Monday, May 20, 2013

သင့်တက္ကသိုလ်



မြန်မာနိုင်ငံပညာရေး တိုးတက်မြင့်မားဖို့ အလေးထားဆွေးနွေး တိုင်ပင် နေချိန်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးတွင် ပညာ သင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကလည်း မိမိတို့၏ တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ကူးပြောင်းနိုင်ဖို့ လိုပါသည်။ တိုင်းပြည်ဆင်းရဲတွင်း နက်နေသေး၍ ဖွံ့ဖြိုးပြီး နိုင်ငံများမှ တက္ကသိုလ်များကဲ့သို့ မြက်ခင်းစိမ်း၊ သစ်ပင်ရိပ်တို့ ရှိသော Campus၊ Wi-Fi လွှမ်းခြုံထားသော ကျောင်းဝင်း၊ စာသင်ခန်းတို့တွင် လိုရာ အချက်အလက်ကို ရှာနေသော Laptop နှင့် Tablet ကိုင် ကျောင်းသား၊ သူများ၊ အဆင့်မြင့် သော သင်ရိုးနှင့် ထိရောက်သော သင်ကြားမှုစနစ် စသည့် စသည့် လိုအပ်ချက် များ မပြည့်စုံစေဦးတော့ မိမိ၏တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ပြောင်းလဲနိုင်ဖို့ ကတော့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများ၏ စိတ်နေစိတ်ထားကသာ အခရာဖြစ်သည်။

အခြေခံ ပညာရေးသည် ဒါလုပ်ပါ၊ ဒါမလုပ်နဲ့ဟု အတိအကျ ညွှန်ကြားထားသော ကွပ်ကဲထိန်းကျောင်းမှုအား ဗဟိုပြုသည့် သင်ကြားရေးဖြစ်ပြီး အဆင့်မြင့် ပညာရေး သို့မဟုတ် တက္ကသိုလ်ပညာရေး မှာမူ ဒါတော့ လုပ်သင့်တယ်။ ဒါတော့ဖြင့် မလုပ်သင့်ဘူးဟု ခွဲခြားသိမြင်စေသော ရင့်ကျက်မှု ဗဟိုပြု သင်ကြားရေးဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ် ဆိုသည်မှာ တစ်နည်းအားဖြင့် ရင့်ကျက်သော လူငယ်လုပ်အားစု ကိုပင် ဆိုလိုသည်ဖြစ်ရာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များသည် သင့်တက္ကသိုလ်များ ဖြစ်မှသာ ယနေ့ နိုင်ငံတော်အစိုးရက လိုလားနေသော စွမ်းရည်ပြည့်ဝသော လူသား အရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပါသည်။

အတွေးအခေါ် ပညာရပ်၏ Ethics ဟုဆိုကြသော ကိုယ်ကျင့်တရား ပညာနယ်ပယ်တွင် “ကိုယ်ကျင့်တရားအရ ထူးခြားထင်ရှားမှု” ဟု အမည်ရသော အသုံးအနှုန်း တစ်ခုသည် အတော်အရေးပါပါသည်။ သူများပြောတိုင်း ယုံ၊ သူများခိုင်းမှ လုပ်တတ်ပြီး ဆင်ခြင်သုံးသပ်မှု မရှိသည့် သူများအား နလပိန်းတုံးများဟု သတ်မှတ်ပါသည်။ ထိုသူတို့သည် သေရမှာထက်ပင် တွေးရမှာကို ကြောက်ကြသူများ ဖြစ်ပြီး သင့်၊ မသင့်ကို မခွဲခြားတတ်၊ အကြောက်တရားနှင့် အစဉ်အလာ သတ်မှတ်ချက် မှောင်ရိပ်အောက်တွင် နေထိုင်ကြသည့် (Faceless) မျက်နှာမွဲများ ဖြစ်တတ်ပါသည်။ ထိုသူများသည် ပညာမဲ့သူများလည်း ဖြစ်ကာ ကိုယ်ကျင့်တရားအရ ထူးခြား ထင်ရှားမှု မရှိသူများလည်း ဖြစ်ကြပါသည်။ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိသော ဘဝပုံစံမျိုး မချိုးနိုင်ဘဲ အများလုပ်သလောက် သာ လုပ်တတ်သူ များသည် ထူးမခြားနား ဘဝပိုင်ရှင်များ ဖြစ်သည်။ ထိုသူတို့သည် ငြိမ်ဝပ်ပိပြားအောင် ထိန်းထားသော မတရားဥပဒေများ ဖြေလျှော့ ပေးချိန်တွင် လူအုပ်စုဖွဲ့ သောင်းကျန်းရမ်းကားသူများ ဖြစ်ရန် တာစူနေသူ များပင်။

ကျွန်ုပ်တို့လူငယ်တွေအား ပညာမဲ့ သောင်းကျန်းရိုင်းစိုင်းသူများ မဖြစ်စေဖို့ တက္ကသိုလ်များတွင် တာဝန်ရှိလာသည်။ ယခုအခါ လူငယ်တွေ၏ အရည်အချင်း မှတ်ကျောက်သည် တက္ကသိုလ်အပြီး ပြင်ပအလုပ်ဈေးကွက် ဖြစ်သောကြောင့် မြန်မာပြည်တက္ကသိုလ် များသည် သင့်သဘောကို အမှန်ပင် ဖော်ဆောင် နိုင်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တက္ကသိုလ်တွေ ဆိုသည်မှာ လူငယ်များကို ဘာသာရပ်တစ်ခုခုအား အခြေပြုပြီး ၄င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားအောင် လုပ်ရမည့် လေ့ကျင့်ရေးကွင်းကြီး ဖြစ်သည်။ အလုပ်အကိုင် ပြိုင်ပွဲကြီးအတွက် မိမိကိုယ်မိမိ ရင့်ကျက်အောင် အားစိုက်ခွန်စိုက် လေ့ကျင့်ရာတွင် လုပ်သင့်တာတွေကို လုပ်ပြီး မလုပ်သင့် တာတွေကို ရှောင်မှသာ တက္ကသိုလ်ကျောင်း ဆင်းပြီးချိန်တွင် အလုပ် ဈေးကွက်သို့ ဝင်နိုင်မည် ဖြစ်သည်။ ကြိမ်လုံးနှင့် ခြောက်မှ၊ ဆရာတွေ၏ ချီးမွမ်းမှု၊ ပြစ်တင်မှုရှိမှသာ အလုပ်လုပ်တတ်သည့် အဆင့်မှ ကိုယ်လုပ်စရာ ရှိတာတွေကို ကိုယ်ပိုင်အသိဖြင့် မလုပ်သရွေ့တော့ တက္ကသိုလ် ဆိုသည်မှာ အဆင့်မြင့် အထက်တန်းကျောင်းထက် ပိုနိုင်ဖွယ်မရှိပါ။ တက္ကသိုလ်တွင် စာသင်နှစ်တိုးခြင်း၊ အခြေခံပညာရေး တွင်လည်း အသက်တိုးမြှင့်လိုက်ခြင်း တို့မှာ ကျောင်းသူ၊ သူများ၏ အသိဉာဏ်ကို ရင့်ကျက်စေလို၍ ဖြစ်ပါသည်။ လူငယ်တွေ ပညာမတတ်မှ အုပ်ချုပ်ရတာ လွယ်မည်ဟူသော ပုံစံမျိုး ဖြစ်ခဲ့သော ယခင်ပညာရေးစနစ်မှ ဆရာ၊ ဆရာမတွေ ဘက်ကလည်း လုပ်သင့်တာ ကိုသာလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဘက်ကလည်း မလုပ်သင့်တာတွေ မလုပ်မှသာ သင့်တက္ကသိုလ်များ ဖြစ်လာပြီး နိုင်ငံတော်တွင် တာဝန်ရှိသူများ (Stakeholders) များ ပြုံးပျော်နိုင်မည့် လုပ်သားဈေးကွက် တစ်ခုရနိုင်ပေမည်။

သင့်၊ မသင့် ခွဲနိုင်ဖို့ဆိုတာ လွယ်လှသည့် အလုပ်တော့မဟုတ်ပေ။ မိမိအသိဉာဏ်ဖြင့် ဘာတွေက လုပ်သင့်တယ်၊ ဘာကြောင့် လုပ်သင့်တယ် ဆိုတာသိဖို့ အသိပညာဗဟုသုတ လုံလောက်စွာရှိဖို့ လိုပါသည်။ မလုပ်သင့် တာက ဘာ၊ ဘာကြောင့် မလုပ်သင့်တာ ဆိုတာမျိုး ခွဲခြားဖို့အတွက်လည်း ထို့အတူပင်။ စာဖတ်ခြင်း၊ အသင်းအဖွဲ့များတွင် ပူးပေါင်း လုပ်ဆောင်တတ်ခြင်း၊ စနစ်တကျ ငြင်းခုံတတ်ခြင်း၊ တီထွင်ကြံဆ လုပ်တတ်ခြင်း၊ အကွက်မြင်ခြင်း စတာတွေသည် လူငယ်တစ်ဦးကို ရင့်ကျက်စေသော အထောက်အပံ့ များဖြစ်သည်။ တစ်ပြည်လုံးမှ လူကြီးသူမများနှင့် ဆရာ၊ ဆရာမများကပါ ယနေ့ခေတ် တက္ကသိုလ်ကျောင်းသား၊ သူများအား စိတ်တိုင်းမကျ ဖြစ်နေချိန် တွင် ထိုသို့ဖြစ်အောင် တွန်းပို့နေသော အခြေအနေများ၊ အခက်အခဲများကိုလည်း နားလည်သင့်ပါသည်။

ယနေ့လူငယ်များ အတွက် ယခုလူကြီးများ တွင်လည်း တာဝန်အပြည့် ရှိပြီး လူငယ်များကို သင့်၊ မသင့် ခွဲခြားသိမြင်အောင် မပျိုးထောင်နိုင်ပါက ယခုလူကြီးများ၏ အိုဇာတာသည် ကောင်းနိုင်ဖွယ် မရှိပါ။ အတန်းကို ဘာကြောင့် ပြည့်မီအောင် တက်သင့်သလဲ၊ ကွမ်းယာကို စည်းကမ်းမဲ့ မစားသင့်ဘူး၊ ဆေးလိပ်၊ အရက်ဆိုတာ လူကြီးလူကောင်း ပီသစွာ ဘယ်လို သုံးဆောင်သင့်သလဲ၊ လွန်ကဲစွာ အပျော်အပါး လိုက်စားမှုကို ဘာကြောင့် ရှောင်သင့်သလဲ၊ သင်ယူလိုက်သော ဘာသာရပ်ထဲမှ ဘယ်အရာ ကိုတော့ ကိုယ့်နေ့စဉ်ဘဝတွင် မည်သို့ အသုံးချသင့်သလဲ စတာတွေကို စဉ်းစားတတ် သော ကျောင်းသားတွေ များလာမှသာ မြန်မာပြည် နောင်ရေးနှင့် နိုင်ငံခြားတွင် အခြေချ မနေနိုင်သော ယနေ့ တာဝန်ရှိသူများ၏ အိုဇာတာ သည် စိတ်အေးရမည်။

ဘာကြောင့် လူမျိုးရေး မခွဲခြားသင့်သလဲ၊ ဘာသာရေး အစွန်းရောက် အမြင်တွေကို ကိုင်စွဲသင့်သလား၊ ဘာကြောင့် အားကစားကို လိုက်စားသင့်တယ်၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုအပြုအမူဆိုး တွေကို ရှောင်သင့်တယ်၊ အပေါ်ယံအလှထက် ပင်ကိုယ်အရည်အချင်းကို ဘာကြောင့်များ အားကိုးသင့်သလဲ၊ လူမှုရေးစိတ်ဓာတ် ထွန်းကားလာအောင် ဘာတွေ ဖြည့်ဆည်းမယ် ဆိုတာတွေကို သင်တဲ့ဆရာ၊ ယူတဲ့တပည့် နှစ်ဦးနှစ်ဖက် အပေးအယူ မျှလျှင်ဖြင့် ကမ္ဘာ့အဆင့်မီတက္ကသိုလ် မဟုတ်စေကာမူ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုတော့ အကျိုးပြုနိုင်ပါသည်။

တပည့်များ၏ အရည်အချင်းသည် သင်ကြားသူဆရာ၊ ဆရာမအပေါ် တည်မှီနေရာ ဆရာ၊ ဆရာမတွေကကော ကိုယ်ကျင့်တရားအရ ဘယ်လောက် ထူးခြားထင်ရှားမှု ရှိသလဲ။ ကျူရှင်လေးပြရုံ၊ အချိန်မှန် ရာထူးလေး တိုးရုံလောက်နဲ့ သင့်တက္ကသိုလ်တွေကို တည်ဆောက်နိုင်ပါ့မလား။ အတွေး အခေါ်၊ ခံယူချက် တိတိပပနဲ့ ပညာရှင်ဆန်သော သင့်သဘောဆောင် ဆရာ အရေအတွက်က တက္ကသိုလ်တွေတွင် ဘယ်လောက်ရှိသလဲ။ တက္ကသိုလ် ပညာရေးစနစ် တိုးတက်ရာတိုးတက်ကြောင်း ဆရာ၊ ဆရာမအင်အားစု ကတော့ ဘာတွေလုပ်သင့်သလဲ။ အထက်ဦးစီး၊ အောက်ဦးစီးတွေ ကကော ဘယ်လိုစီမံ ခန့်ခွဲသင့်သလဲ။ လုပ်သင့်တာတွေကို အချိန်ကိုက် အကွက်ကျ အောင် လုပ်တတ်ပြီး မလုပ်သင့်တာတွေကို အချိန်မီ ရပ်နိုင်မှသာ ဉာဏ်ပညာ ထွန်းကားသော တက္ကသိုလ်များဖြစ်ပေမည်။

တက္ကသိုလ် ပညာရေးသည် လုပ်သင့်တာတွေကို ဦးစားပေးပြီး Missions များဖြင့် အသက်ဝင်နေသော ပညာရပ်ဝန်း ဖြစ်သင့်သည်။ လူငယ်များ လုပ်တတ်ကိုင်တတ်၊ ပြောတတ် ဆိုတတ်အောင် မိမိ၏ အထူးပြု ဘာသာရပ်ကိုလည်း တန်ဖိုးထားတတ်အောင် အခြားဘာသာရပ် များကိုလည်း ဆက်စပ် ခြုံငုံမိအောင်၊ လူမှုဆက်ဆံရေး ပြေပြစ်အောင်၊ တာဝန်နှင့် ရပိုင်ခွင့်ကို သိအောင်၊ အမျိုးသားနိုင်ငံရေး စိတ်ဝင်စားအောင်၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းအား ချစ်မြတ်နိုးအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင် ဆိုပါမူ သင့်သဘော ဗဟိုပြု ပညာရပ်ဝန်းတစ်ခု ရှိဖို့ လိုပါသည်။ အသိပညာ၊ အတတ်ပညာ ရှိမှသာ လုပ်သင့်၊ မလုပ်သင့်တာတွေကို ခွဲခြားနိုင်မည် ဖြစ်သောကြောင့် ယခု လက်ရှိ အရေအတွက်များစွာ ဖွင့်လှစ်ထားသော တက္ကသိုလ်များအား သင့်သဘောဆောင် တက္ကသိုလ်များ ဖြစ်လာအောင် သမ္မတကြီးမှအစ၊ လွှတ်တော်များအလယ်၊ ပညာရေးဝန်ကြီး ဌာနအဆုံး အပြင် နိုင်ငံသားအားလုံး ဝိုင်း၍ကူမှသာ အရင်းအနှီး နည်းနည်းဖြင့် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်သူများ ကမ္ဘာအနှံ့ ခြေဆန့်ကာ ပညာရှာကြပါ။ အပြန် သူတိုထံမှ ပညာတွေ ရကောင်း ရနိုင်ပါသည်။ ပိုက်ဆံများစွာ မတတ် နိုင်၍ ကိုယ့်ပြည်တွင်း တက္ကသိုလ်များတွင် သင်ကြား ပါကလည်း ရနိုင်သမျှ ပညာကို စုဆောင်းတတ်ဖို့ အရေးကြီးသည်။

အဓိကမှာ အချိန်၏ တန်ဖိုးကို သိမှသာ တက္ကသိုလ် တက်စဉ်ကာလ အတွင်း ရင့်ကျက်မှု ကွင်းဆက်များအား ချိတ်ဆက်နိုင်ပြီး သင့်တင့်သော ဘဝနေထိုင်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ သင့်၊ မသင့် ခွဲခြားနိုင်သော လူကောင်းလူတော်တွေ တိုးပွားလာမှသာ တိုင်းပြည်သည် တည်ငြိမ်ကာ ဖွံ့ဖြိုးမည်ဖြစ်သောကြောင့် ပညာရေး တိုးတက်မြင့်မားဖို့ လုပ်သင့်တာတွေ လုပ်ကြပါစို့။

Credit To  (ဒေါက်တာကျော်သူရ)

Related Articles:

Post a Comment