Wednesday, May 22, 2013

မြန်မာ့စွမ်းအင်ကဏ္ဍ ဘယ်သူတွေနေရာရမလဲ



ရေးသားသူ- ထားထားမြင့်

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ပိုင်ခွင့်များအတွက် ကမ်းလွန်ရေနံလုပ်ကွက် ၁၉ကွက် နှင့် ကုန်းတွင်းရေနံလုပ်ကွက် ၁၁
ကွက်တို့တွင် လုပ်ပိုင်ခွင့်ရရန်အတွက် နိုင်ငံတကာ ကုမ္ပဏီများသည် မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၌ လာမည့် ဇွန်လ ၁၄ရက်၌ နောက်ဆုံးထားကာ တင်ဒါတင်သွင်းရမည်ဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုများဖြေလျှော့ပေးနေသည့်အချိန်မှာပင် လွန်ခဲ့သည့် ဧပြီလက မြန်မာ့သဘာဝ ဓာတ်ငွေ့နှင့် ရေနံလုပ်ကွက်များအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လိုက်သည့်သတင်းက ကမ္ဘာ့စွမ်းအင်ကုမ္ပဏီကြီးများအကြား လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်

ယနေ့ခေတ်တွင် နေရာတိုင်း နိုင်ငံတိုင်း၏ စွမ်းအင်လိုအပ်ချက်မှာ အကြီးအကျယ်မြင့်တက်လာနေသည့်အတွက် စွမ်းအင်အရင်းအမြစ်များနောက် လိုက်လံရှာဖွေနေချိန်တွင် ထိုသတင်းက မင်္ဂလာသတင်းတစ်ခုဖြစ်ခဲ့သည်။

နယ်သာလန်မှ Shell ကုမ္ပဏီ၊ အမေရိကန်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Exxon နှင့်၊ ဂျပန်မှ Mitsui အပါအ၀င်နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီ ၅၉ခု က အပြေးအလွှား သူ့ထက်ငါဦးအောင် လျှောက်ထားခဲ့သည်။ အိမ်နီးချင်း အိန္ဒိယဆိုလျှင် အခွင့်ကောင်းကို လက်လွတ်သွားမည် စိုးရိမ်ပြီး အစိုးရရော ပုဂ္ဂလိကကုမ္ပဏီစုစုပေါင်းခြောက်ခုပါ လျှောက်ထားခဲ့သည်ဟု ဆိုသည်။

“အိန္ဒိယကုမ္ပဏီတွေအတွက်တော့ သိပ်အရေးကြီးပြီး အလားအလာကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုပါ ။ ဘာလို့လဲဆိုတော့ နိုင်ငံရေး နည်းဗျူဟာအတွက်လည်း မြန်မာကအရေးပါတယ်လေ” ဟု အိန္ဒိယ OVL ရေနံကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒီကေဆာရပ်ဖ်က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ကုန်းတွင်းရေနံလုပ်ကွက်များ၌ နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန်အတွက် လျှောက်ထားသည့် ပြည်တွင်းကုမ္ပဏီ တစ်ရာကျော်ရှိသည်။

လုပ်ပိုင်ခွင့်ရသော နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ကုန်းတွင်းရေနံလုပ်ကွက်များအတွက် ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်ပြီး ကမ်းလွန်ရေနံ လုပ်ကွက်များအတွက် နိုင်ငံခြား ကုမ္ပဏီများချည်းသက်သက်လုပ်ခွင့်ရရှိမည်ဖြစ်သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်၊ ဟူစတန်မြို့၌ ကျင်းပသော ကမ်းလွန်ရေနံတူးဖော်ခြင်း ညီလာခံတွင် မြန်မာ့စွမ်းအင်ဒုဝန်ကြီးဦးထင်အောင်က ပြောကြားခဲ့သည်။

“မြန်မာကုမ္ပဏီတွေကို ကျွမ်းကျင်မှု၊ ဗဟုသုတနဲ့နည်းပညာ၊ ငွေကြေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းအလုပ်လုပ်စေချင်ပါတယ်။ သူတို့တွေဆီက လေ့လာပြီး နောင်ကျရင် ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ ပြည်တွင်းကုမ္ပဏီတွေ ပိုမိုပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးထင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားခဲ့ကြသည့် အမေရိကန်စွမ်းအင်ကုမ္ပဏီများကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် လေးစားလိုက်နာပြီး ရင်းနှီးမြှုပ်နှံကြရန် အမေရိကန် ဒုတိယလက်ထောက်စွမ်းအင်နှင့် စီးပွားရေးရာဝန်ကြီး Robert Cekuta က ဟူစတန်မြို့ ကမ်းလွန်ရေနံတူးဖော်ရေးညီလာခံ၌ တိုက်တွန်းခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ဒေသခံတို့၏ ဆန္ဒနှင့်မကိုက်ညီ၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အလေးမထားခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ပြုလုပ်ခဲ့သည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာ ရပ်ဆိုင်းခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာလည်း ယခုထိတိုင် ပြဿနာများမပြေလည်သေးဘဲဖြစ်နေသည်။ တရုတ်အစိုးရနှင့် မြန်မာအစိုးရ သဘောတူဆောက်လုပ်ခဲ့သည့် ရေနံပိုက်လိုင်းမှာလည်း အတင်းအဓမ္မ မြေယာသိမ်းဆည်းမှုများကြောင့် ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။

ထို့အပြင် ကမ္ဘာပေါ်တွင် ရေနံသဘာဝဓာတ်ငွေ့ပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲနိုင်မှုမှာ လူဦးရေ၏ ၂၇ ရာခိုင်နှုန်းသာရှိပြီး အာရှဒေသတွင် အနိမ့်ဆုံးဖြစ်နေသည်။ ထို့အတွက် မြန်မာအစိုးရအနေနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို တိုင်းပြည်တွင် ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေသော စွမ်းအင်ကဏ္ဍနှင့် ခွဲခြားမထားသင့်ဟု ရောဘတ်စီကူတက ကမ်းလွန်ရေနံတူးဖော်ရေး ညီလာခံ၌ ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ မီးမလာလို့ ဆန္ဒပြခဲ့ကြတာဟာ နိုင်ငံသားတွေက သူတို့ အစိုးရက တိုင်းပြည်ကို လျှပ်စစ်မီး လုံလုံလောက်လောက်ပေးဖို့ ဘယ်လောက်မျှော်လင့်သလဲဆိုတာ ထင်ထင်ရှားရှားသိသာနေတယ်” ဟု ရောဘတ်စီကူတက ပြောသည်။

ထို့ကြောင့် တိုင်းပြည်ဝင်ငွေအတွက် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို ပြည်ပသို့ရောင်းချရန် လိုအပ်သကဲ့သို့ ပြည်တွင်း လူဦး ရေ သန်းခြောက်ဆယ်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်လည်း မရှိမဖြစ်လိုအပ်လာလေပြီ။

ဇွန်လတွင် မြန်မာသယံဇာတ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကိုင်ခွင့်များအတွက် ကုမ္ပဏီများကို ရွေးချယ်ဆုံးဖြတ်မည့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ထိုအချက်များကို မလွဲမသွေ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ထို့အပြင် ယခင်က တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့်ကိုရီးယားကုမ္ပဏီများသာ လွှမ်းမိုးထားသော မြန်မာစွမ်းအင်ကဏ္ဍတွင် မည်သည့်နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်လာမည်ဆိုသည်ကိုလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများနည်းတူ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်အကဲခတ်လျက်ရှိသည်။

Credit To 7Day News Journal

Related Articles:

Post a Comment