Friday, December 21, 2012

အလုပ် နှင့် လူငယ်



လူငယ်တစ်ယောက် ရဲ့အခွင့်အရေး လူငယ်တွေ ယနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိနေကြားနေ မြင်နေ ရသမျှကို သိသလောက်ပြောချင်ပါတယ် ။ လူအသိုင်းအ၀ိုင်းကြီး တစ်ခုလုံးအတွက် လူချမ်းသာတွေ အတွက်တော့ မရည်ရွယ်ပါဘူး ။ ယနေ့တိုးတက်နေတဲ့ခေတ်မှာ သာမန်လူတန်းစားထဲက ကိုယ်လိုသူလို လူငယ်လေးတွေ ရင်ဆိုင်နေကြရတဲ့ အဖြစ်အပျက်တွေကို ပြောချင်တာပါ ။ လူငယ်တွေ ဘက်ကလည်း ကိုယ့် အရည်အချင်းကို အကောင်းဆုံးဖြစ်အောင်နဲ့ အရိုးသားဆုံး ဖြစ်အောင်လုပ်သင့်တယ်လို့ နိဒါန်း ချီလိုက်ပြီး ပြောလိုက်ချင်တယ် ။
သာမန် သူလိုကိုယ်လို လူတန်းစားလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အတိုင်းအတာမှာ သာမန်လူ တန်း စားဦးရေဟာ ရာခိုင်နှုန်းတော်တော်များပါတယ် ။ တိုးတက်နေတဲ့ နယ်ပယ်နဲ့ လူငယ်တွေ တွေ့ကြ ကြုံကြ ရတဲ့ လုပ်ငန်းခွင်က အခက်အခဲလေးတွေပါ ။ ပထမဆုံး သတိရမိလိုက်တာလေးကို ဟာသသဘောပဲ ဖြစ်ဖြစ်ပြောပြ ချင်ပါတယ် ။ သူငယ်ချင်းတစ်ယောက် အင်တာနက်သုံးနေတဲ့ အနောက်ကနေ ရပ်ကြည့်နေ မိတယ် ။ သူနဲ့ ချက်တင် (Chatting) မှာ စကားပြော နေတဲ့ သူရဲ့ custom message ကိုကြည့်လိုက်တော့ စိတ် ၀င်စား စရာ ကောင်းတဲ့စားသားလေးကို တွေ့ရပါတယ် ။ ရေးထားကတာ “ ဘာကွ . . . မင်းတတ်တဲ့ ကွန်ပျူ တာပညာနဲ့ တစ်လကို လေးသောင်းပေး မယ်တဲ့ . . . . ဟုတ်လား ” ဒီလိုလေး ရေးထားတာတွေ့ရပါတယ် ။ လူငယ်တွေ နည်းပညာလောကကို စိတ်ဝင်တစား လိုက်နေကြတဲ့ ။ အနည်းဆုံး အင်တာနက်ဆိုတာကိုတော့ နားလည်ချင်ကြတယ် ။ သိအောင် လုပ်ကြတယ် ။ မသုံးတတ်တဲ့သူတွေကလည်း Internet ဆိုင်တွေမှာ ဆိုင်က Staff တွေကို ပြခိုင်းပြီးသုံးတတ် အောင် လုပ်ကြတယ် ။ ကွန်ပျူတာသင်တန်းတွေတက်ကြတယ် ။ သင်တန်းတွေကလည်း မျိုးစုံနဲ့ ကိုယ်နှစ် သက်တဲ့ လိုင်းနဲ့ အကောင်းဆုံး သင်ပြပေးနိုင်မယ်ထင်တဲ့ သင်တန်းကျောင်းတွေကို ရွေးတက်ကြတယ် ။ ကွန်ပျူတာ သင်တန်းတွေတက်ပြီး အတွေ့အကြုံရအောင် လုပ် ငန်းခွင်စ၀င်တဲ့ အချိန်မှာ တွေ့ကြုံရတဲ့ ပြဿ နာကတော့ လစာကိစ္စပဲ ။ သင်တန်းတွေတက်ဖို့ အိမ်ကနေ ထောက်ပံ့ပေးထားတာလည်း သင်တန်းကြေး တွေက မနည်းတော့ဘူး ။ လုပ်ငန်းခွင်စ၀င်မယ် ကိုယ်တိုင် ငွေရှာပြီး ရပ်တည်တော့မယ်ဆိုရင် အလုပ်က ပေးတဲ့ လစာနဲ့ နေ့စဉ်နေရေးထိုင်ရေးမှာ ကုန်ကျ မှာနဲ့က ဘယ်လိုမှ အဆင်မပြေကြဘူးလေ ။ အများအား ဖြင့်တော့ နယ်ဘက်ကနေ လာတဲ့ကျောင်းသား လူငယ် တွေ မှာ ဒီလိုကိစ္စတွေအဖြစ်များကြပါတယ် ။
ဆယ်တန်းအောင်ပြီး ရန်ကုန်က ဆွေမျိုးသားချင်းတွေအိမ်မှာ တည်း အင်္ဂလိပ်စာ ၊ ကွန်ပျူတာ နဲ့ အခြား ကိုယ်စိတ်ဝင်စား တဲ့ နယ်ပယ်မျိုးစုံမှာလေ့လာကြတယ် ။ ကျောင်းကလည်း ဒုတိယနှစ်လောက်ရောက်ပြီ ရန်ကုန်မှာနေလာတာကလည်း ကြာပြီ ။ အင်္ဂလိပ်စာ နဲ့ ကွန်ပျူတာပညာကိုလည်း တီးမိခေါက်မိ ဖြစ်လာ ပြီဆိုတဲ့ အချိန်မှာ အိမ်ကို ဒုက္ခမပေးချင်ကြတော့ဘူးလေ ။ ရန်ကုန်မှာနေတဲ့ စရိတ်က သာမာန်ကြည့်ရင် တော့ ဘာမှမသိသာပါဘူး ။ ချင့်ချိန်တွက်ဆပြီး သုံးရတဲ့ အနေအထားဆိုရင် တော်တော်လေး သိသာပါ တယ် ။ ငွေတစ်ထောင်အိပ်ကပ်ထဲရှိလို့ ဟိုနားဒီနား သွားလိုက်မယ်ဆိုရင် လမ်းစရိတ်နဲ့တင် ဒီငွေကကုန် သွားမှာပါ ။
အလုပ်မလုပ်ခင်က ဒါမျိုးကြိုတွေးတာတော့မကောင်းဘူးလို့ ပြောချင်ပြောကြပါလိမ့်မယ် ။ သာမန်လူတစ် ယောက်အတွက် တစ်လစရိတ်ကို တွက်ကြည့်မယ်ဆိုရင် ထမင်းစရိတ်ကပဲ အနည်းဆုံး ၂၅၀၀၀ နဲ့ အထက် မှာ ရှိတယ် ။ သွားစရိတ်လာစရိတ်ဆိုတာ လည်း ရန်ကုန်မှာ ထည့်တွက်ရပါမယ် ။ အပေါ်ယံအသုံးစရိတ် ကိုပါထည့်တွက်မယ် ဆိုရင် လူတစ်ယောက် အတွက် တစ်လကို ၅၀၀၀၀ အထက်လောက်မှ လုံလောက်ရုံ ရှိမယ်လို့ ထင်ပါတယ် ။ လုပ်ငန်းခွင်စ၀င်တဲ့ အချိန်မှာ အလုပ်ကပေးတဲ့ လစာငွေဟာ ငါးသောင်းထက် မပို ပါဘူး ။ တစ်ချို့ဆို ပညာတွေလည်း တော်တော်ပြည့်ဝနေပါပြီ ။ အလုပ်တော့လုပ်တော့မှ ဖြစ်မယ်ဆိုပြီး အလုပ် ရှာတယ် ။ လစာဘယ်လောက်ကစရသလဲဆိုတော့ ၄၅၀၀၀ လောက်ကနေစရပါတယ် ။ စလုပ်ပြီ ။ လစာက ဘယ်လောက်ကြာမှတိုးမယ်ဆိုတာ မသေချာဘူး ။
ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ရှိတယ်ဗျာ ။ သုံးယောက်စလုံးက တစ်နယ်တည်းသားတွေပါပဲ ။ အဝေး သင်တက်နေကြတယ် ။ ရန်ကုန်ကို စရောက်တယ်ဆိုရင်ပဲ အင်္ဂလိပ်စာ သင်တန်းတက်ကြတယ် ။ နောက် ကွန်ပျူတာ သင်တန်းတွေတက်ကြတယ် ။ အဲ့ဒီအထဲမှာ ပထမဆုံး ကျွန်တော်အလုပ်ရတယ် ။ ကျွန်တော် အလုပ်စ၀င်တော့ အိမ်ကိုထမင်းဖိုးတောင်မပေးနိုင်ပါဘူး ။ လမ်းစရိတ်နဲ့ ကျောင်းစရိတ်နဲ့ အားတဲ့ရက်မှာ ဟိုသင်တန်းဒီသင်တန်းလေး တက်တာနဲ့ ဆိုတော့ အပြင်ဘာရိယဆိုလို့ ဘာမှ မ၀ယ်ဘဲနဲ့ ကိုယ်ရတဲ့ငွေက တစ်လ မပြည့်လိုက်ဘူး ။ သူငယ်ချင်းသုံးယောက်ထဲမှာ ကျန်နှစ်ယောက်ကတော့ ပြေပြေလည်လည်ပေါ့ဗျာ။ အိမ်ကို ထမင်းစရိတ်ပေးပြီး သင်တန်းတွေတက်နေကြတယ် ။ ကျွန်တော် အလုပ်ရပြီး သိပ်မကြာခင်မှာပဲ နောက်တစ်ယောက်က သူ့အကို အဆက်နဲ့ အလုပ်တစ်ခုမှာ အလုပ်ရတယ်လို့ သတင်းကြားတယ် ။ အခုတော့ သူလည်း အလုပ်မှာ အဆင်ပြေနေတယ်လို့ ပြောပါတယ် ။ အတူတူလာတဲ့အထဲမှာနောက် တစ်ယောက်ကတော့ အခုထိအလုပ် ရှာဆဲပဲ ရှိပါသေးတယ် ။ ကျွန်တော်ပြောပြချင်တဲ့အချက်ရဲ့ အဓိကနေ ရာနားကိုတော့ ရောက်လုနီးပါပြီ ။
အခုအလုပ်ရနေတဲ့ သူငယ်ချင်းအလုပ်က လစာသိပ်မကောင်းဘူး အောက်ဆိုဒ်ရတယ်ဆိုတဲ့ စကားကို ကြားရတယ် ။ ဒီကောင်ကလည်း အခုတော့ ဘောစ် ဖြစ်နေပြီ လို့ အလုပ်မရသေးတဲ့ ကောင်ကပြောတယ်။ စဉ်းစားစရာအခန်းကို ရောက်လာပါပြီ ။ အလုပ်ကပေးတဲ့ လစာဟာ တစ်လအသုံးအတွက် မပြောနဲ့ နှစ်ပတ် စာတောင် မရှိပေမယ့် ဒီကောင် ဘော့စ်ဖြစ်နေတယ်ဆိုတော့ မရိုးသားတဲ့ အလုပ်ဒီကောင်လုပ်နေရပြီ ဆို တာ သေချာနေပါပြီ ။ အများမိုးခါးရေသောက်လို့ ကိုယ်လည်းသောက်တယ်ဆိုတဲ့သဘောဖြစ်နေပြီ ။ ဒီလိုမှ မလုပ်လဲ မရတော့ဘူးဆိုတဲ့ အခန်းတွေဖြစ်လာနေပြီ ။
လုပ်ငန်းရှင်တွေရဲ့ အယူအဆကတော့ ဘယ်လိုရှိတယ်ဆိုတာ မသိဘူးဗျာ ။ ကိုယ်တိုင်က လုပ်ငန်းရှင်မှ မဖြစ်သေးတာပဲ ။ ကိုယ်လုပ်ခဲ့ဘူးတဲ့ အတိုင်းအတာမှာတော့ အလုပ်သမားတွေကို ကြိုးကြိုးစားစား လုပ် စေချင်တယ် ။ ငွေတောင်းရင်လည်း ရဲရဲတောင်း လုပ်စရာရှိရင်လည်း မခိုမကပ်လုပ် ။  ဒါမျိုးဖြစ်စေချင်ခဲ့ တာ ပါ ။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ကန်ထရိုက်လုပ်ငန်းလေးလုပ်တုံးက ကိုယ်ဖြစ်စေချင်ခဲ့တဲ့ စိတ်ကို ပြော တာပါ။ လုပ်ငန်းရှင်တော်တော်များများကလည်း ရိုးသားပြီးကြိုးစားသူဆိုတဲ့ စကားကိုတော့ အမြဲတမ်း ပြော တတ်ကြပါတယ်။ ရိုးသားပြီးကြိုးစားတဲ့သူတစ်ယောက်ကို ရဖို့ ဘယ်လိုရှာဖွေကြသလဲဆိုတဲ့ နည်းစ  နစ်တွေကိုလည်း လုပ်ငန်းရှင်တွေပိုကျွမ်းကျင်မှာပါ ။
ပုထုဇဉ်လောကကို တရားသဘောအပြည့်အ၀နဲ့ ပြောလို့မရဘူးဆိုတာတော့ အားလုံးသဘောပေါက် ကြပါ တယ်။ ဦးသုမင်္ဂလဟောတဲ့ တရားထဲမှာ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ စကားလုံးကို ဆရာတော် ဘုရားက သီလစောင့်မှ အူမတောင့်မယ် လို့ ပြန်ပြင်ပေးထားပါတယ် ။ မှန်ပါတယ် ။ နောင်သံသရာ အတွက် ဆရာတော် ဘုရားရဲ့ မေတ္တာ ဂရုနာပါပဲ ။ ခိုးမှ စားရမယ်ဆိုရင် ငတ်ပြီးအသေခံလိုက်တဲ့ ။
လုပ်ငန်းခွင်တော်တော်များများမှာ အောက်ဆိုဒ်ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ်အသုံးပြုတာကို တွေ့နေရတယ် ။ အောက်ဆိုဒ်ဆိုကတည်းက အရှင်းဆုံးပြောရရင်တော့ လစာမဟုတ်ဘဲ အပြင်အကြံအဖန် ခိုးယူရတဲ့ အရာပဲ ။ ဒီစကားလုံးကြီးနဲ့ ဆရာတော်ဘုရားရဲ့ ဆုံးမသြ၀ါဒနဲ့တော့ လားလားကြီးဆန့်ကျင်နေ ပြီ ။ ဗုဒ္ဓဘာသာဆိုတော့  ဗုဒ္ဓအဆုံးအမ နဲ့ အခြေခံပြီးပြောရတာပါ ။
ဆိုလိုချင်တာကတော့ဗျာ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်စ၀င်တဲ လူငယ်လေးတွေကို အခြေခံအားဖြင့် လူတစ်ယောက် ရပ်တည်နိုင်လောက်တဲ့ လစာပမာဏကိုတော့ ချင့်ချိန်တွက်စပြီး ပေးသင့်တယ်ဆိုတဲ့ အချက်ပါပဲ ။ ဘာပဲဖြစ်ဖြစ် ရိုးသားပါတယ်ဆိုတဲ့ သူတစ်ယောက်တောင် သူ့အတွက်လောက်ငမှုမရှိတော့ ဘူးဆိုရင် ဘယ်အပေါက်က အကြံအဖန်ရမလဲ ရှာလာတတ်ကြပါတယ် ။ အနည်းဆုံး ရပ်တည်နိုင်တယ်ဆို ရင်တော့ မကောင်းတဲ့ အလုပ်ကို လုပ်ချင်တာတောင် ရှောင်ကျဉ်နိုင်အောင် ကြိုးစားကြလိမ့်မယ်ဗျာ။ဒီခေတ် ဒီအခြေအနေနဲ့ သင့်တော်တဲ့လစာပမာဏအတိုင်းအတာကို လုပ်ငန်းရှင်တွေ နေ့စဉ်သုံးစွဲနေတဲ့ ငွေပမာဏနဲ့ တိုင်းတာပြီး လူတစ်ယောက်အတွက် အခြေခံလိုအပ်ချက် လောက်ကိုတော့ လုပ်သားကောင်း တွေရှာ နေတဲ့ လုပ်ငန်းရှင်တွေသိကြမှာပါ။
ဘ၀ခရီးလမ်းကို ရှောက်လှမ်းနေကြတဲ့ လူငယ်တွေ အနေနဲ့ကလည်း ကိုယ့်အရည်အချင်းနဲ့ ကိုယ်ကြိုးစား နိုင်တဲ့ စွမ်းအားကို အကောင်းဆုံးလုပ်ပြနိုင်အောင်ကြိုးစားကြပါ ။ အများမိုးခါးရည်သောက်လို့ သောက်ရ တယ်ဆိုတာမျိုးမဖြစ်ကြပါစေနဲ့။ အခုရော နောင်သံတရာ အတွက်ပါ မကောင်းတဲ့ လုပ်ရပ်တွေကို ရှောင် ကျဉ်နိုင် အောင် အစွမ်းကုန်ကြိုးစားကြပါလို့ သူငယ်ချင်းအပေါင်းအတွက် ကောင်းမြတ်သော စေတနာနဲ့ ရေးသားအပ်ပါသည် ။ သူငယ်ချင်းတို့ရေ မင်းတို့တက်တဲ့ ကွန်ပျူတာပညာနဲ့ တစ်လကို ၄၅၀၀၀ ဆိုတော့ အသံတော့ မကြားချင်ဘူးကွာ ။ ကြိုစားပြီး ရိုးသားတဲ့ လူငယ်တွေအတွက် အမြော်အမြင်ရှိတဲ့ လုပ်ငန်းရှင် တွေက ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူးလို့လဲ စကားလက်ဆောင်ပါးလိုက်ပါတယ် ။
 Ref: New Generation
credit:  Myanmar Talented Youth Club face book page

Related Articles:

Post a Comment