Monday, May 20, 2013

ပညာဖြင့် ဘ၀ကို တည်ဆောက်သည့်အခါ

ကျွန်မတို့ ရှင်သန်နေထိုင်သော အချိန်အခါသည် ယှဉ်ပြိုင်မှုများစွာဖြင့် ပြည့်နှက်နေသည်။ စားဝတ်နေရေးမှသည် ပညာရေးအဆုံး အသက်အရွယ် အပိုင်းအခြားအမျိုးမျိုး၊ လူတန်းစား အလွှာအသီးသီးတွင် နေ့စဉ် ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရမည်သာ။ ပညာ အရည်အချင်း တူလျှင် လုပ်ငန်းကျွမ်းကျင်သူက သာပါလိမ့်မည်။ ထိုနှစ်မျိုးလုံး တူညီပြန်လျှင်လည်း ရိုးသား၊ ကြိုးစားသူက နေရာ ရပါလိမ့်မည်။ အားလုံးသော အရည်အသွေးများ တူကြပြန်လျှင်လည်း ဇွဲ၊ လုံ့လ ရှိသူများသည်သာ အောင်မြင်ပါလိမ့်မည်။

ကျွန်မသည် ပညာရေးနယ်ပယ်တွင် စာသင်သားအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပါသည်။ ထိုကာလများသည် ခယောင်းလမ်း များသာ။ ကန္တရလွင်ပြင်များသာ။ ငွေကြေးပြည့်စုံသော မိဘ အသိုင်းအ၀ိုင်း၏ ပံ့ပိုးမှုများဖြင့် ပညာ သင်ကြားခဲ့ရသည် မဟုတ်ပါ။ ပညာဖြင့် ဘ၀ကို တည်ဆောက်လို၍သာ အပတ်တကုတ် ကြိုးစားခဲ့ရပါသည်။ သာမန်လူတန်းစား မိသားစုမှ မွေးဖွားသူဖြစ်၍ ငယ်စဉ်မှ စပြီး ကျွန်မ၏ စိတ်တွင်း စွဲမြဲနေသည်ကား ==ပညာတတ်မှ လူရာဝင်မည်++။

ကျွန်မ အခြေခံပညာအထက်တန်း အောင်သည့်နှစ်။ ၀န်ကြီးဌာန တစ်ခုမှ အမှုထမ်း တစ်ဦးသာဖြစ်သော ကျွန်မ၏ ဖခင်အား မိတ်ဆွေများက အကြံပေးကြသည်။ သမီးကြီး ကျွန်မအား အစိုးရ ရုံးတစ်ခုတွင် စာရေးမအဖြစ် အမှုထမ်းစေပြီး အဝေးသင် ဆက်တက်စေရန်။ ကျွန်မ၏ ဖခင်က လက်မခံပါ။ သူ၏ သမီးကြီးသည် ပညာ လိုလားသူဖြစ်၍ ကြိုးစားလိုသူဖြစ်၍ တက္ကသိုလ်အား နေ့ကျောင်း ဆက်တက်ပါစေ။ သမီး သင်ယူ လိုသော အတန်းအထိ ဆက်တက်ပါစေ … တဲ့။ မိဘ၏ မေတ္တာ၊ စေတနာအား နားလည်သိတတ်စွာ ကိုယ်တိုင်ဝင်ငွေရှာ၍ ကျောင်း တက်ခဲ့ရပါသည်။ ပိုက်ဆံသုံးနိုင်သော၊ အချိန်ဖြုန်းနိုင်သော အတန်းဖော်များကိုလည်း အားမကျပါ။ မိမိ၏ ဘ၀ အခြေအနေကို မိမိသာ နားအလည်ဆုံး ဖြစ်ပါသည်။ အ၀တ်အစား အသစ် မ၀တ်နိုင်သော၊ ကျောင်းသို့ ဘတ်(စ်)ကားဖြင့်သာ လာရသော ကျွန်မအား အပေါင်းအသင်းစာရင်း မသွင်းလျှင်လည်း စိတ်မဆိုးပါ။ တက္ကသိုလ်သို့ ပညာ လာသင်သော ကျွန်မ၏ ရည်ရွယ်ချက် သည် ငွေဖြုန်းရန်နှင့် အပျော်အပါးအတွက် လာခြင်းမဟုတ်ပါ။ အသိပညာ၊ အတတ်ပညာများ ဆည်းပူးလို၍သာ။ အတန်း မှန်လိုသော စာကြိုးစားလိုသော ကျွန်မအတွက် အနည်းငယ် မျှသော စိတ်တူ၊ ကိုယ်တူ သူငယ်ချင်းများနှင့်ပင် လုံလောက်ပါသည်။

ဆုပေးပွဲအခမ်းအနားတစ်ခုတွင် ပထမနှစ် (ဂုဏ်ထူးတန်း) အတွက် ပထမဆုယူစဉ် အင်္ကျိအဖြူနှင့် ယောလုံခြည်အနက် ကိုသာ ၀တ်ဆင်နိုင်သော၊ သနပ်ခါးသာ လိမ်းနိုင်သော ကျွန်မ၏ အသွင်အပြင်အား စကားတင်းဆိုခဲ့ကြလျှင်လည်း ခွင့်လွှတ်ပါသည်။

ရိုးသားစွာသာ ကြိုးစားချင်ပါသည်။

ရှိသော အ၀တ်ကိုသာ ၀တ်၍ တရားဥပဒေနှင့် လွတ်ကင်းသော၊ မြန်မာမိန်းကလေးတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာအား ထိပါးခြင်း မရှိသည့် အလုပ်များစွာကို လုပ်ကိုင်ခဲ့ဖူးပါသည်။ နံနက် မိုးမလင်းမီ အိမ်မှထွက်၍ အချိန်ပိုင်းအလုပ် လုပ်ရသော။ ည ၁၀ နာရီခန့်တွင်မှ ညစာ စားရသော ကျွန်မအား အတန်းဖော်များမှ ==ပင်ပန်းလှချည့် … တို့ဆိုရင် ဒီပုံနဲ့ တက္ကသိုလ် မတက်ပေါင် … တဲ့။ ဟုတ်ကဲ့။ မတက်ချင်သူများ မတက်ပါနှင့်။ မသားနားသော ရုပ်ရည်နှင့်လည်း ကျွန်မ တက္ကသိုလ် တက်နိုင်ပါသည်။ ထိုအတိုင်းသာ ကျောင်းတက်ခဲ့ပါသည်။ ပင်ကိုယ်ရုပ်ရည်အား ပကတိ၊ အရှိအတိုင်း လက်ခံထား၍ အတန်းထဲတွင် အလှဆုံးဖြစ်ရန် အားမထုတ်ပါ။ စာသင်ခန်းတွင်း အထူးချွန်ဆုံး ကျောင်းသူဖြစ်ရန်သာ ကြိုးစားခဲ့ပါသည်။

ကျွန်မတို့၏ ပညာရေးခရီးလမ်းအား တာဝေးအပြေးပြိုင်ပွဲတစ်ခုအဖြစ် တင်စားလိုပါသည်။ နှစ်စဉ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ အထက်တန်း အောင်မြင်သူများစွာ ရှိပါလိမ့်မည်။ ပထမဘွဲ့ မရမီ အကြောင်း အမျိုးမျိုးကြောင့်၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် ရပ်နားသွားသူများလည်း ရှိပေလိမ့်မည်။ ထိုသူတို့အား တာမထွက်မီ ပြေးလမ်းမှ ဘေးထွက်သူများဟုသာ တင်စားလိုပါသည်။

သူငယ်တန်းမှ အခြေခံပညာအထက်တန်း အောင်မြင်သည်အထိ ကုန်ဆုံးခဲ့သော အချိန်၊ ငွေကြေးတို့ ရှုံးပေပြီ။ အခက်အခဲဆိုသည်မှာ လူတိုင်းတွင် ရှိပါသည်။ ခလုတ်တိုက်မိတိုင်း လှဲအိပ်ချနေလျှင် ခရီးမတွင်ရုံသာ ရှိပေမည်။ အခက်အခဲကို ကြံ့ကြံ့မခံလျှင် ဘယ်သို့ ရှေ့ဆက်မည်နည်း။

ကျွန်မတို့တစ်စု ပထမဘွဲ့ ရရှိအောင်မြင်လာသောအခါ ပြေးလမ်း၏ ၀ဲ၊ ယာတွင် တစ်ကိုယ်စာ နေနိုင်၊ စားနိုင်ရုံမျှသော ရိက္ခာထုပ် လေးများ စတင်တွေ့ရပါလိမ့်မည်။ တချို့သည် ထိုမျှလောက်နှင့်သာ တင်းတိမ်ရောင့်ရဲ၍ ပြေးလမ်းမှ ဖယ်ခွာတော့သည်။ ရှေ့ဆက်ရန် အားမထုတ်တော့။ ရတတ်သမျှနှင့် ကျေနပ်သူများပင်။ ဘွဲ့ရသူနှင့် ဘွဲ့မရသူများ မည်သို့ ကွာခြားပါသနည်း။ မိမိအမည်ဘေးတွင် ယှဉ်တွဲဖော်ပြရန် ဘွဲ့တစ်ခု ပိုင်ဆိုင်ပါသည်။ မိမိ သင်ယူခဲ့သည့် ဘာသာရပ်အကြောင်းနှင့် မိမိကိုယ်ကို ထိန်းကျောင်း၍ နေထိုင်တတ်သော အကျင့်ကောင်းတို့ ရခဲ့ပါလိမ့်မည်။ (ကျောင်းသို့ ဟန်ပြသာလာ၍ အချိန်ဖြုန်းခဲ့သူများကို မဆိုလိုပါ)။

== ဘွဲ့ရလျှင်လည်း အသုံးမ၀င်ပါ++ ဆိုသည်မှာ မိမိကိုယ်တိုင်၏ ခံယူချက်အပေါ်တွင်သာ မူတည်ပါသည်။ ကျွန်မတို့ အားလုံး ပထမဘွဲ့များ ရရှိပြီးမှသာ အခြားသော အသက်မွေးမှုဆိုင်ရာ အဆင့်မြင့် ဒီပလိုမာသင်တန်းများသို့ ဆက်လက် တက်ရောက်နိုင် ပါသည်။ ==ငွေကြေးချို့တဲ့၍ အထက်တန်း အောင်သော်လည်း ပထမဘွဲ့ပင် မရရှိခဲ့ပါ++ ဆိုသည်ကို လက်မခံလိုပါ။

ကျွန်မအပါအ၀င် သူငယ်ချင်း တချို့သည် သမာအာဇီဝနည်းဖြင့် အလုပ်လုပ် ပိုက်ဆံစုကာ ကျောင်းတက်ခဲ့သူများ ဖြစ်ပါသည်။ ==မိဘ အားမပေး၍ ဘွဲ့မရခဲ့ပါ++ ဆိုလျှင်လည်း မိမိကိုယ်တိုင်တွင်သာ တာဝန်ရှိပါသည်။ ထူးချွန်သော၊ ကြိုးစားသော သားသမီးများကို ပညာ တတ်စေချင်သည်မှာ မိဘတိုင်း၏ စေတနာပင်။ သို့သော် နည်းအမျိုးမျိုးဖြင့် ပိုက်ဆံတောင်း၊ ဖြုန်းတီးခြင်းကို မည်သည့်မိဘ လက်ခံချင်မည်နည်း။ ==ပညာတတ်လျှင် ဘာဖြစ်မည်နည်း++ ဟု ကျွန်မအား မေးလာခဲ့ပါလျှင် ==အကန့်အသတ် မရှိ၊ ဖွံ့ဖြိုးတိုးတက်သော ဘ၀အား မျှော်လင့် တည်ဆောက်နိုင်ပါသည်++ ဟု ဖြေချင်ပါသည်။

ကျွန်မတို့ ပညာရေးခရီးလမ်း၏ ပြေပြစ်သော မြေပြန့်ပြေးလမ်းသည် ပထမဘွဲ့ စခန်းတွင် ဆုံးပေပြီ။ အနည်းငယ် မတ်စောက်သော ဆင်ခြေလျှောဖြင့် ဒုတိယဘွဲ့အတွက် ကျွန်မတို့ ကြိုးစားရပါမည်။ ခရီးလမ်းကို စိတ်မှန်းဖြင့် ကြောက်လန့်သူများ ကျန်နေခဲ့ပါသည်။ ရွှေ၊ ငွေ ရတနာတို့ဖြင့် စီခြယ်သောယာဉ် စီးနင်းနိုင်သူများ၊ ခိုင်ခံ့သော ကြိုး၊ လှေခါး ပိုင်ဆိုင်သူများနှင့် ကျွန်မတို့ကဲ့သို့သော ခြေဖ၀ါးနှင့် လက်ဖ၀ါးသာ ပိုင်ဆိုင်သော်လည်း မိမိ၏ သက်လုံကို ယုံကြည်သူများသာ ခရီးဆက်ကြပါသည်။

ရတနာယာဉ်ရထားဖြင့် လာသူများ၊ အမှီအတွယ်ဖြင့် တက်သူများ နည်းတူ ကျွန်မတို့ ခွန်အားသမားများလည်း တန်းတူ အမှီလိုက် နိုင်ပါသည်။ ထိုသူတို့ထက်ပင် ရှေ့သို့ရောက်အောင် တက်နိုင်ပါသည်။ သက်သောင့်သက်သာ သွားနိုင်သူများကို အားမကျခဲ့ပါ။ မိမိကိုယ်တိုင် အစွမ်းအစဖြင့် ယှဉ်ပြိုင်ဝံ့ခြင်းကိုသာ ဂုဏ်ယူပါသည်။

ထိုအချိန်တွင် မောပန်းလွန်း၍ နားရန် ကြံစည်မိလျှင် ဒေါက်တာလှဘေ (မြန်မာစာပါမောက္ခ၊ လန်ဒန်တက္ကသိုလ်) ၏ စာတစ်ပိုဒ်အား ကျွန်မ စာအုပ်တိုင်း ရှေ့ဆုံးစာမျက်နှာတွင် အားဆေးအဖြစ် ရေးထားခဲ့ပါသည်။ == လူ့ထိပ်သီးတွေ၊ နေရာထိပ်တန်း၊ ခြေတစ်လှမ်းနဲ့ လွှားမတက်။ တက်ဖော်တက်ဖက်၊ ညမိုက်နက်မှာ အိပ်စက်နေတုန်း၊ တကုန်းကုန်းတက်၊ ထိပ်ထက်နေရာ၊ ရောက်ရတာ …++ တဲ့။

ယာဉ်ရထား စီးနင်းသူများ၊ ကြိုးဖြင့် လှေခါးဖြင့် တက်သူများ အိပ်စက်ချိန်တွင် ၀ီရိယကိုသာ အားကိုးရသူများ ဖြစ်သည့် ကျွန်မတို့ မအိပ်စက်နိုင်ခဲ့ပါ။ ပထမဘွဲ့ဖြင့်သာ ကျေနပ်ခဲ့သော မိတ်ဆွေများ စိတ်အေးချမ်းသာရှိချိန်။ စွမ်းသမျှသော အတိုင်းအတာဖြင့်ရသော ငွေကြေးများအား စိတ်ကြိုက် သုံးခွင့်ရှိချိန်တွင် ကျွန်မရရှိသော လုပ်အားခ (သူတို့ထက် လျှော့နည်းသော) ပိုက်ဆံများသည် ကျောင်းစရိတ်အတွက်သာ။

ဒုတိယပန်းတိုင်သို့ ကျွန်မတို့အားလုံး အတူပန်းဝင်ခဲ့သည် ဆိုပါလျှင် ချွေးမထွက်၊ အလှမပျက်သူများထက် ကျွန်မ၏ အောင်မြင်မှုကို ပို၍ တန်ဖိုးထား ဂုဏ်ယူပါသည်။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုများ ပို၍ခိုင်မာလာပါသည်။ ဒုတိယဘွဲ့ရချိန်တွင် ကျွန်မတို့ ပြေးလမ်းဘေးရှိ ပတ်ဝန်းကျင် အနေအထား ပို၍ ကောင်းမွန်လာပါသည်။ ယခင်ပန်းတိုင်ထက် အနည်းငယ်မျှပိုသော ရိက္ခာထုပ် များဖြင့်သာ ကျေနပ်နိုင်သူများ ပြေးလမ်းမှဘေးသို့ ပိုင်ဆိုင်ခွင့်ရရုံဖြင့် ကျေနပ်ကြသူများပင်။ ဆင်းသွားကြပါသည်။ အသင့်အတင့်မျှ ကျွန်မတို့ ရှေ့ဆက်ရမည့် ခရီးလမ်းသည် ပို၍ ကြမ်းလာပါသည်။ ပို၍ ခက်ခဲလာပါသည်။

ဓနဂုဏ် ရှိသူများပင် ဇွဲမရှိက မလျှောက်ဝံ့။ မည်သူမဆို သည်းခံနိုင်သည့် စွမ်းရည်သတ္တိအား စစ်ဆေးခံနိုင်မှသာ ခရီးဆက်ရဲပါသည်။ စာကျက်ရုံ၊ စာသင်ရုံမျှဖြင့် မလုံလောက်တော့။ တစ်နှစ်တာ ကာလအတွင်း ကျမ်းကြီးကြပ်သူ၏ ဦးဆောင်မှုဖြင့် သုတေသနလုပ်ငန်းများ ကိုယ်တိုင် လုပ်ဆောင် ရပါသည်။ မိမိသုတေသနအတွက် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများအား ကိုယ်တိုင် ရှာဖွေ စုဆောင်း ရပါသည်။ လိုအပ်ပါက ဌာနအသီးသီးသို့ သွားနိုင်ရပါမည်။ လူမျိုးစုံနှင့် ပြောဆိုတတ်ရပါမည်။ ရင်ထဲတွင် ငိုချင်သော် လည်း နှုတ်ခမ်းများ ပြုံးနိုင်ရပါမည်။ မိမိသိရှိလိုသော အချက်အလက်များ ရရှိရေးအတွက် အလိုက်သင့် ပြောဆိုနိုင်ရပါမည်။ ကျွန်မတို့ ဘ၀အတွက် လိုအပ်သော ရင့်ကျက်မှုများကို ကိုယ်တိုင်လေ့လာသင်ယူရခြင်း ပင်။ (ငွေထုပ်ပိုက်၍ အရာရာ ဖြေရှင်းနိုင်သူများကို မဆိုလိုပါ)။

တစ်နှစ်တာအတွင်း ကျွန်မတို့ ရှာဖွေ တွေ့ရှိချက်များ၊ လေ့လာသိရှိချက်များကို သုတေသန စာတမ်းဖတ်ပွဲတွင် ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများအပါအ၀င် လာရောက်လေ့လာသော ပရိသတ်များ ရှေ့မှောက်တွင် ရှင်းလင်း တင်ပြနိုင်စွမ်း ရှိရပါသည်။ နောင်တစ်ချိန်တွင် လူအများ၏ရှေ့ ရဲဝံ့စေရန် ကျွန်မတို့အား လေ့ကျင့်ပေးသည်ဟု ထင်မိပါသည်။

စာကြိုးစားရန်သာ အားထုတ်ပြီး လူ့လောကအကြောင်းနှင့် ပရိယာယ်များကို ကောင်းစွာ နားမလည်သေးသည့် ကျွန်မ။ ထိုအချိန်တွင် သေမတတ် (တကယ့်ကို ဘေးကျပ်နံကျပ်) အခြေအနေများနှင့် ရင်ဆိုင်ရပါသည်။ ထိုစာတမ်းဖတ်ပွဲသို့ မတက်ချင်ပါ။ စိတ်အားငယ်လှပါသည်။

မိဘများ၏ အားပေးမှုများကြောင့်သာ ရှေ့ဆက်နိုင်ခြင်းဖြစ်သည။် ==သမီးကြီး၏ သတ္တိနှင့် ဇွဲ၊ လုံ့လ၊ ၀ီရိယကို ယုံကြည်ပါသည်။ ကြိုးစားနေ သည်များကိုလည်း သိပါသည်။ မိမိအလှည့်တွင် ပရိသတ်ရှေ့ မတ်မတ်ရပ်ရန်သာ စိတ်ဓါတ်ကို ပြင်ဆင်ထားပါ။ တင်ပြချက်များကို အဆင့်မမီဟု သတ်မှတ်၍ ဤဘွဲ့ မရခဲ့လျှင်လည်း ပြန်သာလာခဲ့ပါ။ အပြစ်မတင်ပါ++ တဲ့ …။ ထိုနေ့၌ ကျင်းပသော စာတမ်းဖတ်ပွဲတွင် သုတေသနအား သေချာကျနစွာ တင်ပြနိုင်သူ။ မေးခွန်းများအား စေ့စပ်စွာ ဖြေဆိုနိုင်သူ ဖြစ်ခဲ့ပါသည်။ ကျွန်မအား ရဲဝံ့စေခဲ့သော မိဘ။ စောင့်ရှောက် ကူညီပေးခဲ့သော ပါမောက္ခဆရာမကြီးအား နေ့စဉ် ရှိခိုးကန်တော့လျှက်။ ကျွန်မ၏ စိတ်ဓါတ် ခိုင်မာလာအောင်၊ အခက်အခဲများအား ကိုယ်တိုင်ဖြေရှင်းနိုင်အောင် လေ့ကျင့်သင်ကြားပေးခဲ့သော ဆရာမအားလည်း ယနေ့တိုင် ကျေးဇူးတင်လျက်။

တတိယစခန်း ပန်းတိုင်အဆုံးတွင်လည်း ကျွန်မတို့ ပြေးလမ်းဘေး၌ ရိက္ခာထုပ်များအပြင် အပန်းဖြေနားနေရန် နေရာများလည်း ရှိလာပါသည်။ ရှေ့စခန်း နှစ်ခုထက် ပို၍များသော ရိက္ခာကို ယူကာ ရောက်သောနေရာတွင် ကျေနပ်လိုက်သူများလည်းရှိပေသည်။

ဆက်လျှောက်ရမည့်လမ်းကား မတ်စောက်၊ မြင့်မားသည့် တောင် (၅)လုံး ကာရံလျက်။ မရပ်မနား ဆက်တိုက် လျှောက်နိုင်မှသာ အောင်မြင်ခြင်း ပန်းတိုင်သို့ ရောက်နိုင်ပါမည်။ နား၍မရပါ။ ဘ၀တစ်လျှောက်လုံး ကြုံခဲ့သမျှ အခက်အခဲများ အားလုံးထက် ပို၍ ခက်ခဲမှုများကို တွေ့ရပါမည်။ တစ်သက်လုံး တင်းထားခဲ့သော မာနများ ခ၀ါချခဲ့ ရပါမည်။ မွေးစမှသည် ထိုအချိန်မတိုင်ခင်အထိ စိတ်ပင်ပန်းမှုများ အားလုံးပေါင်းထက် ပို၍ စိတ်ပင်ပန်းရပါမည်။ ဖိုထိုးသည့် အဂ္ဂိရတ်သမားကဲ့သို့ ရှိသမျှထည့်ရပါမည်။ မိန်းကလေးများ မျက်ရည် မကျရသူ အတော်ရှားပါလိမ့်မည်။ နေ့ည မသိ။

အစား၊ အအိပ်မမှန် စသည့် စသည့် ဒုက္ခများခံနိုင်သူသာ နောက်ဆုံး၊ အမြင့်ဆုံး ပန်းတိုင်သို့ ရောက်ရှိပါလိမ့်မည်။ ကုသိုလ်ကံ အကျိုးပေး ကောင်းလွန်း၍ ထိုသို့ မကြုံရပဲ လွယ်ကူသက်သာစွာ ပန်းတိုင်ရောက်ခဲ့သူများ ရှိပါသည် ဆိုလျှင်လည်း ထိုသူတို့ အစား မုဒိတာ ပွားပေးနိုင်ပါသည်။ ကျွန်မတို့ ရခဲ့သော ဘ၀၏သင်ခန်းစာများ။ ကျွန်မတို့ကြုံတွေ့ခဲ့သော တစ်သက်စာ လုံလောက်သည့် ခံနိုင်ရည်များ သူတို့ မရခဲ့သည့်အတွက်သာ စိတ်မကောင်းပါ။

ပညာဖြင့် ဘ၀ကိုတည်ဆောက်သည့်အခါတွင် ပန်းတိုင်ငယ်များ တစ်ခုပြီးတစ်ခု အောင်မြင်၊ ကျော်ဖြတ်တိုင်း ပတ်ဝန်းကျင် ပြောင်းလဲ လာသည့် နည်းတူ ကျွန်မတို့အပေါ် အများသူငါ၏ ပြောဆို ဆက်ဆံမှုများလည်း ပြောင်းလဲလာမည်သာ။ အခြားသူတို့ အထင် မကြီးသေးပါ ဆိုလျှင်လည်း ကိုယ့်အားကိုယ်ကိုး ကြိုးစားလာသူများ မိမိကိုယ်မိမိ ယုံကြည်စိတ် ခိုင်မာလာပါမည်။ ပညာသင်ကြား ရခြင်း၏ ရည်ရွယ်ချက်မှာ မပင်မပန်း ငွေရှာနိုင်ရန် တစ်ခုတည်း မဟုတ်ဟု ထင်ပါသည်။

လူ့လောကတွင် နေထိုင်၊ ပြောဆိုတတ်စေရန်။ မည်သည့် အခက်အခဲမဆို ရင်ဆိုင်တတ်စေရန်၊ ခိုင်မာသော စိတ်ဓါတ်နှင့် အမူအကျင့် ကောင်းများအား တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်သင်ယူရန် တို့ကိုလည်း ရည်ရွယ်သည်ဟု ကျွန်မ ထင်မြင်မိပါသည်။

ခေတ်နှင့် စနစ်အား ပြောင်းလဲရန် မစွမ်းသာသည့်အတွက် ကျွန်မတို့၏ အရည်အချင်းကို ကိုယ်တိုင်မြှင့်တင်ရန်သာ ရှိပါသည်။ နေရာကောင်း၊ အခွင့်အရေးကောင်းကိုသာ လိုချင်၍ အပင်ပန်း မခံလိုသူများ အချိန်ကုန်ရုံသာ ရှိပါလိမ့်မည်။ အောက်ခြေမှစ၍ တစ်ဆင့်ပြီး တစ်ဆင့် တက်သွားသူများအား ထိုင်ကြည့်ကာ လှေခါးရင်း၌ ကျန်ခဲ့ပါလိမ့်မည်။ မိမိဘ၀အား ပြောင်းလဲစေမည့် တန်ခိုးရှင်ဆိုသည်မှာ ဒဏ္ဍာရီပုံပြင်များတွင်သာ ရှိပါသည်။ အမှီကောင်း၊ အရိပ်ကောင်း ဆိုသည်မှာလည်း ရရန်သေချာသည် မဟုတ်ပါ။ ပန်းတိုင်သို့ ဖြတ်လမ်းဖြင့် ကျော်တက်ရန် ကြံစည်သည် ဆိုလျှင်လည်း လမ်းဖြောင့်၊ လမ်းမှန်မှ သွားခြင်းနှင့် ဂုဏ်သိက္ခာ၊ တန်ဖိုးခြင်း မတူနိုင်ပါ။

လက်မှုပညာ၊ အတန်းပညာ တတ်မြောက်သော်လည်း အပင်ပန်းမခံလိုသူများ၊ သူတစ်ပါးပေးမည့် အခွင့်အရေးကိုသာ စောင့်မျှော်နေ သူများသည် သိမ်ငယ်စိတ်နှင့် ပတ်ဝန်းကျင်မှ အထင်သေးခြင်း ခံရပါမည်။ ဇွဲလုံ့လဖြင့် ရိုးသားစွာ ကြိုးစားသူများသည်သာ ယုံကြည်စိတ်ဖြင့် ရှင်သန်နိုင်၍ ထိပ်ဆုံးရောက်ကာ လူအများ အားကျချီးကျူးခြင်း ရရှိပါမည်။ ရိုးသားစွာ ကြိုးစားသူခြင်းတူပါလျှင် ပညာ ထူးချွန်သူက ရှေ့သို့ ပိုရောက်ပါလိမ့်မည်။

ကျွန်မတို့ မြန်မာလူငယ်များ အရည်အသွေး၊ အစွမ်းအစ မညံ့ပါ။ သင်ယူတတ်မြောက်ပြီးသော ပညာတို့အား အခြေခံ၍ မိမိ၏ ဘ၀နှင့် ပတ်ဝန်းကျင် မြှင့်တင်နိုင်သူများ ဖြစ်ပါစေကြောင်း …. ။

ထိုမှတစ်ဆင့် လူမျိုးနှင့် နိုင်ငံ့ဂုဏ်သို့….။

 Credit To ရှင်းသန့်လွင်

Related Articles:

Post a Comment