Sunday, May 19, 2013

စစ်ပွဲနှင့် လိင်အကြမ်းဖက်မှု


(ဝီလျံမ်ဟိတ်ဂ်)

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝီလျံမ်ဟိတ်ဂ်၏ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး ရေးသားထားသည့် ဆောင်းပါးကို The Voice သို့ သီးသန့် ပေးပို့ခြင်းဖြစ်ပါသည်။
အယ်ဒီတာ

မြန်လည်သင့်မြတ်ရေးကို အလွန်ခက်ခဲစေသလို အကြမ်းဖက်မှုအသစ် တစ်ရပ်ကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ ပဋိပက္ခတစ်ရပ်ကို အဆုံးသတ်ပြီး စစ်ဘေးဒဏ်သင့် လူ့ဘောင်များကို ပြန်လည်တည်ဆောက်ရန် ကမ္ဘာကြီးက အလွန်အမင်းအားထုတ် လေ့ရှိပါသည်။

စစ်ပွဲဖြစ်နေစဉ် အတွင်း မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ အဆိုပါ အကြောင်းရင်း များအနက်မှ တစ်ခုပင် ဖြစ်လေသည်။

လွန်ခဲ့သော နှစ်ပတ်က ကျွန်တော်သည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့ရာ မုဒိမ်းကျင့်ခံရသည့် ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦး၏ ဓာတ်ပုံတစ်ပုံကို ကျွန်တော့်အား ပေးခဲ့ကြသည်။ ဒုက္ခသည်စခန်း မှသည် ဆေးရုံများအထိ သွားရောက်ခဲ့ပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင် နေသူများနှင့် တွေ့ဆုံခဲ့ရာတွင် အဖျက်ဆီးခံရသော ဘဝများ၊ မိသားစုများနှင့် မတွေ့ရအောင် ခွဲထားခံရသည့် အမျိုးသမီးများ၊ ကွဲကွာကျိုးပျက်ကုန်ကြသော မိသားစုများ၊ ထင်းရှာရင်း အတိုက်ခိုက်ခံခဲ့ရပြီး အသက်ကိုရန်ရှာနိုင်သည့် ရောဂါဘယအမျိုးမျိုး၏ ထိုးနှက်မှုကို ခံစားထားကြရသည့် သားကောင်များ စသည်တို့နှင့် စပ်လျဉ်းသည့် ထိတ်လန့်ဖွယ် ဇာတ်လမ်းများကို တစ်မျိုးပြီး တစ်မျိုး မရိုးအောင် ကြားခဲ့ရလေသည်။ ထိုသို့ ပြစ်မှုကျူးလွန်သူများ လက်ရဲဇက်ရဲ ရှိနေကြသည့် ရှက်ဖွယ်လိလိ အနေအထားတွင် သူတို့သည် “ပုံမှန်ဘဝများ” ၌ ဆက်လက် ရှင်သန်နေကြဆဲလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်အတွင်း ဘော့စနီးယားမှသည်၊ ရဝမ်ဒါ၊ လစ်ဗျားမှသည် ဆီယာရာ လီယွန်အထိ အဓိကပဋိပက္ခများ အများ အပြား၌ နိုင်ငံရေးပြိုင်ဘက် များကိုဖြစ်စေ၊ လူမျိုးစုအုပ်စု တစ်ခုလုံးကိုဖြစ်စေ၊ ဘာသာရေး အုပ်စုတစ်ခုလုံးကိုဖြစ်စေ အနာတရဖြစ်စေရန် မုဒိမ်း ကျင့်ခြင်းအား တမင်ရည်ရွယ်သော လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ ရရှိ သွားခဲ့သော ဒဏ်ရာအနာတရ များမှာ အလွယ်တကူပြေပျောက် သက်သာမသွားသလို ထင်ကျန်ရစ်သော အမာရွတ်မှာလည်း ဘယ်တော့မျှ ပျောက်ပျက်သွားတော့မည် မဟုတ်ပါချေ။ ယင်းအစား အဆိုပါဒဏ်ရာ ဒဏ်ချက်များက မိသားစုများကို ဖျက်ဆီးပစ်တတ်သလို ရပ်ရွာအသိုင်းအဝိုင်း များကိုလည်း လုံးပါးပါးသွားစေနိုင်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အလားတူ ဇာတ်လမ်းမှာ နိုင်ငံရေးအရ ပြိုင်ဘက်များကို အထိတ်အလန့်ဖြစ်စေရန် တင်ကူးရည်ရွယ်ချက်ဖြင့် အရပ်သူအရပ်သားများ မုဒိမ်းကျင့်ခံ၊ အနှိပ်စက်ခံရခြင်း နှင့်တကွ ချိုးဖောက်မှုများနှင့် စပ်လျဉ်းသော သွေးပျက်စရာကောင်းလှသည့် သတင်းများ ထွက်ပေါ်နေရာ ဆီးရီးယားနိုင်ငံတွင် ယနေ့ထပ်မံ ဖြစ်ပေါ်နေခြင်းပင် ဖြစ်လေသည်။

ဤစိန်ခေါ်မှုကို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းရန်မှာ လူ့သိက္ခာကို သက်ဝင် ယုံကြည်ကြသည့် ဒီမိုကရေစီနိုင်ငံများမှ နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြသော ကျွန်ုပ်တို့၏ တာဝန်ဖြစ်လေသည်။ ဤမျှ ပက်စက်လှသည့် ရာဇဝတ်မှု ကို ဟန့်တားရန် ကြိုးပမ်းသင့်သလို စစ်ပွဲ၏ လက်နက်တစ်ခုအဖြစ် မုဒိမ်းမှု ကို အသုံးပြုခြင်းကိုလည်း အမြစ်ပြတ်ချေမှုန်းရန် ဆောင်ရွက်ကြရမည်သာ ဖြစ်သည်။

ယင်းမှာ လွယ်ကူသောလုပ်ငန်းတစ်ခု မဟုတ်သလို အတားအဆီး များလည်း များစွာရှိနေပါသည်။

ပထမဆုံးမှာ သားကောင်များ၏ ကြောက်စိတ်နှင့် ရှက်ရွံ့မှုပင် ဖြစ်လေသည်။ မုဒိမ်းကျင့်ခံခဲ့ရခြင်းနှင့် တွဲဖက်နေသည့် အမည်းစက် စွန်းထင်းမှုကြောင့် ထိုသူတို့မှာ လူရှေ့သို့ ထွက်လာရန် ဝန်လေးနေတတ်ကြသည်မှာ နားလည် ပေးနိုင်ပါသည်။ သားကောင်များ ရရှိသင့်သည့် စာနာမှုရှိသော ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာအရပါ ပံ့ပိုးမှုများမရှိခြင်းက ဝန်လေးမှုကို ပိုမိုဆိုးရွာ လာစေပြန်ပါသည်။

ဒုတိယမှာ တရားရုံး အမှုအခင်းများတွင် အသုံးပြုနိုင်သော သက်သေခံ အထောက်အထားများ စုဆောင်းရန် ခက်ခဲမှုဖြစ်ပြီး အောင်မြင်သော တရားစွဲဆိုအရေးယူမှု များမှာ မဆိုစလောက် အနည်းငယ်မျှသာ ရှိခဲ့လေသည်။ ၁၉၉၆ ခုနှစ်မှစတင်ပြီး ယနေ့အထိ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် မုဒိမ်းကျင့်ခံခဲ့ရသော အမျိုးသမီးပေါင်း ၅၀၀,၀၀၀ (ငါးသိန်း) မျှ ရှိခဲ့ပြီး ယင်းတို့အနက်မှ အလွန်သေးမွှားလှသော ပမာဏသာ လျှင် တရားရုံးသို့ ရောက်ခဲ့လေသည်။ ထိုအချက်က လက်ရဲ ဇက်ရဲနိုင်လှသည့် အစဉ်အလာတစ်ရပ်ကို ပိုမိုအားကောင်း လာစေခဲ့ပေသည်။

တတိယအချက်မှာ ပဋိပက္ခကို တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မုဒိမ်းမှုကို အဆွယ်အပွားကိစ္စ တစ်ခုအဖြစ် ကိုင်တွယ်လေ့ရှိကြခြင်း ပင်ဖြစ်လေသည်။ ရလဒ်အဖြစ် အသက်ရှင် ကျန်ရစ်သူများကို လျစ်လျူရှုထားကြပြီး ဘဏ္ဍာငွေထောက်ပံ့မှု မှာလည်း မလုံလောက်သည့် အခါ မလုံလောက်၊ မပေးဘဲထားလိုက ထားဖြစ်နေကာ ပြစ်မှုကျူးလွန်သူများ မှာလည်း လွတ်လပ်စွာ သွားလာလှုပ်ရှား နိုင်နေကြပေတော့သည်။

နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ များအား လက်တွေ့ကူညီ ထောက်ပံ့နေကြသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသခ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်သူများထံမှ ပံ့ပိုးမှု လုံလုံလောက်လောက် မရှိခြင်းပင် ဖြစ်လေသည်။ ရလဒ်အနေဖြင့် ထိရောက်စွာ တုံ့ပြန်ရန် အဆိုပါ အဖွဲ့များမှာ ဘဏ္ဍာငွေလုံလောက်စွာ မရှိကြဘဲ အမှန်တကယ်ပင် အခက်ကြုံ နေကြရလေသည်။

ဤအတားအဆီးများ အားလုံးကို အောင်မြင်စွာ ကျော်လွှားဖြေရှင်း နိုင်သလို ကျော်လည်း ကျော်လွှားဖြေရှင်း ကြရမည်သာ ဖြစ်လေသည်။

လက်နက်ကိုင် ပဋိပက္ခတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် ဆောင်ရွက်ရန်၊ အဆိုပါကြမ်းကြုတ်လှသော ရာဇဝတ်မှု များအတွက် တာဝန်ခံမှု မရှိခြင်းကို ကိုင်တွယ်ရန်နှင့် သားကောင်များကို ပြည့်စုံကျယ်ပြန့်စွာ ပံ့ပိုးမှု ရရှိလာစေရန် ဆောင်ရွက်လိုသော ကျွန်ုပ်တို့၏ တူညီသော သန္နိဋ္ဌာန်ကို ဖော်ပြသည့် သမိုင်းဝင်နိုင်ငံရေး ကြေညာချက် တစ်ရပ်ကို သဘောတူလာစေရန် ဂျီ ၈ (အချမ်းသာဆုံး နိုင်ငံရှစ်နိုင်ငံ) မှ မိတ်ဆွေ နိုင်ငံခြားရေးဝန်ကြီးများကို ယခုတစ်ပတ်တွင် ကျွန်တော် မေတ္တာ ရပ်ခံသွားမည်ဖြစ်ပါသည်။

မုဒိမ်းမှုနှင့် ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့မှာ ဂျနီဗာ သဘောတူ စာချုပ်များကို ဆိုးဆိုးရွားရွား ဖောက်ဖျက်ခြင်းဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၊ အသက်ရှင် ကျန်ရစ်သူများအတွက် ပိုမို များပြားသော ဘဏ္ဍာရေးထောက်ပံ့မှုနှင့် ရေရှည်ထောက်ပံ့မှု၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ခြင်းများ အတွက် သဘောတူညီမှု ရရှိထားသော စံသတ်မှတ်ချက် များကို ပြဋ္ဌာန်းပေးမည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ပံ့ပိုးပေးခြင်းတို့ အပါအဝင် လက်တွေ့ကျပြီး ကျယ်ပြန့်သော ကတိကဝတ် အမျိုးမျိုးကို ရရှိရန် ကျွန်တော် အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

သက်သေခံအထောက်အထား စုဆောင်းခြင်းကို ပိုမိုကောင်းမွန်လာ စေပြီး တရားစွဲဆို အရေးယူမှုများ ပိုမိုပေါ်ပေါက်လာစေရန် အဆိုပါ ဆောင်ရွက်ချက်များကို ရေးဆွဲထားပါသည်။ ယင်းတို့က အသက်ရှင် ကျန်ရစ်သူများ လူရှေ့ထွက်လာအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး သားကောင်များ အနေဖြင့် သူတို့၏ဘဝများကို လူ့သိက္ခာနှင့်အညီ ပြန်လည်တည်ဆောက် ယူရန် လိုအပ်သည့် ရေရှည်ပံ့ပိုးမှုများ မလွဲမသွေ ရရှိလာစေပါလိမ့်မည်။ ကြာသပတေးနေ့တွင် လန်ဒန်မြို့၌ အလှမ်းကျယ်သော သဘောတူညီချက် တစ်ရပ် ရရှိလာလိမ့်မည်ဟု ကျွန်တော်မျှော်လင့်လျက် ရှိပါသည်။

ဤသည်မှာ အစသာဖြစ်ပါသေးသည်။ ကုလသမဂ္ဂတွင် လည်းကောင်း၊ ပိုမိုကျယ်ပြန့်စွာ လည်းကောင်း ပဋိပက္ခဖြစ်ပွားချိန်၌ စစ်ဖြစ်ချိန် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်ရေး အတွက် ခိုင်မာသော နိုင်ငံတကာမဟာမိတ် တစ်ရပ်ကို ထူထောင်ယူသည့် အခြေခံ အုတ်မြစ်တစ်ရပ်အဖြစ် ဂျီ ၈ မှ ပံ့ပိုးမှုကို အသုံးပြုသွားကြပါမည်။

ဂျီ ၈ သည် ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံများ အနက်မှ တချို့ကို ကိုယ်စားပြုလျက်ရှိပြီး နိုင်ငံတကာ လက်လှမ်းမီမှု ကြီးမားစွာရှိသလို ပေါင်းစပ်ထားသည့် သြဇာလည်း ရှိပါသည်။ အဆိုပါအဖွဲ့၏ အဖွဲ့ဝင်များက တူညီသော ကြိုးပမ်းမှုတစ်ရပ် အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြသည့်အခါ အဆိုပါနိုင်ငံများသည် ကမ္ဘာပေါ်တွင် စစ်မှန်ပြီး တာရှည်ခံသည့် အပြောင်း အလဲတစ်ရပ်ကို ဖန်တီးဖော်ဆောင်နိုင်စွမ်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

အဆိုပါ တာရှည်ခံသည့် အပြောင်းအလဲမှာ ခေတ်မီစစ်ရေးမှ အဆိုးရွားဆုံး ကဏ္ဍတစ်ရပ်ကို အဆုံးသတ်ရန် လည်းကောင်း၊ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ရပ်ရွာအသိုင်းအဝိုင်းများ ပုံမှန် ပြန်ရောက်ရန် အလွန် ခက်ခဲနေစေသည့် အဓိကအကြောင်းရင်းများ အနက်မှ တစ်ခုကို ကိုင်တွယ် ဖြေရှင်းရန် လည်းကောင်း ရည်သန်ထားသည့် လုပ်ငန်းစဉ်တစ်ရပ်ကို ယခု တစ်ပတ်၌ စတင်ရေးသားခြင်း ဖြစ်ပါသည်။ စစ်ရေးလက်နက် တစ်ခုအဖြစ် မုဒိမ်းမှုကို အသုံးပြုနေကြသူ များ၏ လက်ရဲဇက်ရဲနိုင်မှုကို အစိတ်စိတ် အမြွာမြွာ ပြိုကွဲသွားစေရန်၊ ယင်းတို့ဒဏ်ကို ခံစားထားရသော သားကောင် များအား နောက်တစ်ကြိမ် မည်သည့်အခါမျှ စွန့်ပယ်မထား ဖြစ်ကြစေရန် ဆောင်ရွက်ရမည့်တာဝန်မှာ လွတ်လပ်သော နိုင်ငံများမှ နိုင်ငံရေး ခေါင်းဆောင်များ၊ လူသားများ ဖြစ်ကြသည့် ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်ပါတော့သတည်း။

[ပီအက်(စ်)ဗီနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ ခရီးစဉ်နှင့် စပ်လျဉ်းသော ဆောင်းပါး]

Credit To The Voice Weekly

Related Articles:

Post a Comment