Sunday, May 19, 2013

ဦဦးသိန်းစိန်လျှောက်သော ဝါရှင်တန်ခရီး


(ေဇယ်သူ)

လျင်လျင်မြန်မြန် တက်သုတ်ရိုက် တိုးတက်လာခဲ့သည့် အမေရိကန်-မြန်မာ ဆက်ဆံရေး ဒီရေသည် အမေရိကန်အစိုးရအဖွဲ့ ရုံးစိုက်ရာ ဝါရှင်တန်သို့ သမ္မတဦးသိန်းစိန် မကြာမီ သွားရောက် လည်ပတ်ချိန်တွင် စံချိန်တင်ရေမှတ် နောက်တစ်မှတ်သို့ ရောက်တော့မည်။

ဆိုရှယ်လစ်ခေတ် ၁၉၆၆ ခုနှစ်က အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆင် ဖိတ်ကြားချက်ဖြင့် ဦးနေဝင်း သွားရောက်အပြီးတွင် ရာစုနှစ်ဝက်အတွင်း ဝါရှင်တန်သို့ သွားရောက်လည်ပတ်သည့် ပထမဦးဆုံး မြန်မာခေါင်းဆောင် ဖြစ်လာမည့် ဦးသိန်းစိန်ခရီးစဉ် ဖြစ်ပေါ်လာခြင်း ကိုယ်တိုင်သည် ထူးခြားသည့် သမိုင်းမှတ်တိုင်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ရောက်လာခြင်းကို ဖော်ပြသည်။

အမေရိကန်သည် ယနေ့မြန်မာ့ အပြောင်းအလဲများကို ထောက်ခံသည်။ မဟာအင်အားကြီး နိုင်ငံ၊ နောက်လိုက်နောက်ပါ အခြွေအရံ ပေါများသည့်နိုင်ငံ၊ လက်ညှိုးညွှန်ရာ ရေဖြစ်သည့် နိုင်ငံစသော ဝိသေသထူးများကို ပိုင်ဆိုင်ထားသည့် အမေရိကန်နိုင်ငံနှင့် အကြောင်းအပေါင်း ပြန်သင့်လာခြင်း သည် မြန်မာ့ပြုပြင် ပြောင်းလဲရေးကို အထောက်အကူ အလွန်ပြုခဲ့သည်။ အထူးသဖြင့် အမေရိကန် မျက်နှာရိပ် မျက်နှာကဲနှင့် ခြေလှမ်းတို့ကို ကြည့်ပြီး မှ အလုပ်လုပ်လေ့ရှိသည့် နိုင်ငံအချို့နှင့် လက်တွဲရ အဆင်ပြေသွားသည်။

မဟာအင်အားကြီးအဖြစ် နှစ်ပေါင်း ၇၀ လောက်၊ တစ်ဦးတည်းသော မဟာအင်အားကြီးအဖြစ် နှစ်၂၀လောက် ရပ်တည်လာခဲ့သော အမေရိကန် ကဲ့သို့ နိုင်ငံမျိုးသည် ရည်ရွယ်ချက်မရှိဘဲ အကြောင်းမဲ့ လုပ်လေ့မရှိတတ်။ စနစ်တကျအကွက်ချပြီး လုပ်ငန်းကိုင်ငန်း ဆောင်ရွက်သည့်နိုင်ငံ ဖြစ်သည့်အတိုင်း ထိတွေ့ဆက်ဆံတော့မည်ဟု ဆုံးဖြတ်လိုက်သည်နှင့် ပိတ်နေသော မြောင်းကို ဖွင့်ချလိုက်သည့်ပမာ တဝေါဝေါ စီးဆင်းလာသည်။ ယခင်က ကင်းကွာခဲ့သမျှ အတိုးချပြီး ထိတွေ့အတူ လုပ်ကိုင်ကြတော့သည့် ပမာ နယ်ပယ်စုံ၊ အမယ်စုံ၊ ကဏ္ဍစုံတွင် အမေရိကန်တို့ ဝင်ရောက် လာခဲ့သည်။ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအပြင် ထူးထူးခြားခြား စစ်ရေး တွင်ပါ ချဉ်းကပ်ဆက်ဆံလာ ခဲ့သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြောင်းလဲကျင့်သုံးရာတွင် အကောင်အထည် ဖော်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန် အနားယူသွားသောကြောင့် အသစ်အဟောင်း လက်ပြောင်းလက်လွှဲ တွင် တန့်များသွားနိုင်သလား စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် John Kerry သည် နဂိုကတည်းက Pro-engagement ထိတွေ့ဆက်ဆံရေးသမား၊ လက်တွေ့သမား ဖြစ်သောကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေးသည် အရှိန်မပျက် ဆက်လက် တိုးတက်နေသည်။ မြန်မာနိုင်ငံသည် အမေရိကန်သမ္မတ အိုဘားမား၏ နိုင်ငံခြားရေးမူဝါဒ မှန်ကန်ကြောင်း ပြယုဂ်သဖွယ် ဖြစ်နေခြင်းကလည်း ထိုသို့တိုးတက်ခြင်း ၏ အဓိကအကြောင်းတစ်ရပ် ဖြစ်သည်။

အမေရိကန်အစိုးရ အသိုင်းအဝိုင်းတွင် မြန်မာ့အပြောင်းအလဲကို သံသယ ဝင်နေသေးသူများ ရှိနေသော်လည်း လူနည်းစုသာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး မူဝါဒကို အတွင်းကျကျ သိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒကို ပြောင်းလဲစေခဲ့သည့် ဒဲရစ်မစ်ချယ်ကို ဆယ်စုနှစ်နှစ်စုကျော် ကာလအတွင်း အမေရိကန်သံအမတ် အဖြစ် ခန့်အပ်လိုက်ခြင်း ကလည်း စခဲ့သူကို ဝင်တွန်းလိုက်ဦးဟု တာဝန်ပေးလိုက်သလို ဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် တက်ကြွလက်စ အမေရိကန်မူဝါဒသည် ငှက်သွင်ပျံကြွမတတ်သော် ဖြစ်နေသည်။

စီးပွားရေး

စီးပွားရေးနယ်ပယ်တွင် မြန်မာနိုင်ငံကို အမေရိကန်ကုမ္ပဏီကြီးများ စိတ်ဝင်စားလာခြင်းသည် ကမ္ဘာအရပ်ရပ်ရှိ အခြားသော ကုမ္ပဏီများကို အချက်ပေး သံချောင်းခေါက်လိုက် သကဲ့သို့ ဖြစ်သည်။ ကမ္ဘာတွင် လေးစားခံရဆုံး ကုမ္ပဏီများထဲတွင် ပါသည့် Google ဥက္ကဋ္ဌ အဲရစ်ရှမစ် လာရောက်ခြင်းသည် နိုင်ငံရေးနယ်ပယ်တွင် အမေရိကန်သမ္မတ အိုဘားမား လာရောက်ခြင်း နှင့် ညီမျှသည့် နည်းပညာနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှ ခရီးစဉ် ဖြစ်ခြင်းကြောင့် မြန်မာအပေါ် စိတ်ဝင်စားမှု ပိုတက်လာခဲ့သည်။ အမေရိကန်-မြန်မာ ကုန်သွယ်ရေးကို တိုးမြှင့်ရန် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် လာရောက်ခဲ့ခြင်းသည် စီးပွားရေးဆိုင်ရာ ထိပ်တန်းမူဝါဒ ချမှတ်သူအနေဖြင့် အမေရိကန်စီးပွားကို တိုးမြှင့်ရန် နောက်ဆုံးပေါ် ဆောင်ရွက်ချက် ဖြစ်သည်။

တရုတ်

အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးကို တွဲပြောတိုင်း မပါမပြီးသည်မှာ တရုတ်ဖြစ်သည်။ တကယ်စင်စစ် မြန်မာကို အမေရိကန်က ချဉ်းကပ်လာခြင်းသည် တရုတ်ကြောင့် အဓိကဟု သုံးသပ်သူအချို့က ဆိုပြီး ထိုအဆိုကို လက်ခံသူ အများအပြား ရှိသည်။ မြန်မာနိုင်ငံကို ချဉ်းကပ် ဆက်ဆံလာခြင်းသည် တရုတ်ကြောင့် မဟုတ်ပါဟု အမေရိကန် တာဝန်ရှိသူများက တွင်တွင်ငြင်းသလို မြန်မာနိုင်ငံနှင့် အမေရိကန် ဆက်ဆံလာခြင်းကြောင့် မြန်မာ-တရုတ် ဆက်ဆံရေးကို မထိခိုက်နိုင်ပါဟု တရုတ်တို့ကလည်း အထပ်ထပ်အခါခါ ပြောကြသည်။ သို့သော်လည်း မဟာအင်အားကြီး လောင်းလျာဟု အသိအမှတ် ပြုရသည်အထိ တရုတ်နိုင်ငံ မြင့်တက်လာချိန် တွင် တရုတ်သို့ ဝင်လမ်းထွက်လမ်းတွင် မဟာဗျူဟာကျကျ တည်ရှိနေသော မြန်မာနိုင်ငံအား လက်ရှိ မဟာအင်အားကြီး အမေရိကန် ချဉ်းကပ်လာခြင်းကို သာမန်ထက်ပိုပြီး တွက်ဆကြခြင်းမှာ တွက်ဆသူတို့ အလွန်မဟုတ်ပါ။

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်သည့်အတိုင်း မည်သည့်နိုင်ငံနှင့် မဆို အကျိုးတူ ဆောင်ရွက်နိုင်ခွင့် ရှိကိုရှိရပါမည်။ အထူးသဖြင့် မိမိအကျိုးရှိမည့် အမေရိကန်ကဲ့သို့၊ တရုတ်ကဲ့သို့ နိုင်ငံကြီးမျိုးနှင့် လွတ်လပ်စွာ ထိတွေ့ဆက်ဆံ ဆောင်ရွက်ရန် လိုသည်။ သို့သော် မည်သည့် ဆက်ဆံရေးမျိုးမဆို ကောင်းကွက်၊ ပျော့ကွက် ရှိသည့် အတိုင်း ပါးပါးနပ်နပ် ဆောင်ရွက်နိုင်ပါမှ မိမိနိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းမည်။ နှစ်နိုင်ငံ ခြေပြိုင်ရာ ကစားကွင်းဖြစ်မသွားဘဲ နှစ်နိုင်ငံလုံးက အလုအယက် ပေါင်းချင်သင်းချင်သည့် နိုင်ငံဖြစ်လာစေရေး သည်သာ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်လေး အနေဖြင့် ရွေးချယ်ဦးတည် ဖော်ဆောင်သင့်သည့် လမ်း ဖြစ်သည်။

အမေရိကန်ကဲ့သို့ နိုင်ငံမျိုးနှင့် ဆက်ဆံရေး ကောင်းမွန်လာခြင်းမှာ မည်သည့်ရှုထောင့်ကပင် ကြည့်ကြည့် နိုင်ငံအတွက် အလွန်ကောင်းသော ရလဒ်ပင်ဖြစ်သည်။ ထိုရလဒ်အပေါ်တွင် အခြေခံပြီး နောက်တစ်ဆင့် တက်နိုင်အောင် ကြိုးပမ်းနိုင်မှသာ အမှန်တကယ် အကျိုးခံစားခွင့် ရရှိမည်။ ဥပမာ- အမေရိကန်တက္ကသိုလ် များတွင် ပညာသင်ခွင့်ဆုများ တိုးတက် ပေးအပ်လာခြင်းကို မြန်မာလူငယ် များများစားစား ရယူနိုင်ခြင်း၊ စီးပွားဆက်ဆံရန် တည်ဆောက်လာချိန်တွင် မိမိပို့ကုန်များ အဆများစွာ၊ တန်ဖိုးများစွာ တင်ပို့ပြီး ဈေးကွက် ရယူနိုင်ခြင်း။

အချုပ်ပြောရလျှင် ဦးသိန်းစိန်၏ ဝါရှင်တန်ခရီးစဉ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချရန် လိုအပ်သည်။

 Credit & Copy From >The Voice Weekly< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

Related Articles:

Post a Comment