လမ်းဘေးတက္ကသိုလ် ( ဇေယျ)
ကျွန်တော်တို့မှာ ကံမကောင်း အကြောင်းမလှ၍ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းပညာအထိသာ သင်ကြားခဲ့ရပေသည်။ တက္ကသိုလ်ပညာကို မသင်ကြားခဲ့ရချေ။ဆယ်တန်းပညာကို သင်ကြားခဲ့ရသည်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က ဖြစ်ပေသည်။ ခုနှစ်တန်းအောင်ပြီးနောက် ရှစ်တန်း ကိုးတန်းသို့ ရောက်သည်ဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ အတော်အတန် ဖတ်တတ်လျက် ဥာဏ်လည်း အတော်အသင့် ပွင့်လာပြီဖြစ်၍ စာပေဖတ်ရှုလိုသော စိတ်ဆန္ဒများ ထက်ထက်သန်သန် ပေါ်ပေါက်လာလေသည်။
ထိုစဉ်က ကျွန်တော်တို့ နေခဲ့ရသော ပြည်မြို့မှာ ရန်ကုန်နှင့် မန္တလေးမြို့များမှ လွဲ၍ ရှေ့တန်းကျသော မြို့ကြီးတမြို့ ဖြစ်သော်လည်း လူငယ်လူလတ်များ ဖတ်ရှုရန် စာပေမူကား အလွန်ပင် နည်းပါးလေသည်။ လူအများ ဖတ်ရှုနိုင်သော စာကြည့်တိုက်ဟူ၍ တတိုက်သာရှိရာ ထိုတတိုက်တည်းမှာလည်း ဘုရာ့တကာ၊ ကျောင်းတကာ လူကြီးအနည်းငယ်မျှသာ ၀င်ထွက်ခွင့်ရ၍ ကျွန်တော်တို့ ကျောင်းသားလူငယ်များမှာ အနီးသို့ပင် ကပ်ခွင့် မရကြချေ။ ကျောင်းတွင်းရှိ စာကြည့်တိုက် ဆိုသည်မှာလည်း ဘီရိုတလုံးနှင့် ခေတ်မမီသော အင်္ဂလိပ်စာအုပ် အဟောင်းများသာ ရှိသည့်အပြင် ကျောင်းသားများ ငှားယူဖတ်ရှုခြင်းကို အားမပေးဘဲ အမြဲပိတ်ထားသဖြင့် ကျောင်းသားများ အဖို့မှာ စာကြည့်တိုက်မရှိသည်နှင့် တူနေလေသည်။
အားလပ်ချိန်တွင် ကျောင်းသားများ စုရုံးကြသော ခန်းမကြီးတွင်မူကား ရန်ကုန်ဂေဇက်၊ ရန်ကုန်တိုင်း၊ ဘားမားတိုင်း၊ ဆန်းဒေးတိုင်း စသော အစိုးရကြိုက် အင်္ဂလိပ်သတင်းစာ လေးစောင်နှင့် သူရိယမဂ္ဂဇင်းတစောင်သာ ရှိလေသည်။ အင်္ဂလိပ်သတင်းစာ များကို ကိုးတန်းဆယ်တန်း ကျောင်းသားကြီး လေးငါးယောက်သာ ဖတ်ရှုကြ၍ ကျွန်တော်တို့တသိုက်ကမူကား သူရိယမဂ္ဂဇင်းကို ကြိုက်ကြသည်။ သို့သော် မဂ္ဂဇင်းတစောင်သာရှိလျက် ဖတ်လိုသော ကျောင်းသားက သုံးလေးဆယ် ဖြစ်နေသဖြင့် သူ့ထက်ငါဦး၊ အပြင်းအထန် လုယက်နိုင်မှ ဖတ်ရလေသည်။ ကျွန်တော်မှာ နှစ်လလောက်မှ တစောင်ဖတ်ရလေသည်။
ကျောင်းတွင်း၌ ဤမျှ ဖတ်ရှုဖွယ်ရာ ရှားပါးရာ ကျောင်းပြင်မှာလည်း ပေါပေါများများ ရှိပါသလားဟု ဆိုလျှင် မရှိချေ။ အိမ်များတွင် ကြည့်လျှင် အင်္ဂလိပ်စာအုပ်ဟူ၍ တအုပ်မျှပင် မရှိတတ်ချေ။ မြန်မာစာအုပ်ဆိုလျှင်လည်း ဘုရားရှိခိုး မူဟောင်း၊ သုတသန္နိစ္စယ၊ အိပ်မက်တိတ္ထုံ၊ ကျပင်းတရားစာ စသည်များသာ သုံးလေးအုပ်မျှ ရှိတတ်ပေသည်။ အချို့ စာဖတ်သည်၊ ခေတ်မီသည်ဆိုသော အိမ်များတွင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားသော ဒီပနီစာအုပ် တအုပ်နှစ်အုပ်မျှ ရှိတတ်လေသည်။ ကျောင်းသားအရွယ်နှင့် သင့်လျော်သော စာအုပ်မူကား မရှိသလောက် ဖြစ်လေသည်။ ကျောင်းသားအရွယ် လူငယ်များမှာ မိမိတို့ ဖတ်ရှုနားလည် စိတ်ပါဝင်စားသော ၀တ္ထုများကို ဖတ်လိုကြသည်။ ကျွန်တော်တို့ မှန်မှန်ဖတ်နိုင်သော စာအုပ်မှာ ရက်သတ္တတပတ် တကြိမ် ထုတ်ဝေသော တမတ်တန် ၀တ္ထုစာအုပ်ကလေးများ ဖြစ်လေသည်။ ၎င်းတို့မှာ ဂျာနယ်ယောင်ယောင်၊ မဂ္ဂဇင်းယောင်ယောင်၊ အဆက်နှင့်ထုတ်သော စာအုပ်မျိုး ဖြစ်၍ တပတ်လျှင် ၀တ္ထုတိုတပုဒ်နှင့် 'ဆက်ရန်ရှိသေးသည်' ၀တ္ထုရှည်တပိုင်းသာ ပါဝင်လျက် လက်တ၀ါးစာလောက် ဒီမိုင်းဆိုက်နှင့် စာမျက်နှာ လေးငါးဆယ်မျှသာ ပါရှိသဖြင့် တမနက်မျှပင် မဖတ်ရချေ။
အမှန်အားဖြင့်ဆိုလျှင် ထိုခေတ်က နယ်များ၌ နေထိုင်ရသော ကျောင်းသားလူငယ်များအတွက် စာပေရှားပါး ငတ်မွတ်သောခေတ် ဖြစ်ပေသည်။ဤသို့ နယ်ကျောင်းတွင် စာပေ ငတ်ငတ်မွတ်မွတ် နေခဲ့ရာမှ အင်္ဂလိပ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် ဆယ်တန်းစာမေးပွဲ အောင်ပြီးနောက် ရန်ကုန်သို့ လာရောက်၍ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်ကို စတင် လုပ်ကိုင်ရလေသည်။ ထိုအချိန်မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွါးပြီးနောက် နှစ်နှစ်သာ ရှိပေသေးသည်။ ထိုစစ်ကြီး အတွင်း၌ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း၌ ပါဝင်သော်လည်း စစ်ကြီးမှာ ဥရောပတိုက်နှင့် အာရှတိုက်အနောက်ပိုင်း တူရကီပြည်၊ မက်ဆိုပိုတေးမီးယားပြည်တို့တွင်သာ ဖြစ်ပွါး၍ မြန်မာပြည်သို့ မရောက်သည့်အပြင် စစ်ကြီးကို အကြောင်းပြု၍ ဆန်စပါး၊ ရော်ဘာ၊ ခဲမဖြူ၊ ပဲဖြူကလေး စသော မြန်မာပြည် ထွက်ကုန်ပစ္စည်းများမှာ အရောင်းရလည်း တွင်ကျယ် ဈေးကြီးကြီးလည်း ရသဖြင့် မြန်မာပြည်တလျှာက် တောရောမြို့ပါ ငွေကြေးချောင်လည် သာယာဝပြောလျက် ရှိကြလေသည်။ ကျွန်တော်တို့ ရောက်လာသောအခါ ရန်ကုန်မြို့ကြီးမှာလည်း များစွာပင် ဖွံ့ဖြိုးစည်ကားလျက် ရှိသည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့မှာ ယခုရန်ကုန်မြို့နှင့် နှိုင်းယှဉ်လျင် တောမြို့ကလေးတမြို့လောက်သာ ရှိသေးသော်လည်း မီးလင်းလင်းမျှပင် မမြင်ခဲ့ရ ဖူးသော တောက လူများအတွက်မူကား နတ်ဘုံနတ်နန်းသို့ ရောက်လာသကဲ့သို့ ကြည့်၍မဆုံး၊ ပျော်၍မဆုံး၊ ကြီးကျယ်ခမ်းနား လှသော မြို့ကြီး ဖြစ်ပေသည်။
ရန်ကုန်တွင် ပထမ၀ယ်သော စာအုပ်ရန်ကုန်မြို့သို့ရောက်လျင် ကျွန်တော်တို့မှာ အခြားအရာများထက် စာအုပ်များကို ဂရုစိုက်ကြသည်။ ထိုစဉ်က စာအုပ်ဆိုင်များမှာ ဘားလမ်းရှိ စမတ်အင်မူကာဒမ်၊ ကုန်သည်လမ်းရှိ အမေရိကန်ပုံနှိပ်တိုက်၊ ပန်းဆိုးတန်းရှိ ဖာနင်းဒက် ဟူ၍ သုံးဆိုင်သာ ရှိသည်။ ရိုးကုမ္ပဏီနှင့် ၀ှိက်တဝေးတိုက်များတွင်လည်း စာအုပ်များ ရောင်းသည်။ သို့သော် အနည်းစီသာ ဖြစ်သည့်ပြင် ၀တ္ထုစာအုပ်များသာ ဖြစ်လေသည်။ ကျွန်တော်ရေးသားခဲ့ သော 'မြတ်လေးရွှေဓါးဗိုလ်' ၀တ္ထု၏ မှီးရာဖြစ်သော 'စကားလက်ပင်ပါနယ်' ခေါ် အင်္ဂလိပ်ဝတ္ထုကို ၁၉၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့၊ နေ့လည် ၁၂ နာရီလောက်တွင် ရိုးကုမ္ပဏီတိုက်မှ အဖိုးငွေ ၁ ကျပ်ပေး၍ ၀ယ်ယူရရှိပေသည်။ ကျွန်တော် ရန်ကုန်တွင် ပထမဦးစွာ ၀ယ်သော စာအုပ်ဖြစ်သည်။ဤစာအုပ်ဆိုင်ကြီးများသို့ ရောက်သွားသောအခါ ကျွန်တော်တို့မှာ မမြင်ဖူး၊ မကြားဖူးသော စာအုပ်ကြီး၊ စာအုပ်ငယ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ် စသည်တို့ကို တွေ့မြင်ရသဖြင့် တအံ့တသြကြီး ဖြစ်နေပေသည်။ တခါတရံ ဆိုင်တွင်းသို့ ရောက်မိလျှင် တော်တော်နှင့်ပြန်၍ မထွက်နိုင်ကြချေ။ များ များ ၀ယ်နိုင်ကြသူများ မဟုတ်သော်လည်း ဆိုင်ရှင်များက သဘောကောင်းသဖြင့် ကိုင်တွယ်ကြည့်ရှုလိုသလောက် ကြည့်ရှုခွင့်ရသော ကြောင့် မကြာမကြာ သွားရောက်ကြသည်။
စာအုပ်ဟောင်းဆိုင်များသို့သော် ကျွန်တော်တို့ အကြိုက်ဆုံးကား ညဈေးတန်း လမ်းဘေးတွင် ချ၍ ရောင်းကြသော စာအုပ် အဟောင်းဆိုင်ကလေးများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြိုက်သည်မှာ အခြားကြောင့်မဟုတ်။ ထိုအချိန်က ကျွန်တော်တို့မှာ လခ ၅၀ိမျှသာ ရရှိသေးရာ စာအုပ်အတွက် တလလုံးမှ လေးငါးကျပ်လောက်သာ သုံးစွဲနိုင်ပေ သည်။ အထက်ပါ စာအုပ်ဆိုင်ကြီးများတွင် စာအုပ်သစ်များမှာ အညံ့ဆုံး၊ အပေါဆုံးပင် တအုပ် တကျပ်ကျလောက် ပေးရသည်ဖြစ်ရာ ညဈေးတန်း အဟောင်းဆိုင်ကလေးများတွင်မူကား အိပ်ထဲတမတ်လောက် ပါရှိလျှင်ပင် ကြိုက်ရာစာအုပ် နှစ်အုပ်သုံးအုပ် ရရှိနိုင်ခြင်းကြောင့် ဖြစ်လေသည်။ ၀ယ်နေကျဖြစ်၍ တခါတရံ ပိုက်ဆံမပါလျင် အကြွေးယူလည်း အလွယ်တကူ ရရှိနိုင်လေသည်။
ကျွန်တော် ရန်ကုန်တွင် အလုပ်စ၍၀င်သော ၁၉၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ ညဦး ခြောက်နာရီခွဲလောက်တွင် စစ်ကဲမောင်ထော်လေးလမ်းထိပ် ဆိုင်ကြီးတဆိုင်ဘေးနားတွင် မှီကပ်၍ ရောင်းနေသော စာအုပ်အဟောင်းဆိုင်လေးတဆိုင်မှ မစ္စက်ဟမ်ဖရီဝပ် ရေးသော 'အိစ်လင်း' ခေါ် ခြောက်ပဲနိတန် အပါးစားဝတ္ထုစာအုပ် အဟောင်းတအုပ်၊ ချားလ်စ်ဂါဗစ် ရေးသားသော တသျှီလင်တန် အပါးစား ၀တ္ထု အဟောင်းတအုပ်၊ အင်္ဂလိပ်ကဗျာဆရာကြီး ရှဲလီရေးသားသော ကဗျာစာအုပ်တအုပ် ဤ သုံးအုပ်ကို ငါးပဲမျှနှင့် ၀ယ်ယူခဲ့လေသည်။ ('အိစ်လင်း' ၀တ္ထုမှာ ဆရာကြီးရွှေဥဒေါင်း၏ ထိုခေတ်က ပြိုင်ဘက်မရှိလောက် အောင် ထင်ရှားသော 'ရတနာပုံ' ၀တ္ထုကြီး၏ မှီးရာ ဖြစ်ပေသည်။) ချားလ်စ်ဂါးဗစ်မှာ ထိုခေတ်က အင်္ဂလန်ပြည် တွင် အချစ်ဇာတ်လမ်း ၀တ္ထုများကို ရေးသားရာ၌ တုဘက်ပြိုင်ဘက်မရှိ၊ လူကြိုက်အများဆုံး ၀တ္ထုရေးဆရာကြီး ဖြစ်သည်။ ဆရာကြီး ပီမိုးနင်း၏ လက်စွဲကြီးဖြစ်သည်။ ကျွန်တော်တို့လည်း ထိုဆရာကြီး၏ ၀တ္ထုများကို အထူးအားကိုးသည်။
ထိုစဉ်က ညဈေးတန်းတွင် စာအုပ်အဟောင်းဆိုင်များမှာ စနစ်တကျ မရှိသေးချေ။ အခြားအလုပ်မရှိ၊ အရင်းအနှီးကင်းမဲ့နေသော ဒုက္ခသည် ကျူလီယာသုံးလေးယောက် စသည်တို့၏ ရမိရရာ တပါးသူပစ်ထားသော စာအုပ်စုတ် စာအုပ်ဟောင်းလေးများကို တပဲနှစ်ပြားပေး၍ ယူခဲ့ပြီးလျှင် ဆိုင်ကြိုဆိုင်ကြား နေရာလွတ်များတွင် အခင်းမျှပင်မရှိ၊ လူသွားစင်္ကြန်ပေါ်တွင် ချ၍ ရောင်းချနေကြလေသည်။ ၎င်းတို့မှာလည်း များများမရှိ၊ မဂ္ဂဇင်းဟောင်း၊ စာအုပ်ဟောင်း အနည်းငယ်မျှသာ ရှိလေသည်။ ရောင်းသောဈေးနှုန်းမှာလည်း မေးလိုက်လျှင် နားလည်သယောင်ယောင်ပြု၍ ငါးမူးတကျပ်က စ၍ဆိုသည်။ သို့သော် 'ဟေ့ ပိုက်ဆံ မပါဘူး၊ တပဲပဲ ရှိတယ်' ပြောလျှင် တပဲမျှပင် ယူလိုက်လေသည်။
ထိုမျှမကသေး၊ အင်္ဂလိပ်စာအုပ်များတွင် တခါတရံ မြန်မာစာအုပ်များ ရောနှော၍ ပါလာတတ်လေသည်။ သက္ကရာဇ် ၁၂၅၀ လောက်မှစ၍ ခေတ်စားလျက် ကျွန်တော်တို့ ရန်ကုန်ရောက်သည့်အချိန်တွင် ကွယ်ပျောက်နေပြီ ဖြစ်သော ရှေးနံပါတ် ၈၀၊ နံပါတ် ၆၀ ဇာတ်စာအုပ်ကလေးများကို ထိုဆိုင်ကလေးများ မှာမှပင် ရရှိတတ်လေသည်။ ယင်းဆိုင်ကလေးများတွင် ရှာဖွေ ၀ယ်ယူရခြင်းဖြင့် ကျွန်တော်တို့မှ ရှေးက မကြုံဘူး မကြားဘူးသော အင်္ဂလိပ်စာအုပ်၊ မြန်မာစာအုပ်များကို ကိုယ်တတ်နိုင်သော အဖိုးနှုန်းထားဖြင့် ပေါပေါများများရှိကြ၍ ကျွန်တော်တို့မှာ ၀တ္ထုဖတ်သော အဆင့်အတန်းမှ ကဗျာ၊ ရာဇ၀င်၊ အတ္ထုပ္ပတ္တိ၊ ပြဇာတ်၊ ဘာသာဝါဒ၊ နိုင်ငံရေး စသော အမြင်ကျယ်မှု အဆင့်အတန်းသို့ တဖြည်းဖြည်း တက်ခဲ့ကြလေသည်။သို့သော်လည်း တနှစ်လောက်ကြာသောအခါ ထိုသို့ ရတတ်တစု မြေကြီးတွင်ပုံ၍ ရောင်းသော စာအုပ်ဟောင်းကလေးများလောက်နှင့် မကျေနပ်တော့ချေ။
တနေ့သောအခါ ညဈေးတန်း ၃၄ လမ်းထိပ်ဝ၊ လမ်းအစွန်း သူတပါး၏ ဆိုင်မှ မီးရောင်ကို ခိုကပ်၍ ဗန်းကလေးနှင့် ချ၍ရောင်းနေသော မာရီကား အမည်ရှိသော ကျူလီယာကုလားကြီးတဦးနှင့် တွေ့လေသည်။ ၎င်း၏ ဗန်းကလေးထဲတွင် အင်္ဂလိပ်စာအုပ် အဟောင်းကလေး ဆယ်အုပ်လောက်သာ ရှိသည်။ ထိုဗန်းကလေးထဲမှ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ လောက်က ပုံနှိပ်သော အက်ဒ၀ပ်ဂစ်ဘွန်း ရေးသားသည့် ရောမရာဇ၀င်ကြီးပထမတွဲ တတွဲကို ပိုက်ဆံတမတ်နှင့် ရရှိခဲ့လေသည်။ ထိုစာအုပ်မှာ နာမည်ကြီးစာအုပ်ဖြစ်လျက် ကျွန်တော့်အတွက် တတိယတွဲ စသဖြင့် ရဦးမည်လားဟု ထိုကုလားကြီး၏ ဗန်းကလေးကို နေ့တိုင်း သွားကြည့်လေသည်။ သို့သော် ထိုကုလားကြီး၏ ဆိုင်မှာ တိုးတက်ခြင်း မရှိ။ တခါတရံ ဗန်းကလေးထဲတွင် စာအုပ်လေးငါးအုပ်လောက်သာ ရှိလေသည်။
ဗန်းကလေးမှ ဆိုင်တဆိုင်သို့တနေ့သော် ကျွန်တော်က ဒီလိုရောင်းနေလို့ မဖြစ်ဘူး။ စာအုပ်များများရအောင် ရှိမှပေါ့ဟု ပြောရာ ကုလားကြီးက ဘယ်မှာရနိုင်သလဲ၊ မရှာတတ်ဘူးဟု ပြောလေသည်။ ကျွန်တော်က လက်ထဲမှာ ငွေ သုံးလေးကျပ်ဆောင်သွား၊ အင်္ဂလိပ်တွေ များများနေသည့် ယောက်လမ်း၊ လန်ကတ်စတာလမ်း၊ ပြည်လမ်း၊ ပဲခူးကလပ် စသည်တို့ကို သွား၊ နောက်ဖေးပေါက်က၀င်၊ အစေခံကုလားများထံမေး၊ အင်္ဂလိပ်များသည် မဂ္ဂဇင်းများ၊ စာအုပ်များကို ဖတ်ပြီးလျှင် စွန့်ပစ်တတ်ကြသည်။ အင်္ဂလိပ်များ စွန့်ပစ်လိုက်သော စာအုပ်ဟောင်း များကို အစေခံများက ကောက်ယူထားတတ်ကြသည်။ သူတို့ထံမှ ၀ယ်ဟု အကြံပေးလေသည်။
ထိုနေ့မှစ၍ ကုလားကြီးလည်း ကျွန်တော် အကြံပေးသည့်အတိုင်း လှည့်လည်ရာ နေ့စဉ်နေ့တိုင်း စာအုပ်အဟောင်း တော်တော်များများ ရရှိလေသည်။ အတန်ကြာသောအခါ ကိုယ်တိုင်လှည့်လည်၍ပင် မနေရတော့ဘဲ အစေခံကုလားများက ဆိုင်အရောက် လာ၍ပို့ကြသဖြင့် မာရီကားမှာ ဗန်းကလေးနှင့် လမ်းပေါ်တွင် ချရောင်းရသော ဘ၀မှ ဆိုင်တဆိုင် တည်းခင်းရောင်းချနိုင်သော ဘ၀သို့ ရောက်ရှိလေသည်။ ကျွန်တော်တို့မှာလည်း လေးကျပ်ခွဲ ငါးကျပ်အထိ ပေးရသဖြင့် မ၀ယ်နိုင် မဖတ်နိုင်သော 'အီဒင်းဘရား-ရီဗျူး' 'ကွာတာလီ-ရီဗျူး' စသော သုံးလတကြိမ်ထုတ် နာမည်ကျော်မဂ္ဂဇင်းကြီးများကိုပင် တမတ်၊ ငါးပဲနှင့် ရရှိသဖြင့် တွင်တွင်ကြီး ဖတ်ရှုနိုင်လေတော့သည်။
ထို့နောက် စာအုပ်အဟောင်းဆိုင်များ တရွေ့ရွေ့ တိုးတက်လာ၍ ၁၉၂၇ ခုနှစ်လောက်သို့ ရောက်သော အခါ ညဈေးတန်းတွင်သာ မဟုတ်တော့ဘဲ ယခု ဗိုလ်ချုပ်လမ်းဟုခေါ်သော မောင်ဂိုမာရီလမ်းမကြီးတလျှောက် စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ မဂိုလမ်း( ရွှေဘုံသာလမ်း)အထိ ဆိုင်ပေါင်းများစွာ တိုးတက်လာလေသည်။ကျွန်တော်တို့ကဲ့သို့ ကံမကောင်း အကြောင်းမလှသဖြင့် တက္ကသိုလ်သို့ မရောက်ရသူတို့အဖို့ တက္ကသိုလ်တွင်မှ ရနိုင်သော စာပေဗဟုသုတ အမြင်ကျယ်မှုများကို ကိုယ်တတ်နိုင်သလောက်သော ငွေကလေး ဖြင့် ထို စာအုပ်အဟောင်းဆိုင်ကလေးများမှ ရရှိခဲ့ကြပေသည်။ စင်စစ်အားဖြင့် စာအုပ်အဟောင်းဆိုင်ကလေး များသည် ဆင်းရဲသားများ၏ တက္ကသိုလ် ဖြစ်၏။ သူတို့၏ ကျေးဇူးကား ကြီးပေစွ။ သူတို့သာ မရှိခဲ့ပါမူ ကျွန်တော်တို့မှာ ဗဟုသုတ ကျယ်ဝန်းစွာ ရှာမှီးခွင့် ရကြမည် မဟုတ်။ ရှေ့သို့ တိုးလေတိုးလေ စာအုပ်ဟောင်းဆိုင် ကလေးများ၏ ကျေးဇူး မည်မျှကြီးမားကြောင်းကို သိလေလေ ဖြစ်ပေသည်။
ဇေယျ
[ရှုမ၀မဂ္ဂဇင်း၊ အတွဲ ၁၂ အမှတ် ၁၃၃၊ ဇွန်၊ ၁၉၅၈]
ကူးယူဖော်ပြသည်။
Post a Comment