Wednesday, May 22, 2013

လာခြင်းကောင်းသော ဂျပန်

  (ေဇယ်သူ )
Photo: လာခြင်းကောင်းသော ဂျပန်
..............................
(ေဇယ်သူ )

သုံးဆယ့်ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဂျပန် ဝန်ကြီးချုပ် လာရောက်လည်ပတ်ခြင်း နှင့်အတူ  မြန်မာနိုင်ငံတွင်းသို့ ဂျပန်သည် တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပြီဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း လွန်ခဲ့သော နှစ် ၇၀ ခန့်က မြန်မာနိုင်ငံသို့ ရဲဘော်သုံးကျိပ်နှင့်အတူ ဝင်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံ၏ သမိုင်းအလှည့် အပြောင်းကို ဖြစ်စေခဲ့စဉ်က ဂျပန်သည် ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သည်။ ယခုအကြိမ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဂျပန် ဝင်ရောက်ခြင်းဟု ဆိုရလောက်အောင်ပင် ဝင်ရောက်မှုသည် အသွင်သဏ္ဌာန် အရရော အနှစ်သာရအရပါ ထူးခြားသည်။ 

မြန်မာနိုင်ငံတည်ရှိသော အရှေ့တောင်အာရှဒေသနှင့် ဂျပန်သည် သမိုင်းကြောင်းအရ နည်းမျိုးစုံဖြင့် ဆက်စပ်နေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်သည် အရှေ့တောင်အာရှနိုင်ငံများကို ဝင်ရောက်သိမ်းပိုက်ခဲ့ သော ကျူးကျော်သူဖြစ်သည်။ စစ်အပြီး ဂျပန် ပြန်လည်ထောင်မတ်လာသည့် အခါ အရှေ့တောင်အာရှ ဒေသသို့ ပုံစံတစ်မျိုးဖြင့် ပြန်လည်ဝင်ရောက် လာခဲ့သည်။ ဖွံ့ဖြိုးရေးအကူအညီများ ရက်ရက်ရောရောပေးသည်။ အရှေ့တောင် အာရှနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ ကုန်ပစ္စည်း ဝယ်ယူခြင်း စသော စီးပွားရေးဆက်ဆံမှု တိုးမြှင့်ခဲ့သည်။ အောင်မြင်သော အရှေ့တောင်အာရှ နိုင်ငံများ ခုန်ပျံတိုးတက်ရာတွင် ဂျပန်၏ အခန်းကဏ္ဍသည် များစွာအရေးပါခဲ့သည်။ ဂျပန်က ရှေ့ကဦးဆောင်ပြီး နောက်မှ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ နောက်တွင် အရှေ့တောင်အာရှ ထိပ်တန်းများ ဖြစ်သည့် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က လိုက်သည့် “ငန်းတို့ အုပ်ဖွဲ့ပျံသန်းခြင်း” ပုံစံ (Flying Geese Pattern) သည် အာရှဖွံ့ဖြိုးရေး၊ အရှေ့တောင်အာရှဖွံ့ ဖြိုးရေးပုံစံအဖြစ် လူပြောများလာသည်။ ယခုအခါ အရိုင်းအတိုင်း ကျန်နေသေးသည့် “နောက်ဆုံးနယ်ပယ်” Last Frontier မြန်မာကို ဂျပန်တို့ အာရုံစိုက်လာသောကြောင့် ထိုငန်းအုပ်ထဲတွင် တစ်ကောင်သောငန်း အဖြစ် မြန်မာ ပါဝင်လာနိုင်ခြေရှိသည်။ 

အာရှဒေသတွင်းတွင် တရုတ်၏ သြဇာစက်ဝန်း ကျယ်ပြန့်လာခြင်းနှင့် ဂျပန် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းတို့ တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ ယခင်ကဆိုလျှင် တရုတ်နှင့် အငြင်းပွားမှု ဖြစ်တိုင်း တိတ်တိတ် ဆိတ်ဆိတ်သာ ရှင်းလေ့ရှိသည့် ဂျပန်သည် ယခုနောက်ဆုံးတစ်ကြိမ် တရုတ်နှင့် အငြင်းပွားရာတွင် ခပ်မာမာတုံ့ပြန်ခဲ့သည်။ အရှေ့အာရှဒေသတွင် တရုတ်၏ အခန်းကဏ္ဍ ကြီးမားလာသည်ကို ဂျပန်သည် စိုးရိမ်နေပုံရပြီး အရှေ့အာရှတွင် ယခင်ကထက် ထင်ထင်ပေါ်ပေါ် ပိုမိုလှုပ်ရှားလာသည်။ မဟာမိတ် အမေရိကန်ပြည်ထောင်စု ကို ယခင်က အားကိုးခဲ့သော်လည်း ကိုယ့်လမ်းကိုယ် လျှောက်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရ တော့မည်ဟု ဂျပန် နောက်ဆုံး သဘောပေါက်လာပုံ ရသည်။ အရှေ့တောင်အာရှဒေသသည် ဂျပန်၏ နောက်ဖေးခြံဝင်းဟု သတ်မှတ်ထားသောကြောင့် ထိုဒေသကို ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာခဲ့ခြင်း ဖြစ်သည်။  မြန်မာသည် တရုတ်နှင့် အိမ်နီးချင်း ဖြစ်ပြီး တရုတ်သို့ ဝင်လမ်းထွက်လမ်း အချက်အချာနေရာတွင် တည်ရှိသည်။

အမေရိကန်ပြည်ထောင်စုနှင့် အထူးရင်းနှီးသော ညီလေး၊ အစ်ကိုကြီး ဆက်ဆံရေးမျိုး ရှိသောကြောင့် အာရှမှ ဖြစ်သော်လည်း ဂျပန်ကို အမေရိကန် အုပ်စုဝင်၊ အနောက်အုပ်စုဝင်အဖြစ် သတ်မှတ်တတ်ကြသည့်တိုင် ဂျပန်နိုင်ငံ သည် အာရှနိုင်ငံများနှင့် ဆက်ဆံရာတွင် အမေရိကန်ပြည်ထောင်စု နှင့်မတူ ကွဲလွဲကျင့်သုံးသော နိုင်ငံခြားရေး မူဝါဒများကို မြင်ရသည်။ ဥပမာ-မြန်မာနိုင်ငံ ကို အမေရိကန်အပါအဝင် အနောက်အင်အားကြီး နိုင်ငံများက အရေးယူပိတ်ဆို့ ထားချိန်အတွင်း ဂျပန်သည် အရေးယူပိတ်ဆို့ခြင်း မရှိခဲ့။ အကူအညီများ လျှော့ချ ဖြတ်တောက်ခဲ့သော်လည်း အချို့အကူအညီများကိုမူ ဆက်လက် ပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်နှင့် စစ်အတွင်းတွင် ထွက်ပြေးသော ဂျပန်တပ်သား များကို မြန်မာမိသားစုများက ကူညီစောင့်ရှောက် ခဲ့ခြင်း၊ စစ်အတွင်း အဖြစ်အပျက်များ အတွက် မြန်မာသည် အခြားအာရှ နိုင်ငံများကဲ့သို့ ဂျပန်နိုင်ငံကို ပြစ်တင်ရှုတ်ချမှု မရှိခဲ့ခြင်းတို့ကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံကို သံယောဇဉ်ရှိကြသည်။ ထို့ပြင် မြန်မာသည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ နှင့် စစ်လျော်ကြေး သဘောတူညီချက် အစောဆုံးရခဲ့သည့် အာရှနိုင်ငံ ဖြစ်သည်။ ထိုထိုသောအကြောင်း တို့ကြောင့် မြန်မာသည် ဂျပန်တို့ သဘောကျမည်ဆိုလျှင် ကျလောက်သည့် နိုင်ငံဖြစ်သည်။ 

မြန်မာသည် ဂျပန်အတွက် အရေးပါသည့်နိုင်ငံ ဖြစ်ကြောင်းကို အဓိက ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ခြင်းက ဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် ဆိုလျှင် ဧပြီလတွင်း ဂျပန်သို့ သွားခဲ့သည့်အတွက် ပူပူနွေးနွေးသာ ရှိသေး သည်။ ထိုသို့ မြန်မာနှင့်ဆက်ဆံရေးကို အဘက်ဘက်မှ တည်ဆောက်နေခြင်း ကိုကြည့်ခြင်းဖြင့် ဂျပန်သည် မြန်မာနိုင်ငံတွင်းသို့ “တစ်နပ်စား”သဘော လာခြင်းမျိုးမဟုတ်ဘဲ ရေရှည်နေရန် ကြံရွယ်ထားမှန်း သိသာသည်။ 

ဂျပန်နိုင်ငံသည် အခြားနိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံအကြောင်း အပ်ကျမပ်ကျသိသော နိုင်ငံဖြစ်သည်။  အစိုးရချင်း ခပ်ခွာခွာ ဖြစ်ခဲ့သော်လည်း ဂျပန်အဖွဲ့ အစည်းများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စဉ်ဆက်မပြတ်  ဆောင်ရွက်နေခဲ့သည်။ ဂျပန်သုတေသန ပညာရှင်များတွင် မြန်မာနိုင်ငံ အကြောင်း စိုက်လိုက်မတ်တတ် သုတေသန ပြုခဲ့သူများ ရှိနေပြီး ထိုသူတို့သည် ခါတော်မီ မြန်မာကျွမ်းကျင်သူများ မဟုတ်ကြဘဲ  မြန်မာနိုင်ငံအကြောင်း တကယ်သိသည့် ကျွမ်းကျင်သူ စစ်စစ်များ ဖြစ်ကြသည်။ မြန်မာ့ယဉ်ကျေးမှု နှင့် ဂျပန်ယဉ်ကျေးမှု သည်လည်း နီးစပ်သောကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် အခက်အခဲ တစ်စုံတစ်ရာမရှိ ဝင်ဆံ့သူများ ဖြစ်ကြသည်။ 

ဂျပန်သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကဏ္ဍများစွာတွင် ပါဝင် ပတ်သက်နေသည်။ ဂျပန်အစိုးရ၊ ဂျပန် NGO များ၊ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၊ ဂျပန်ကုမ္ပဏီများ၊ ဂျပန်ပညာရှင် များသည် နယ်ပယ် အသီးသီးတွင် ပါဝင်ပတ်သက်နေကြသည်။ စီးပွားရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ မြို့ပြဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေး စသော နယ်ပယ်စုံတွင် ဂျပန်တို့ ငွေရေးကြေးရေး ထောက်ပံ့သလို ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ကူညီ နေကြသည်။ 

မြန်မာနိုင်ငံ တင်ရှိနေသည့် ကြွေးမြီများကို ပထမဆုံး များများစားစား လျှော်ပေးခဲ့သည်မှာ ဂျပန်။ ဂျပန်သည် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကို ရက်ရက်ရောရော လျှော်ပေးခဲ့သည့်အတွက် မြန်မာတို့ပခုံးထက်မှ ဝန်ထုပ် ဝန်ပိုးကြီး ပျောက်သွားခဲ့သည်။ ဂျပန်သည် ဒေါ်လာသန်း ၅၀၀ ခန့်ကိုလည်း ချေးငွေအဖြစ် ထုတ်ပေးခဲ့သည်။ ဂျပန်က ကမကထပြုမည့် သီလဝါ အထူး စီးပွားရေးဇုန်သည် မြန်မာ-ဂျပန် ဆက်ဆံရေး၏ ဗဟိုဖြစ်လာသည်။ ထားဝယ် အထူးစီးပွားရေးဇုန် တွင်လည်း ထိုင်းရော မြန်မာကပါ ဂျပန်ကို ပါဝင်စေလိုပြီး ဂျပန်ကလည်း အထူး စိတ်ဝင်စားနေသည်။

ဂျပန်ကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှုပ်နှံ၊ ကုန်ပစ္စည်း ထုတ်လုပ်သည် နှင့်အမျှ မြန်မာနိုင်ငံသည် ဂျပန်ကုန်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သော နိုင်ငံအဖြစ် နာမည် တည်ဆောက်နိုင်လာမည်။ စက်မှုနည်းပညာ၊ စီမံခန့်ခွဲမှု ပညာတို့ကို လွှဲပြောင်းရယူနိုင်မည် ဖြစ်သောကြောင့် နောင်တစ်ချိန်တွင် ကိုယ့်ကုန်ပစ္စည်းကို ကိုယ့်တံဆိပ်ဖြင့် ထုတ်လုပ်နိုင်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ဝင်တိုးနိုင်မည်။ 

မြန်မာ့ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ စီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံက မြန်မာကို ချဉ်းကပ်လာခြင်းသည် မင်္ဂလာဖြစ်သည်။

Credit To The Voice Weekly

Related Articles:

Post a Comment