Saturday, May 18, 2013

သန်း ၆၀ နှင့် ဘာသာရေး ပလက်ဖောင်း



 (ပေါ်လင်းဦး)

ယခုဆောင်းပါး ရေးရသည်မှာ ဘာသာရေးကို တို့ထိရသဖြင့် အမှန်ပင် လက်တွန့်ချင်စရာ ကောင်းလှ၏။ လက်လည်း တွန့်ပါ၏။ သို့သော် တင်ပြသင့်သော အမြင်တစ်ခုဟု ရိုးရိုးသားသား ယုံကြည်သောကြောင့် ရေးဖြစ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စာရေးသူ၏ အမြင်သက်သက်ကို တင်ပြ ခြင်းသာ၍ စာရေးသူနှင့် တိုက်ဆိုင်သူလည်း ရှိနိုင်သလို၊ မတိုက်ဆိုင်သူ လည်းရှိနိုင်သည်ကို ကြိုတင်မျှော် လင့်ထားကြောင်း ဦးစွာဖော်ပြအပ်ပါသည်။

ယနေ့ မြန်မာပြည်၏ ကံကြမ္မာ အနိမ့်၊ အမြင့်ကို ဗေဒင်သာမေးချင် တော့သည်။ တစ်ပူမပြီးသေး...။ နောက်တစ်ပူက အသင့်။ ကံပင် နိမ့်နေသည် လော။ စိုးရိမ်စရာ ကောင်းလာ၏။ စိတ်ပူစရာ ကောင်းလာ၏။ တစ်ဦး တစ်ယောက် သို့မဟုတ် တစ်ဖွဲ့ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလားဟုပင် တွေးချင်စရာ။

နောက်ပြန်လှိုင်း ... နောက်ပြန်လှိုင်း အကြောင်းကို စာရေးသူတို့ ပြောကြသည်။ တွင် တွင် ပြောကြသည်။ အလားတူ စိုးရိမ်ကြသည်။ ကြောက်ကြ သည်။ စစ်အစိုးရ..စစ်အုပ်ချုပ်ရေး ..။ စာရေးသူတို့ ကြုံခဲ့ဖူးသည်။ တွေ့ခဲ့ဖူး သည်။ တိုင်းပြည် တိုးတက်ရေး အတွက် စစ်အုပ်ချုပ် ရေးဖြင့် မဖြစ်နိုင်သည်ကို စာရေးသူတို့ စာတွေ့မဟုတ်။ လက်တွေ့အသိဖြင့် သိခဲ့ပြီးပြီ။ ထို့ကြောင့်
စစ်အုပ်ချုပ်ရေးသို့ ပြန်မသွားလိုသည်မှာ သဘာဝကျသည်။ စစ်အုပ်ချုပ်ရေး ဟူသည် တည်ငြိမ်မှုကို ဦးစားပေးသော အုပ်ချုပ်မှုပုံစံဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေး ကိစ္စများ နှောင့်နှေးဖင့်နွှဲ့ရသည်မှာ သီအိုရီပင်ဖြစ်၏။

သို့သော် ယနေ့ အခြေအနေ အရပ်ရပ်အရ ဆိုရလျှင်...။ နောက်တစ်ဖန် စစ်အုပ်ချုပ်ရေးသို့ တွန်းပို့နိုင်သည့် ပြဿနာများ တစ်ခုပြီးတစ်ခု ပေါ်လာချေ၏။ ဆက်တိုက်ဆိုသလို ဖြစ်လာ၏။ ယင်းတို့အနက် အစိုးရိမ်ရဆုံးမှာ ဘာသာရေး မီးစပင်ဖြစ်သည်။ ကျန်သော ပြဿနာတို့ကား အတိုင်း အတာတစ်ခု အထိ ထိန်းသိမ်းနိုင်သေး၏။ သို့သော်လည်း ဘာသာရေးမီးစ ကား ထိုသို့မဟုတ်။ လောင်မိလျှင် ဆက်တိုက် လောင်တတ်၏။ ကူးစက်ရန်လည်း လွယ်ကူသော ပင်ကိုယ်သတ္တိရှိ၏။ သို့ဖြစ်ရာ မိတ္ထီလာအရေး ကဲ့သို့သော ဘာသာရေးပဋိပက္ခများမှာ ယနေ့ သန်း ၆၀ ၏ ရှေ့ရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက် ရှိပေသည်။ စစ်အုပ်ချုပ်ရေးကို နောက်တစ်ကြိမ် လက်ယပ် ခေါ်နေသကဲ့သို့ ရှိနေသည်။သို့ဖြစ်ရာ နိုင်ငံတည်ငြိမ်မှုကို မလိုလားသော သူတို့အနေဖြင့် အလွယ်တကူ အတို့အရှို့ လုပ်နိုင်သော အပေါက်ကား ယင်းအပေါက်ပင် ဖြစ်နေတော့သည်။

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်း နေထိုင် သောနိုင်ငံဖြစ်၏။ အသေးစိတ် ဆိုရလျှင် လူမျိုးပေါင်း ၁၃၅ မျိုး စုပေါင်း နေထိုင်သလို.. ကိုးကွယ်မှုဘာသာပေါင်း လေးမျိုး စုစည်းနေထိုင်ကြခြင်းလည်း ဖြစ်သည်။ ဤသည်မှာ ပေးထားချက်ဖြစ်သည်။ မြန်မာပြည်၏ ပေးထား ချက်ဖြစ်သည်။

နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ချဉ်းကပ်ရာတွင် ပေးထားချက်များကို ကျော်ခွစဉ်းစား၍မရ။ ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားရန် လိုသည်။ သို့ဖြစ်ရာ ပြည်ထောင်စုစစ်စစ် နိုင်ငံတစ်ခုဖြစ်နိုင်ရန် အတွက် ၁၃၅ မျိုးစလုံး ကြည်ဖြူ လက်ခံသော နိုင်ငံရေးပလက်ဖောင်း တစ်ခု လိုသလို၊ ကိုးကွယ်မှု လေးမျိုးစလုံး ကြည်ဖြူစွာ ယှဉ်တွဲနေနိုင်သော ဘာသာရေးပလက်ဖောင်း တစ်ခု လည်းလိုသည်။
စာရေးသူတို့သည် ကိုးကွယ်မှုနှင့် ပတ်သတ်လျှင် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု အခြေခံအားဖြင့် ချဉ်းကပ်လေ့ ရှိကြသည်။ ယင်းကား မည်သည့် ဘာသာဝင်မဆို ချဉ်းကပ်လေ့ရှိသော ပုံစံ ဖြစ်သည်။ လူ့သဘောအရ သဘာဝလည်းကျပါသည်။ သို့သော် ယင်းချဉ်းကပ်မှု ပုံစံသည် အခန့် မသင့်လျှင် မှားသူနှင့် မှန်သူမှာ ရန်ဖက်၊ ရန်သူအဖြစ် ရှုမြင်သွားစေနိုင်သည့် လမ်းကြောင်းအထိ တွန်းပို့နိုင်ပါသည်။ ယနေ့မြန်မာနိုင်ငံ တွင်လည်း ဘာသာရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာပင်ဖြစ်စေ ၊ အစ္စလာမ်ပင်ဖြစ်စေ၊ ဟိန္ဒူပင်ဖြစ်စေ၊ ခရစ်ယာန်ပင်ဖြစ်စေ ယင်းပုံစံဖြင့်သာ ချဉ်းကပ်နေကြခြင်း ဖြစ်ပါသည်။ ငါနှင့်မတူ ၊ ငါ့ရန်သူ ဆိုသော သဘောတရားနှင့် အတူတူပင် ဖြစ်သည်။

ဤစာစု အနေဖြင့်မူ အရိုးစွဲနေသော ယင်းချဉ်းကပ်မှုပုံစံ နေရာတွင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို မထိပါးသော ၊ ကိုးကွယ်မှု မတူသူ များအကြား ကြည်ဖြူစွာ အတူလက်တွဲ နေထိုင်နိုင်မှုကို အထောက်အကူ ဖြစ်စေသော သာသာရေးအမြင် ပလက်ဖောင်းအသစ် တစ်ခုကို အစားထိုး နိုင်ရန် ရည်ရွယ်လိုခြင်းဖြစ်သည်။

စာရေးသူ အနေဖြင့် တင်ပြရလျှင် လူတို့သည် ကိုးကွယ်မှုနှင့် ပတ်သတ်လျှင် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု အများအားဖြင့် ချဉ်းကပ် လေ့ရှိသော်လည်း စေ့စေ့ပေါက်ပေါက် လေ့လာလျှင် ယင်းအမြင်မှာ လွန်စွာ အခြေမခိုင်လှသည် ကိုလည်း တွေ့ရသည်။ အကယ်၍ သင်သည် ခရစ်ယာန် မိဘနှစ်ပါးမှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ ခရစ်ယာန် ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာ တရားများကို မှားသည် ဟုယုံကြည်သူ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါး မှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာတရားများကို မှားသည်ဟု ယုံကြည်သူ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် အစ္စလာမ် မိဘနှစ်ပါးမှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ အစ္စလာမ်ဘာသာဝင် ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာတရား များကို မှားသည်ဟု ယုံကြည်သူ ဖြစ်လိမ့်မည်။

မိမိ၏ ယုံကြည်မှုသည် မိမိအကြောင်းနှင့် မိမိဖြစ်လာသကဲ့သို့ ၊ အခြားသော သူတို့၏ ယုံကြည်မှုသည်လည်း သူ့အကြောင်းနှင့် သူဖြစ်လာခြင်းသာ ဖြစ်သည်။ ထိုထက် ပွင့်ပွင့်လင်းလင်း ဆိုရသော် ယုံကြည်ကိုးကွယ်မှု ဟူသည်မှာ အများစုအတွက် မိမိရွေးချယ်မှု မဟုတ်ရဘဲ ၊ ကြမ္မာရဟတ် ဆေးစက်ကျရာ အရုပ်လိုက် ထင်နေရခြင်းသာဖြစ်သည်။ မိမိဘာသာ တရားကို ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ခြင်းမှာ မှန်ကန်သင့်မြတ်၏။ သို့သော် အခြားဘာသာတရား များကို ရှုတ်ချပုတ်ခတ်ခြင်းမှာ အလျှင်း မလုပ်သင့်သော ကိစ္စဖြစ်ပေသည်။ သူ့ဂုဏ်နှိမ့်မှ ၊ ကိုယ့်ဂုဏ် မြင့်လာမည်ဟု မှတ်ယူခြင်းမှာ အမှန်မပြည့်ဝခြင်းပင်။

ဤတွင် စာရေးသူ သဘောကျသည့် My Name is Khan ဘောလိဝုဒ် ရုပ်ရှင်ကားကို ကိုးကားချင်ပါသည်။ စာရေးသူသည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သော်လည်း ဤရုပ်ရှင်မှ ပေးချင်သည့် မက်ဆေ့ခ်ျကို စာရေးသူ သဘောကျသည်။ သဘောတူသည်။ အမှန်မှာမူ မည်သည့် ဘာသာဝင် အုပ်စုတွင် မဆို လူကောင်းရှိသလို ၊ လူဆိုးလည်းရှိသည်။ စိတ်ဓာတ်ရေးရာ အဆင့် အတန်းရှိသူ ရှိသလို၊ အောက်တန်းကျသူလည်း ရှိသည်။ ငြိမ်းချမ်းစွာ ကိုယ့်မိသားစုနှင့် အေးအေးချမ်းချမ်း နေချင်သူရှိသလို ၊ တို့မီး ရှို့မီးတို့ကို ဝါသနာ ပါသူတွေလည်း ရှိသည်။ အတ္ဘပရ မျှတသူများရှိသလို၊ လောဘဇောသမား များလည်းရှိသည်။ ဆင်ခြင်တုံတရားပြည့်ဝသူများရှိသလို အဆင်ခြင်မဲ့ သူများလည်းရှိသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များထဲတွင်လည်း ကောင်းသူ နှင့် ဆိုးသူဟူ၍ရှိသလို ၊ အစ္စလာမ်များတွင်လည်း ကောင်းသူနှင့် ဆိုးသူဟူ၍ ရှိသည်ကို လက်ခံရမည်။ ၄င်းသည် အရှိတရားပင်ဖြစ်သည်။ ဟိန္ဒူ ကိုးကွယ်သူ များထဲတွင်လည်း လူကောင်းနှင့် လူဆိုးရှိနိုင်သလို ၊ ခရစ်ယာန်များ ထဲတွင် လည်း အလားတူရှိနိုင်သည်မှာ သဘာဝကျသလို အမှန်တကယ်လည်း ဟုတ်ပေသည်။

ဤချဉ်းကပ်မှု ပုံစံသည် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု သူ့ဘက် ၊ ကိုယ့်ဘက် ခွဲခြား စဉ်းစားခြင်းမဟုတ်ပေ။ မိမိတစ်ဖက်တည်းကို “လူကောင်း၊ လူဆိုး” ခွဲခြားစဉ်းစားခြင်းနည်း ဖြစ်သည်။ ဘာသာရေး အုပ်စုတိုင်းတွင် ကောင်းသူရော၊ ဆိုးနေသူရော ရှိနေသည်မှာ လက်တွေ့အမှန် တရားလည်း ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ကောင်းသူ များ အချင်းချင်းပူးပေါင်း မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင် ပင်ဖြစ်စေ အေးအေး ချမ်းချမ်း နေလိုသော သူများအချင်းချင်း အတူယှဉ်တွဲ မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ မျှတသူများ အချင်းချင်း အတူယှဉ်တွဲ မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင် ပင်ဖြစ်စေ သမာသမတ်ကျသူများကို မကြည်ဖြူနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ရက်ရောပေးကမ်းသူများကို မလိုလား နိုင်စရာ အကြောင်းမရှိ။ မည်သည့်ဘာသာဝင် ပင်ဖြစ်စေ စိတ်နှလုံး မြင့်မြတ်သူများကို မလေးစားနိုင်စရာ အကြောင်းမရှိပေ။

သို့သော် အကြောင်းရှိသည်ကား။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ တို့မီး၊ ရှို့မီး လုပ်တတ်သော သူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင် ဖြစ်စေ ဆင်ခြင်တုံတရား မဲ့သူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင် ဖြစ်စေ ဖျံကျတတ်သော သူများကို အလိုမရှိ။မည်သည့် ဘာသာ ဝင်ပင်ဖြစ်စေ ကတုံးပေါ်ထိပ်ကွက် လုပ်တတ်သောသူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ အောက်တန်းစား စရိုက် ရှိသူများကို အလိုမရှိ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ဘနဖူး သိုက်တူးသူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ဖြစ်စေ ကောက်ကျစ်သောသူများ ယုတ်မာတတ်သော သူများ၊ မရိုးဖြောင့်သူများ၊ လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက် ဖြစ်စေနိုင်သော သူများကို အလိုမရှိပေ။

ထိုလက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် ငြိမ်းချမ်းစွာ နေထိုင်လိုသူတို့ အနှောင့်အယှက်ဖြစ်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် သင့်မြတ်စွာ အတူနေလို သူတို့ စိတ်သောကဖြစ်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် ဘာသာတစ်ခုနှင့် တစ်ခု အကြား ပယောဂဝင်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူများကြောင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား နားလည်မှုတို့ ကွဲလွဲရသည်။ အနည်းငယ်သော လက်တစ်ဆုပ်စာကြောင့် သင့်မြတ် စွာ နေနိုင်သူများ အိုးမဲ့အိမ့်မဲ့ ဖြစ်ရသည်။ ကျီးလန့်စာစားဖြစ်ကြရသည်။ တောပြေး တောင်ပြေး ပြေးကြရသည်။ ဟိုပုန်း ဒီခို နေကြရသည်။ သေသူ သေရသည်။ ကြေသူ ကြေရသည်။
ထို့ကြောင့် ပြဿနာ တစ်ရပ်အား ချဉ်းကပ်ရာတွင် "ဘယ်ဘာသာဝင်တွေကြောင့်" ဟု လက်ညှိုးမထိုးစေလိုဘဲ "ဘယ်လိုသူတွေကြောင့်" ဟုသာ ရှုမြင်စေချင်ပါသည်။ တစ်ဆက်တည်း တင်ပြရလျှင် "အစွန်းရောက် မျိုးချစ်စိတ်သည် ဒီမိုကရေစီ၏ ထောင်ချောက်ဖြစ်သည်" ဆိုသော စကားကို သန်း ၆၀ တို့ သတိပြုစေချင်သည်။

နိဂုံချုပ်အားဖြင့် တင်ပြရလျှင် ယနေ့ကြုံတွေ့နေရသော ပြဿနာ အရပ်ရပ်တွင် ဘာသာရေး ပဋိပက္ခသည် အန္တရာယ် အကြီးဆုံးမီးစ ဖြစ်သည် ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီခရီးအတွက် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့် အလွန်တူသည်။ ပေါက်ကွဲလျှင်လည်း လောင်ကျွမ်းလွယ်သလို၊ ကူးစက်မှုလည်း မြန်နိုင်သည်ဖြစ်ရာ ယင်းမီစ ကို သပ်သပ်ရပ်ရပ် ထိန်းသိမ်းနိုင်ရန် မဟာဗျူဟာ တစ်ခုကို မဖြစ်မနေ စဉ်းစားဖော် ထုတ်ရန်လိုပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ယင်းအတွက် အထောက်အပံ့တစ်ခု ဖြစ်စေရန် အလို့ငှာ ရည်စူး၍ ဤအယူအဆကို ဘာသာရေးပလက်ဖောင်း တစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။ အကယ်၍ ယင်းပလက်ဖောင်းသာ လူတိုင်း လျှောက်နိုင်လောက်အောင် ဖွံ့ဖြိုးလာပါက ကိုးကွယ်မှု မတူသူများပင် ဖြစ်လင့်ကစား ငြိမ်းချမ်းစွာနေလိုသူများ အကြားနားလည်မှု တစ်စုံတစ်ရာ ဖွံ့ဖြိုး လာနိုင်မည် ဖြစ်ပါကြောင်း။
Credit To The Voice Weekly 

Related Articles:

Post a Comment