နိုင်ငံတစ်နိုင်ငံ၏ သမ္မတ၊ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို နလပိန်းတုံးများသဖွယ် အီလစ်တို့က သမုတ်ပြီး၊ သူတို့ကိုယ်သူတို့ အရိပ်အစိုးရအဖြစ် တင်စားတတ်ကြသည်။ အကယ်စင်စစ် အီလစ်တို့သည် အစိုးရ အကြီးအကဲတို့၏ ဦးနှောက်ဖောက်စား ခံရသူများသာဖြစ်ပြီး အစိုးရအဖွဲ့၏ အတွေးအခေါ် ပျော်တော်ဆက်များ အဆင့်သာ ဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။ အီလစ်များသည် အစိုးရအနေဖြင့် အဆုံးအဖြတ်များ ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေမည့် အချက်အလက်များကို ပံ့ပိုးပေးရသည့်အလျောက် အစိုးရ၏ အဆုံးအဖြတ်များအပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးသည်ဟု ဆိုနိုင်သော်လည်း ဆုံးဖြတ်သူ မဟုတ်သည်ကို အများပြည်သူက ရှင်းရှင်းလင်းလင်း သိမြင်ရမည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ ဖွဲ့စည်းပြီးချိန်မှစပြီး အစိုးရသစ်သည် ပညာရှင်များကို စုစည်း၊ ချဉ်းကပ်၊ တည်ဆောက်လာသည်ကို တွေ့ရသည်။ အသိပညာရှင်၊ အတတ်ပညာရှင်တိုင်းသည် အီလစ် မဟုတ်သော်လည်း အီလစ်တို့သည် ပညာရှင်များဖြစ်သည်။ သူတို့တွင် ကိုယ်ကျိုးစီးပွား အတိုင်းအတာ တစ်ခုအထိ ပူးကပ်နေသူများလည်း ရှိနိုင်သည်။ အီလစ်များသည် အာဏာကို ကြိုးကိုင်နိုင်ကြောင်း၊ ခြယ်လှယ်နိုင်ကြောင်း ပြသလိုသူများလည်းဖြစ်ရာ သူတို့အစွမ်းထက် အဆပေါင်းများစွာ သာလွန်ကြွားဝါတတ်ကြသည်မှာလည်း သူတို့၏ အရည်အသွေးဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်လာသည့် တစ်ချိန်တည်းတွင် အီလစ်အလွှာသည်လည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။ သူတို့သည် ယေဘုယျအားဖြင့် အစိုးရကို ကိုယ်စားပြုပြီး၊ အစိုးရ၏ မူဝါဒ၊ လမ်းစဉ်၊ စီမံကိန်းများကို ပံ့ပိုးအားပေးကြသည်။ အီလစ်များ ရွံ့ကြောက်သည်မှာ အသိပညာရှင်၊ အတတ်ပညာရှင်များပင်ဖြစ်သည်။ သူတို့သည် အီလစ်တို့ ကျားကန်ပေးလေ့ရှိသော အစိုးရ၏ အလွဲများကို ထောက်ပြဝေဖန်တတ်ကြပြီး၊ အောက်ခြေကျောမွဲအလွှာနှင့် နီးစပ်သည့်အပြင် အာဏာစက်ဝန်းနှင့် နီးခြင်း၊ ဝေးခြင်းအပေါ် အေးစက်သူများဖြစ်သည်။ ထို့ကြောင့် ပညာတတ်များသည် အကျိုးစီးပွား ကင်းကွာပြီး အီလစ်များကို ရင်ဆိုင်နိုင်သူများ ဖြစ်လာကြသည်။
မင်းအကြိုက်လိုက်၊ ကိုယ့်အခွင့်အရေးတောင်း၊ ပြည်သူလူထုအပေါ် ဒုက္ခပုံချခဲ့သည်ချည်း ဖြစ်သည်။ အီလစ်တို့ ပြည်သူလူထုအတွက် လုပ်သည်က နည်းနည်း၊ အများသိအောင် ပုံကြီးချဲ့ပြောသည်က ပိုများတတ်သည် . . . |
လူမှုသိပ္ပံပညာရှင် စီရိုက်မေးလ် ပြုစုသော အာဏာအီလစ်စာအုပ်အရ အမေရိကန်ပြည်ထောင်စုတွင် အစိုးရ အီလစ်အလွှာကို အစုသုံးစုနှင့် စုစည်းထားသည်။ ပထမအစုတွင် သမ္မတအပါအ၀င် အဓိကနိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ၀န်ကြီးအချို့နှင့် အနီးကပ် အကြံပေးအချို့ ပါဝင်သည်။ ဒုတိယအစုတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ကော်ပိုရေးရှင်းကြီးများ၏ ပိုင်ရှင်များနှင့် ညွှန်ကြားရေးမှူးများ ပါဝင်သည်။ တတိယအစုတွင် စစ်တပ်အရာရှိကြီးများ ပါဝင်သည်။ စီရိုက်မေးလ်၏ တင်ပြချက်အရ နိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စစ်တပ်အကြီးအကဲများသည် အာဏာအီလစ်များကို ကိုယ်စားပြုသည်။ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် လတ်တလောဖြစ်ရှိနေသော အီလစ်အစုများသည်လည်း အမေရိကန်အီလစ်အစုများနှင့် အတော်ဆင်တူသည်ဟု သုံးသပ်နိုင်သည်။
လူ့အဖွဲ့အစည်း၏ အလွန်ပါးလွှာသော အနည်းစုကို ကိုယ်စားပြုသည့် အီလစ်တို့သည် မြန်မာနိုင်ငံကို သူတို့ကယ်တင်မှ ဖြစ်လိမ့်မည်ဟု လေလုံးထွားတတ်ကြသည်မှာလည်း ၀သီပင်ဖြစ်သည်။ သူတို့သည် အာဏာရ အစိုးရအဖွဲ့၏ အနီးအပါးတွင် ကျင်လည်ကျက်စားပြီး၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဖော်ဆောင်မည့် အကြံဥာဏ်တို့ကို ပံ့ပိုးပေးနေသည်ဟု ဆိုသော်လည်း သူတို့အကျိုးကို အနည်းနှင့်အများ၊ အများအကျိုး ကြားတွင်ညှပ်ကာ အသားညှပ်ပေါင်မုန့် လုပ်တတ်ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထိုထိုအီလစ်တို့၏ အသားညှပ်ပေါင်မုန့်ကို တစ်လွှာချင်း ခွာချတတ်သူများမှာလည်း သတင်းသမားများ၊ စာနယ်ဇင်းသမားများပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအတော်များများတွင် အီလစ်တို့သည် သတင်းသမား၊ စာနယ်ဇင်းသမားတို့ကို မချစ်သော်လည်း အောင့်ကာနမ်းရသည်များ ရှိလင့်ကစား မုန်းတီး၊ အမျက်ရှအား ကြီးမားသည်။
နိုင်ငံရေးပတ်ဝန်းကျင်နှင့် စီးပွားရေး အ၀န်းအ၀ိုင်းတွင် အီလစ်တို့ကို အမြဲတမ်း မျက်ခြည်မပြတ် စောင့်ကြည့်နေသူများသည် သတင်းသမားများ၊ စာနယ်ဇင်းသမားများပင် ဖြစ်သည်။ အီလစ်တို့၏ ရှေ့နောက်စကား မညီမှုများ၊ ပြည်သူလူထုကို မျက်လှည့်ပြမှုများ၊ ပြည်သူအပေါ် တလွဲလွှမ်းမိုးရန် အားထုတ်မှုများကို သတင်းသမား၊ စာနယ်ဇင်းသမားတို့က ဖွင့်ချပြီး ပြည်သူကို မျက်နှာမူကြသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း အီလစ်တို့သည် သတင်းသမား၊ စာနယ်ဇင်းသမားများကို အန္တရာယ်ကောင်များ၊ ဒုက္ခပေးမည့်သူများအဖြစ် မြင်နေကြသည်ကို တွေ့ရသည်။
သတင်းသမားများနှင့် ပညာတတ်များသည် တစ်ခါတစ်ရံ ပေါင်းစည်းမိပြီး အီလစ်များ၏ ခြေလှမ်းများ၊ အလွဲများ၊ လှည့်စားမှုများကို အများသိရှိအောင် ပညာရှင်၊ သတင်းသမား ရှုထောင့်တို့မှ ရေးသားတင်ပြသဖြင့် အီလစ်တို့ အကျပ်ရိုက်စေခဲ့ရသည်များလည်း ရှိသည်။ အစိုးရတစ်ခုသည် ပညာတတ်များ၊ သတင်းသမားများ၏ ရေးသားချက်များ၊ အကြံပြုချက်များ၊ စကားများကို လျစ်လျူရှုပြီး၊ အီလစ်များ ပြောသမျကိုသာ အမှန်ဟု ယုံကြည်လာပြီဆိုလျင် ထိုအစိုးရမင်းတို့သည် ကြီးစွာသော အကျပ်အတည်းကို မကြာမတင် ရင်ဆိုင်ရလတ္တံ့ဟု ဟောကိန်းထုတ်နိုင်သည်။
နိုင်ငံရေးအီလစ်များကို လူ့အဖွဲ့အစည်းတစ်ခုတွင် အရေးကြီးသော အာဏာအစုအဖွဲ့ဟု ကင်ပွန်းတပ်နိုင်သည်။ နိုင်ငံရေးအီလစ်များသည် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွင်ပင် တစ်ခါတစ်ရံ ဒီမိုကရေစီကျကျ အလုပ်လုပ်ကြရန် မသိကျိုးကျွံ ပြုတတ်ကြပြီး၊ အပြောင်းအလဲ၊ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီတို့ကို မသိမသာ ကျောခိုင်းတတ်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအီလစ်ဟု ဆိုသူများသည်လည်း ဒီမိုကရေစီနည်းလမ်းကို ခုန်ပျံကျော်လွှားနိုင်စွမ်း ရှိကြသည့်အပြင် သူတို့ပုံလောင်းလိုသော အပြောင်းအလဲကို ပါးပါးနပ်နပ် လမ်းကြောင်းပေးနိုင်စွမ်းလည်း ရှိသည်ဟု သုံးသပ်ကြသည်။
အများအားဖြင့်၊ နိုင်ငံရေးအီလစ်တို့သည် ပြည်သူလူထု အများစုကြီးကို ကိုယ်စားပြုနိုင်ခြေအပိုင်းတွင် အလွန်အားနည်းသည်ဟု သုံးသပ်ရမည်။ နိုင်ငံရေးအီလစ်တို့သည် ပညာရပ်ဆိုင်ရာ၊ အယူအဆဆိုင်ရာတို့တွင် တယူသန်စွာ သိရှိနားလည်ကြပြီး၊ သေနင်္ဂဗျူဟာပိုင်း၊ ပရိယာယ်ပိုင်းတွင် ကျွမ်းကျင်နှံ့စပ်လင့်ကစား အောက်ခြေကျောမွဲ ပြည်သူလူထု အများစုကြီး၏ ရင်ဘတ်ထဲကို မည်သို့ဝင်ရောက် ကြည့်ရှုရမည်ကို နားမလည် တတ်ကြပေ။ သတင်းသမားများနှင့် စာနယ်ဇင်းသမားများသည် နိုင်ငံရေးအီလစ်များနှင့်မတူ၊ တမူကွဲပြားသည်။ သတင်းသမားတို့သည် အောက်ခြေပြည်သူလူထု အများစုကြီးနှင့် နင်းပြားထုကြီး၏ ရင်ဘတ်ကို မည်သို့ဖတ်ရှုရမည်၊ မည်သို့နားလည်အောင် လုပ်ရမည်တို့ကို ကောင်းစွာပိုင်နိုင်ကြသည်။ သို့ဖြင့် အီလစ်များနှင့် သတင်းသမားများအကြား ပဋိပက္ခသည် နေမြင့်လေ အရူးရင့်လေ ဖြစ်လာတတ်သည်မှာလည်း သဘာဝပင်ဖြစ်သည်။
အချို့ကလည်း နိုင်ငံရေးအီလစ်ကို အာဏာရှိအီလစ် သို့မဟုတ် အီလစ်အသစ်နှင့် အာဏာမဲ့အီလစ် သို့မဟုတ် အီလစ်အဟောင်းဟု ခွဲခြားကြသည်။ နိုင်ငံတစ်နိုင်ငံတွင် အီလစ်တို့သည် အစိုးရ၏ အာဏာသက်တမ်း အလိုက်သာ အာဏာစက်ဝန်းနှင့် နီးစပ်ကြသည်။ အဆိုပါကာလ ကျော်လွန်လျင် အီလစ်အဟောင်းများ ဖြစ်သွားတတ်ကြသည်။ အီလစ်အဟောင်းတို့သည် လူ့အဖွဲ့အစည်းနှင့် အောက်ခြေလူမှုဘ၀ အခြေအနေများကို အတော်အသင့် နီးစပ်တတ်ကြသည်။ လူ့အဖွဲ့အစည်း တစ်ခုတွင် အီလစ်တို့ကို ကျောထောက်နောက်ခံပြုနေသော၊ အားပေးနေသော ပညာရှင်များလည်း အများအပြား ရှိတတ်ပြီး ပညာရှင်များသည် လူ့အဖွဲ့အစည်းဝင်များ၏ အခြေခံရပိုင်ခွင့်များ၊ အခွင့်အရေးများကို အီလစ်တို့ထက် ပိုမိုနားလည် သဘောပေါက်တတ်ကြပြီး၊ သူတို့သည် အာဏာအီလစ် သို့မဟုတ် အီလစ်အသစ်တို့နှင့် ခြားနားသည်ဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံရေးသမားများသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး လုပ်ငန်းစဉ်တွင် အလွန်အရေးကြီးသည်ဟု ဆိုနိုင်သည်။ သို့သော် အတိုင်ပင်ခံ၊ အကြံပေးနေရာတို့တွင် ရပ်တည်နေသော အီလစ်များသည် နိုင်ငံရေးသမားများကို မကောင်းပြောမည်။ အတင်းအဖျင်းနှင့် အသရေဖျက်မည်။ အကယ်စင်စစ်၊ ဒီမိုကရက်တစ်နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေးသမားများသည် အဆုံးအဖြတ် ပေးသူများဖြစ်ပြီး ပြည်သူလူထု အခြေအနေကို အီလစ်တို့ထက် ပိုမိုလက်တွေ့ကျကျ သိမြင်ကာ၊ ဘယ်ကွေ့ကို ဘယ်တက်နှင့် လှော်ရမည်ကို ကောင်းစွာ သဘောပေါက်ကြသည်။ နိုင်ငံရေးသမားတိုင်းသည် အီလစ် မဟုတ်သကဲ့သို့၊ အီလစ်တိုင်းလည်း နိုင်ငံရေး နားမလည်ကြပေ။
တပ်မတော်တွင်လည်း အီလစ်အလွှာသည် အရေးပါ အရာရောက်သည်။ တပ်မတော် ထိပ်တန်းအရာရှိကြီးများသည် တပ်မတော်၏ အီလစ်အလွှာကို ကိုယ်စားပြုတတ်သည်။ သူတို့သည် နိုင်ငံတစ်နိုင်ငံ၏ အာဏာအီလစ်တို့နှင့်လည်း ချိတ်ဆက်နေတတ်သည်။ မြန်မာနိုင်ငံတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အရပင်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် အလိုအလျောက် ပါဝင်လျက်ရှိနေရာ တပ်မတော်တွင် အီလစ်တို့၏ အခန်းကဏ္ဍနှင့် အရေးပါမှုသည် ပိုမိုအားကောင်းလာဖွယ် ရှိနေသည်ဟု ကောက်ချက်ပြုနိုင်သည်။
သမိုင်းကြောင်းနှင့် ပြန်ဆက်စပ်တွေးလျင် မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ရောက်ခဲ့ရသည့်ဖြစ်စဉ်တွင် ထိုခေတ် အီလစ်တို့၏ လက်ရာမကင်းဟု သုံးသပ်မှုများ ရှိသဖြင့် မျက်မှောက်ခေတ် အီလစ်ဆိုသူတို့သည်လည်း သင်ခန်းစာယူ လေ့လာကြဖို့ကောင်းသည်။ ရတနာပုံ နန်းကျခါနီး၊ နန်းတွင်းအခင်းအကျင်းတွင် အီလစ်တို့ ခြေရှုပ်ခဲ့ကြသည်မှာ မငြင်းနိုင်သော ကိစ္စဖြစ်သည်။ နန်းတွင်းအီလစ်ဖြစ်သော ကင်းဝန်မင်းကြီး ဦးကောင်းသည် အင်္ဂလန်နှင့်ပြင်သစ်ကို အလည်အပတ် ခရီးသွားရောက်ပြီးနောက်ပိုင်းတွင်၊ အင်္ဂလိပ်ကို လက်နက်ချင်းယှဉ်ဖို့ မဖြစ်နိုင်ကြောင်း သိမြင်လာခဲ့သည်။ စည်းမျဉ်းခံ ဘုရင်စနစ်ကို အင်္ဂလန်ကဲ့သို့ ပြောင်းလဲတည်ဆောက်ရန် စိတ်ကူးယဉ်ခဲ့သည်မှစ၍ အင်္ဂလိပ်တို့၏ အသုံးချခံရကာ အရှင်နှစ်ပါးကို အင်္ဂလိပ်လက် အသာတကြည် ထိုးအပ်ခဲ့ရသည်အထိ ဖြစ်ခဲ့သော သမိုင်းတွင် အီလစ်တို့အတွက် သင်ခန်းစာယူဖွယ် ဖြစ်သည်။ အီလစ်တို့သည် တိုင်းပြည်ကောင်းအောင် ပြုလုပ်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်း အီလစ်တို့၏ ဆန်းသစ်သော အတွေးအခေါ်၊ လုပ်ဟန်များကြောင့် တိုင်းပြည်ကို ပိုမိုရှုပ်ထွေးအောင် ဖြစ်သွားစေနိုင်သည်ကိုလည်း သတိချပ်သင့်သည်။
မြန်မာနိုင်ငံရေးသမိုင်းတွင် ဖဆပလခေတ်၊ မဆလခေတ်၊ စစ်အစိုးရခေတ် အသီးသီးတွင် အီလစ်တို့သည် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ဆက်စပ်ပတ်သက်ခဲ့သည်ချည်း ဖြစ်သည်။ မင်းအကြိုက်လိုက်၊ ကိုယ့်အခွင့်အရေးတောင်း၊ ပြည်သူလူထုအပေါ် ဒုက္ခပုံချခဲ့သည်ချည်း ဖြစ်သည်။ အီလစ်တို့ ပြည်သူလူထုအတွက် လုပ်သည်က နည်းနည်း၊ အများသိအောင် ပုံကြီးချဲ့ပြောသည်က ပိုများတတ်သည်။
အီလစ်တို့နှင့် နီးစပ်သော အသိပညာရှင်၊ အတတ်ပညာရှင်များသည်လည်း မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် မရှိမဖြစ် အခရာများဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော် ကာလအတွင်း အာဏာရှင်အစိုးရ အဆက်ဆက်သည် ပညာတတ်များကို ချိုးနှိမ်ဖိနှိပ်ခဲ့ကြသည်။ အာဏာစက်ဝန်း၏ ထိပ်ပိုင်းတွင် အီလစ်တို့ရှိနေသော်လည်း၊ ပညာရှင်များကို နေရာပေးဖို့ အာဏာရှင်ကို ဖျောင်းဖျရန် တွန့်ဆုတ်နေတတ်သည်မှာလည်း အီလစ်တို့၏ နေရာဆုံးရှုံးနိုင်ခြေအပေါ် အကြောက်တရားပင်ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အီလစ်တို့နှင့် ပညာရှင်တို့၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ဟု ကောက်ချက်ပြုနိုင်သည်။ အီလစ်တို့သည် နိုင်ငံရေးအာဏာနှင့် စီးပွားရေးလုပ်ပိုင်ခွင့်တို့ကို ခုန်အုပ်နေသည့် အချိန်တွင် ပညာရှင်တို့သည် ဖြစ်တန်စွမ်းကို တွက်ချက်ကာ၊ လာမည့်အကျပ်အတည်း ကာလများအတွက် ပြင်ဆင်တတ်ကြသည်။
အသွင်ကူးပြောင်းရေး ပတ်ဝန်းကျင်တွင် အီလစ်နှင့် ပညာတတ်တို့ ပဋိပက္ခဖြစ်တတ်ကြပြီး၊ အီလစ်က လူနည်းစုအကျိုးကို အလေးထားသည့် အချိန်တွင် ပညာတတ်တို့က လူအများအကျိုးကို ရှေ့တန်းထိုးတင် တတ်ကြသည်။ သတင်းသမားများနှင့် အီလစ်တို့သည် လက်တွေ့ဘ၀တွင် စောင်းချိတ်နေကြသူများဟု ကင်ပွန်းတပ်နိုင်သည်။ သတင်းသမားများသည် အီလစ်တို့၏ ခြေလှမ်းများကို မျက်ခြည်မပြတ် စောင့်ကြည့်လျက် အလွဲ၊ အမှားများကို အများပြည်သူသိအောင် လုပ်ပေးခြင်းဖြင့် ပြည်သူလူထု အကျိုးစီးပွားကို မျက်နှာမူနေသည့် အချိန်တွင် အီလစ်တို့သည် အောက်ခြေပြည်သူလူထုကို လှည့်စားနိုင်မည့် နည်းလမ်းသစ်များကို အစိုးရအတွက် ဦးနှောက်စားပေး တတ်ကြသည်။ ထို့ကြောင့် အီလစ်တို့ အဆီမရစ်ကြပါနှင့်၊ နိုင်ငံရေး မုန်တိုင်းကိုပင် နိုင်ငံရေး လေပြေဖြစ်အောင် ပြည်သူကို မလှည့်စားကြပါနှင့် ဟုသတိတရ မီးမောင်းထိုးလိုက်ရပါသည်။
ဒေါက်တာရန်မျိုးသိမ်း
http://www.first-11.com/index.php?option=com_content&view=article&id=16744:2012-12-10-05-06-16&catid=78:2009-11-13-06-25-17&Itemid=135
Post a Comment