့ပါဘူး။ တရားဥပဒေစိုးမိုးမှုကောင်စီဟာ ဥပဒေမဲ့လုပ်ရပ်တွေအပေါ်မှာ ဘယ်လိုတားဆီးနိုင်မလဲ ဆိုတဲ့အချက်က ဒီမိုကရက်တစ်နိုင်ငံတော်ရဲ့ အဆင့်အတန်းကို သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံပါမောက္ခ အို ဒွန်နယ် ကတော့ ဒီမိုကရက်တစ်နိုင်ငံတော်တခုကို တင်းပြည့်ကျပ်ပြည့်ရဖို့အတွက် ရွေးကောက်ပွဲဥပဒေသတွေ နဲ့ အဖွဲ့အစည်းတွေဆိုတာ အဓိက စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေမဟုတ်ဘူး။ တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေသတွေ နဲ့ တရားမဝင်တည်ရှိနေတဲ့ ဇာတ်ကောင်တွေရဲ့ ဆက်သွယ်လှုပ်ရှားမှု၊ ပေါင်းစည်းမှုတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ခြင်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ် လို့ ယုံကြည်ပုံရပါတယ်။ တရားမဝင်ဖြစ်နေတဲ့ ဇာတ်ကောင်တွေ၊ အဖွဲ့အစည်းတွေဟာ တရားဝင်တည်ရှိနေတဲ့ ဥပဒေသတွေ၊ အဖွဲ့အစည်းတွေ ရဲ့ ပြဋ္ဌာန်းမှုအောက်ကို လိုက်ပါနိုင်တဲ့အခါ၊ ရင့်ကျက်ပြည့်စုံတဲ့ ဒီမိုကရေစီစံနစ်ဆီကို ဦးတည်သွားတယ် လို့ ဆိုပါတယ်။
အို ဒွန်နယ် တင်ပြတဲ့အချက်မှာ အဖြစ်အပျက်နှစ်မျိုးရှိနိုင်ပါတယ်။ အမြင်မတူတဲ့ အုပ်စုတွေ အပေးအယူလုပ်ခိုင်းတာလည်း ဖြစ်နိုင်သလို၊ တရားဝင်တည်ရှိနေဆဲ ဥပဒေသတွေအောက်မှာ အားလုံးဝင်ပါခိုင်းနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုဆိုရင်တော့ လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှု နဲ့ တရားမဝင်အဖွဲ့အစည်းတွေ ဇာတ်ကောင်တွေရဲ့ အခန်းကဏ္ဍ ဟာ အရေးပါနေဆဲဖြစ်နေသလို၊
၂၀၀၈ အခြေခံဥပဒေအပေါ် လက်မခံနိုင်တဲ့အဖွဲ့အစည်းတွေ နဲ့ သစ္စာဆိုပြီးသားအဖွဲ့အစည်းတွေ ရဲ့ ပေါင်းကူးမှုတွေကလည်း စိတ်ဝင်စားစရာကောင်းနေမှာ အမှန်ပါ။
ပညာရှင် အယ်မွန် နဲ့ ဗာဘာ ကတော့ လူထုနိုင်ငံရေးယဉ်ကျေးမှုကို ပိုပြီး ဇောင်းပေးဆွေးနွေးချင်ပုံရပါတယ်။
လူ့အဖွဲ့အစည်းတွင်းမှာ လူတွေဟာ ကိုယ့်အကျိုးစီးပွားပေါ်မှာ အခြေခံပြီး ရပ်တည်လေ့ရှိတယ်။ ဒီ အခြေခံအကျိုးစီးပွားတွေကို တယောက်နဲ့တယောက် တန်ဘိုးထားပြီး ဘယ်လိုပေါင်းစည်းလုပ်ကိုင်ကြမလဲ။ လူတဦးချင်း၊ အဖွဲ့အစည်းတခုချင်းဟာ တယောက်ရဲ့တန်ဘိုး နဲ့ သဘောထားတွေကို ဘယ်လိုပါဝင်လှုပ်ရှားကြမလဲ။
လုတိုင်းဟာ တယောက်ရဲ့တည်ရှိမှုကို တယောက်က အသိအမှတ်ပြုပြီး၊ အဲ့သလို ပူုးပေါင်းပါဝင်နိုင်ပြီဆိုရင် ရင့်မှဲ့တဲ့ ဒီမိုကရေစီနိုင်ငံတော်တခုဆီကို တက်လှမ်းဖို့ လမ်းစရှာတွေ့ပြီ လို့ ဆိုပါတယ်။ ဒီအချက်ဟာ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီးစ နိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ပဋိပက္ခတွေ၊ ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရေး နဲ့ အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲရေးတွေ အတွက် အဓိက စဉ်းစားစရာတခုလိုဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ တယောက်ရဲ့ရပ်တည်ချက် နဲ့ တည်ရှိမှုကို အသိအမှတ်မပြုတဲ့အခါ စစ်ပွဲတွေဆီကို ဦးတည်သွားလေ့ရှိတဲ့ သမိုင်းအဖြစ်အပျက်တွေကလည်း ပြည့်နှက်နေတတ်ပါတယ်။
လက်ရှိအစိုးရသစ်ဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အသံတွေ၊ နစ်နာချက်တွေ၊ တန်းတူရေးအခွင့်အရေးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ၊ သူတို့ရဲ့ တန်ဘိုးကို နေရာပေးလို့ရမဲ့ နိုင်ငံရေးရာသီဥတုတခုကို ဘယ်လိုဖန်တီးပေးမလဲဆိုတဲ့အချက်က အလေးအနက်စဉ်းစားစရာကိစ္စတခု ဖြစ်နေပါတယ်။
သောတရှင်များခင်ဗျား
ပညာရှင်အုပ်စုသုံးစု တင်ပြတဲ့ အချက်အလက်တွေအရဆိုရင်တော့ ပြည့်စုံရင့်မှဲ့တဲ့ ဒီမိုကရက်တစ်နိုင်ငံတော်တရပ်ကို တည်ဆောက်ဖို့အတွက် နိုင်ငံတွေဟာ အချိန်တော်တော်ကြာယူခဲ့ကြရမှာ အသေအချာပါ။ လူမျိုးစုပြဿနာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသတွေ နဲ့ တရားမဝင်အဖွဲ့အစည်းတွေအတွက် လုံခြုံမှုမပေးနိုင်သေးတဲ့အနေအထားတွေဟာ အသွင်ကူးပြောင်းရေးကာလတွေမှာ ပထမဆုံးဦးစားပေးစဉ်းစားရမဲ့အရာတွေဖြစ်ပါတယ်။
နှစ်ဘက်စလုံးအနိုင်ရမဲ့ ကစားပွဲဆိုတာ အရားအားလုံးကို လက်နက်ချခေါင်းလျှိုဝင်ရေးမဟုတ်သလို၊ ဘက်တဘက်ကနေ အပေါ်စီးက ပြဋ္ဌာန်းထားတဲ့ ဥပဒေသတွေလည်း မဖြစ်သင့်ပါဘူး။ သောတရှင်တို့လည်း ရင့်ကျက်တည်ငြိမ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆုံဆည်းနိုင်ကြပါစေ။
Credit: Ko Aung Moe Win
http://www.facebook.com/notes/aung-moe-win
Post a Comment