Friday, December 21, 2012

လက်ပံတောင်းတောင်ရှိ ပြည်သူများအား ရှေ့နေများကွန်ရက်မှ ဥပဒေကြောင်းအရ အကူအညီပေးမည်

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ ပြည်သူများအား ရှေ့နေများကွန်ရက်မှ ဥပဒေကြောင်းအရ အကူအညီပေးသွားမည်ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါသည်။ ထို့သို့အကူအညီပေးရန်အတွက် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်သို့လည်း ရှေ့နေများကွန်ရက်အနေဖြင့် သွားရောက်ပြီး ဒေသခံများ၊ သံဃာတော်များ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗကသ စသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ ရှေ့နေများကွန်ရက်အနေနဲ့ ဥပဒေအရ ဘာများလုပ်ပေးနိုင်မလဲပေါ့နော်။ မန္တလေးမှာစပြီး တရားစွဲနေပြီ။ ဒီတော့ သူတို့ကိုလည်း မစွဲဘူးလို့ မပြောနိုင်ဘူး။ ကျွန်တော်တို့ ဒေသခံရွာသူရွာသားတွေကို ဥပဒေကြောင်းအရ အကူအညီပေးသွားမယ်” ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားခဲ့ပါသည်။
ထို့အပြင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များကိုလည်း ရှေ့နေ့များကွန်ရက်မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ဦးသိန်းသန်းဦးက ပြောကြားခဲ့ပါသည်။ထို့အပြင် ရှေ့နေများကွန်ရက်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ City Star ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲပေးရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေသော သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃နာရီ (တန်ဆောင်မုန်းလပြည့်ည) က အင်အားသုံး ဖြိုးခွင်းခဲ့သည်။

လက်ပံတောင်း မီးလောင်သံဃာ ဆေးကုသစရိတ် မလုံလောက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မီးလောင် ဒဏ်ရာရခဲ့သော သံဃာတော်များ ဆေးကုသမှုစရိတ် အခက်အခဲဖြစ်နေပြီး အစိုးရက ကတိစကားအတိုင်း တာဝန်ယူရန် တိုက်တွန်း ပြောဆိုနေကြသည်။
“တောင်းပန်ပွဲ လုပ်တဲ့နေကတည်းက ၀န်ကြီး ဦးလှထွန်း ကိုယ်တိုင်လည်း ပြောခဲ့တယ်။ ဒီသံဃာတွေအတွက် လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ပေးမယ်ဆိုတဲ့ စကားခင်းသွားတယ်။ ဒီ ဒဏ်ရာရ သံဃာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသ စရိတ်ကိစ္စတွေဟာ နိုင်ငံတော်အစိုးရမှာ လုံးဝ တာဝန်ရှိတယ်လို့ ဦးဇင်းတို့ သတ်မှတ်ခဲ့တယ်။ သတ်မှတ်ခဲ့တဲ့ အတိုင်းပဲ တောင်းဆိုတဲ့အချိန်တုန်းက ဒါကို ပြောခဲ့တယ်” ဟု လက်ပံတောင်းသပိတ်တွင် ဒဏ်ရာရသံဃာများ အကူအညီပေးရေး စုဖွဲ့တာဝန်ယူခဲ့သူ တဦးဖြစ်သည့် ဘ၀အလင်းဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
ဆေးကုသရေး ကုန်ကျစရိတ်အတွက် ထိခိုက်ဒဏ်ရာရ သံဃာများအနေဖြင့် စိတ်ပူနေရမည်ဆိုပါက ရုပ်ပိုင်းခံစားမှုအပြင် စိတ်ပိုင်း ခံစားမှုလည်း ထိခိုက်ခံစားရမည်ကို နိုင်ငံတော်အနေဖြင့် အလေးဂရုပြုသင့်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကလည်း လက်ပံတောင်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သံဃာများ၏ ကျန်းမာရေး ကုန်ကျစရိတ် အားလုံးသည် မြန်မာအစိုးရမှာသာ တာဝန်ရှိကြောင်း မကြာသေးခင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မီးလောင်ဒဏ်ရာ ပြင်းထန်သည့် ဦးတိက္ခဉာဏအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာရောက် ဆေးကုသခံယူမှုအတွက် နိုင်ငံတော်မှ ထိုင်း ဘတ်ငွေ ၁ သန်း၊ လက်ပံတောင်းကော်မရှင်မှ အမေရိကန် ဒေါ်လ ၃၅၀၀ နှင့် တခြား အလှူရှင်များ၏ လှူဒါန်းငွေ သိန်း ၁၂၀ တို့ဖြင့် လာရောက်ကုသနေကြောင်း၊ မီးလောင်ဒဏ်ရာတွင် ရောဂါပိုးကူးစက်မှု ဖြစ်၍ ထိန်းချုပ်ရန် အထူးကြပ်မတ်ဆောင်တွင် ထားရှိကုသမှုခံယူခဲ့ရာ ၃ ရက်တာ ကုန်ကျ စာရိတ်မှာ ဘတ်ငွေ ၁ သန်း ၃ သောင်း ၄ ထောင် ဆေးရုံကုန်ကျစရိတ် တောင်းခံလွှာ ထွက်လာခဲ့ကြောင်း သိရသည်။
မူလက အားလုံး ကုန်ကျစရိတ်သည် ဘတ်ငွေ ၁ သန်းခွဲခန့်သာ ကုန်ကျနိုင်သည်ဟု ခန့်မှန်းခဲ့ရာ အမှန်တကယ်ကုသမှု ခံယူရာတွင် အသားအစားထိုးသည့် အဆင့်အထိ စုစုပေါင်း ဘတ်ငွေ သန်း ၂၀ ကျော် ကုန်ကျနိုင်ကြောင်း ဦးတိက္ခဉာဏ၏ မိသားစုဝင်များထံမှ သိရသည်ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။
ဦးကိုကိုကြီးသည် ယမနေ့က ဘန်ကောက်ဆေးရုံကြီးသို့ သွားရောက်ကာ ဦးတိက္ခဉာဏကို ဖူးမျှော်အားပေးစကား ပြောခဲ့သည်။
“ဆရာတော်က စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ မန္တလေးမှာ ၀န်ချတောင်းပန်တဲ့အကြောင်း ကျနော်က ပြောပြတော့ သူ့အနေနဲ့လည်း ခွင့်လွှတ်ပါတယ်တဲ့။ ဒါပေမယ့် ဒါမျိုးတွေ နောက်မဖြစ်ဖို့တော့ လိုတယ်လို့ ဆရာတော်က မိန့်ပါတယ်။ သံဃာတော်တွေကို ဒီလောက်အထိ ထိခိုက်နစ်နာအောင် လုပ်တာမျိုးဟာ နောက်မဖြစ်သင့်ဘူးလို့ ဆရာတော်က အဲလို မိန့်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
ဦးတိက္ခဉာဏ၏ သမီးဖြစ်သူ မနေသန္တာခိုင်က ယခုကဲ့သို့ ကုသစရိတ် ကြီးမြင့်သွားခြင်းသည် ဒဏ်ရာမှ အနာများမှ ပိုးဝင်သွား၍ ဖြစ်ကြောင်း ပြောသည်။
“အခုဟာက မြန်မာပြည်မှာတုန်းက အနာတွေထဲကဆင့် ပိုးဝင်လာတယ်။ အသားတွေ၊ မကောင်းတဲ့ ဆဲလ်တွေကို ခြစ်ထုတ်ပစ်ရတယ်။ ခြစ်ထုတ်ပစ်တဲ့ နေရာတွေမှာ ပိုးလုံးဝ မရှိတော့မှ အရေပြားက အစားထိုးလို့ရမယ်။ အခုဟာက ပိုးသတ်တဲ့ အဆင့်ပဲရှိသေးတယ်။ ဆရာဝန် ပြောတာကတော့ နောက် ၂ ပတ်လောက် အနည်းဆုံး ကြာဦးမယ်” ဟု သူက ဆိုသည်။
ဦးတိက္ခဉာဏ၏ မိသားစုဝင်များလည်း ခြေကုန်လက်ပန်းကျနေပြီး သားဖြစ်သူ ဒေါက်တာ နေသူရိန်သည် ကျန်းမာရေးဝန်ကြီးကို အခြေအနေပြောပြ အကူအညီတောင်းခံရန် မြန်မာပြည် ပြန်သွားခဲ့ကြောင်း၊ အထွေအထွေ ဆေးကုသမှု စရိတ် ကျပ်သိန်း ၅ ထောင် ကျော်နိုင်ကြောင်း၊ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ထံသို့လည်း အခက်အခဲနှင့် အခြေအနေကို အကြောင်းကြားထားပြီး ပြန်ကြားချက် မရသေးကြောင်း သိရသည်။
မြန်မာသံရုံးမှ တာဝန်ရှိသူတချို့လည်း လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မေးမြန်းကြောင်းလည်း သိရှိရသည်။
ရွှေည၀ါ ဆရာတော် ဦးပညာသီဟ၊ အမေရိန်မှ ထိုင်းသို့ ခေတ္တရောက်ရှိနေသူ ဦးအောင်ဒင်နှင့် ဦးကိုကိုကြီးတို့သည် ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဦးတိက္ခဉာဏအား သွားရောက် ဖူးမျှော်အားပေးခဲ့ရာ ကုတင်ပေါ်တွင် ပက်လက်အနေအထားနှင့် ဆေးပိုက်များ အဆက်မပြတ် သွင်းနေသည်ကို တွေ့ရကြောင်း၊ ယခုအဆင့်သည် ပိုးသတ်နေသည့် အဆင့်ဖြစ်ကြောင်း၊ နောက်တဆင့်အနေဖြင့် အသားအစားထိုးရမည့် အဆင့်ဖြစ်သော်လည်း ယခုအဆင့်သည်ပင် အချိန်ကြာနိုင်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
ရန်ကုန်မြို့တွင် မီးလောင်ဒဏ်ရာ ကုသမှု ခံယူနေသည့် ကိုရင် သဇ္ဇန သည်လည်း ရောဂါပိုးဝင်နေပြီး အခြေအနေ မကောင်းသည့်အတွက် ဘန်ကောက်တွင် ဆက်လက် ကုသမှုခံယူရန် လက်ပံတောင်း စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းနေကြောင်း သိရသည်။

ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီကို ဒေသခံများ တရားစွဲမည်

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလယ်သမားများက တရားလိုလုပ်ကာ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးဒေသရှိ ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံ လယ်သမားများ၏ နစ်နာဆုံးရှုံးမှု၊ မကြာသေးခင်က အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရသွားသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအတွက် တရားစွဲဆိုမည် ဖြစ်ကြောင်း ထိုအမှုကို လိုက်ပါ ဆောင်ရွက်ပေးမည့် အကျိုးဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ထိုအမှုကို ဒေသခံလယ်သမားများက တရားလို အဖြစ်ဆောင်ရွက်ကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ပုဒ်မ ၁၁ အရ သင်္ကြန်မတိုင်ခင် တရားစွဲဆိုမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုကို ဒေသခံများနှင့်အတူ ၎င်းတို့ရှေ့နေအဖွဲ့က အခမဲ့ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးရောဘတ်စန်းအောင်က ဆိုသည်။
“ကျနော်တို့ တရားစွဲမှာက ထာဝရ တားဝရမ်းနဲ့ နစ်နာမှုတွေအတွက် ဖြစ်ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံရင် စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးမှာ စွဲမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
စီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဆောက်၍ ဆန္ဒပြနေကြသော ဒေသခံများနှင့် သံဃာတော်များသည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းခြင်း ခံရပြီးနောက်ပိုင်း ထိုစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စုံစမ်းစစ်ဆေးနေသည်။
ထိုစုံစမ်းရေး ကော်မရှင်၏ ထွက်ပေါ်လာမည့် အချက်အလက်များကို အခြေခံ၍ တရားစွဲဆိုရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ စီးပွားရေး ဦးပိုင် ကုမ္ပဏီနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ကို တရားစွဲဆိုရာတွင် မြန်မာနိုင်ငံမှ ရှေ့နေများသာမက တခြားနိုင်ငံများမှ ရှေ့နေများကလည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း၊ ၎င်းတို့ထံမှ အကူအညီများ တောင်းခံထားကြောင်းလည်း ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။
တရားစွဲဆိုရာတွင် ကြေးနီစီမံကိန်း ဒေသတ၀ိုက်ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသေခံပြည်သူများ ပါဝင်မည်ဖြစ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်၏ လုပ်ဆောင်မှုများကို ခေတ္တစောင့်ကြည့်နေပြီး ထူးခြားမှု တစုံတရာ ထွက်ပေါ်မလာပါက စီမံကိန်း လုံးဝရပ်ဆိုင်းသည်အထိ ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုသက်က ပြောသည်။
ထိုကြေးနီ စီမံကိန်းသည် ဦးပိုင် ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံကမူ ထိုစီမံကိန်းအား ရပ်တန့်လိုသည့် ဆန္ဒမရှိကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။


ဖမ်းထားသည့် အိုင်ဗင်ဟို ဝန်ထမ်းနှစ်ဦးကို မုံရွာခရိုင်ရုံးတွင် တရားစွဲ

ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက် (MICL) မှ ဦးအောင်လောဟာနှင့် ဦးကျော်စိုးတို့ကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ဥပေဒ (အပက ၃) ဖြင့် မုံရွာခရိုင် တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ရုံးချိန်းပြီးနောက် နောက်တရက်တွင် မုံရွာထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဦးအောင်လောဟာ၏ ညီဖြစ်သူ ဦးအောင်လောကီးက ဧရာဝတီသို့ ပြောသည်။ ဆားလင်းကြီး တရားရုံးတွင် ၃ လကြာ စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်တွင် အပက ၃ ဖြင့် ခရိုင်တရားရုံးတွင် ပြောင်းလဲ တရားစွဲဆိုခြင်း ဖြစ်သည်။ ပစ္စည်းတန်ဖိုးများသဖြင့် အပက ၃ ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပါက ပြစ်မှုကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်းအထိ ခံရနိုင်ကြောင်း၊ ထို အပက ၃ ပုဒ်မကို စီရင်ပိုင်ခွင့်မှာ ခရိုင်တရားရုံးတွင်သာ ရှိကြောင်း သိရသည်။



NLABR
Web-site: www.nlabr.com
Facebook: Sa Maung

Related Articles:

Post a Comment