ဤ
ဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲတွေကား များလှပေတော့သည်။
မင်းတိုင်ပင်ရွေးကောက်ပွဲ၊ မြူနီစီပယ်ရွေးကောက်ပွဲ၊
ဒိစတြိတ်ကောင်စီရွေးကောက်ပွဲ၊ သူကြီးရွေးကောက်ပွဲ၊
ကျေးရွာကော်မတီရွေးကောက်ပွဲ။ များလိုက်သည့် ရွေးကောက်ပွဲတွေ ရေတွက်၍ပင်
မကုန်နိုင်ပြီ။
ယခုရေးသားမည့် ရွေးကောက်ပွဲကား သူကြီးရွေးကောက်ပွဲ ဖြစ်လေသည်။ မည်သည့်ရွာက သူကြီးရွေးကောက်ပွဲ ပေနည်း။ လင်းလွန်းပင်ရွာက သူကြီးရွေးကောက်ပွဲ ဖြစ်လေသည်။
လင်းလွန်းပင်သူကြီး ဦးဖိုးဆောင်ကား လူဆိုးဒမြတို့ကို ကြောက်သောကြောင့် သူကြီးအလုပ်က နုတ်ထွက်သည်မှာ ၂ လခန့် ကြာလေပြီ။ သူ၏သား မောင်သာပန်းက ရွာကို ခေတ္တခဏ အုပ်ချုပ်လျက် နေ၏။ ရွေးကောက်ပွဲတွေ ထွန်းကားနေသော ခေတ်ကြီးထဲတွင် သူကြီးရွေးကောက်ပွဲကို ပြုလုပ်ရပေမည်။ ရှေးခေတ်ကမူကား သူကြီးသားမှာ မပင်ပန်းဘဲ သူကြီးဖြစ်သွားမည်မှာ မုချပင်။
လင်းလွန်းပင်ရွာတွင် ကျွက်စီကျွက်စီ ဖြစ်လျက်နေလေပြီ။ မောင်ရွှေကျေးကလည်း အရွေးခံမည်ဟု အများက ပြောနေကြလေသည်။ ဟုတ်မှန်စရာ အကြောင်းရှိ၏။ မောင်ရွှေကျေးကား အင်းသားကြီး ဖြစ်လေသည်။ ပစ္စည်း ခိုင်လုံ၏။ အသောက်အစား ကင်း၏။ လူရည် လည်၏။ သို့ရာတွင် ရွာသားများနှင့် မသင့်ဟု ပြောသံ ကြားရလေသည်။ ရွေးကောက်ပွဲ ခေတ်စားနေသော အခါတွင် ရွာသားများနှင့် မသင့်လျှင် အဘယ်မျှပင် အရည်အချင်း ရှိစေကာမူ ရွာသူကြီးဖြစ်ရန် ခဲယဉ်း၏။
မောင်သာပန်းကား သူကြီးသား ဖြစ်၏။ သူကြီးသား ဖြစ်သောကြောင့် မျက်နှာရှိပြီးသား ဖြစ်လေသည်။ သူကြီးဟောင်း ဦးဖိုးဆောင်မှာလည်း ကျေးရွာအုပ်ချုပ်ခြင်းတွင် ညံ့၏။ အခွန်ကောက်ခံခြင်းတွင် ဖျင်း၏။ တရားစီရင်ခြင်းတွင် ဘာတစ်ခုမျှ မတတ်။ သို့သော် ရွာသားတို့၏ မျက်စိနှင့် ကြည့်လျှင် ဦးဖိုးဆောင်မှာ သူကြီး၏ အရည်အချင်းများနှင့် များစွာ ပြည့်စုံသောသူတစ်ယောက် ဖြစ်လျက်နေ၏။ သူကြီးညံ့လေ ရွာသားကြိုက်လေ နှစ်သက်လေ မြတ်နိုးလေပင်။
မောင်ရွှေကျေးဘက်မှ လူများနှင့် မောင်သာပန်းဘက်မှ လူများ အလုပ်ရှုပ်နေကြလေပြီ။ သူ့ဘက် မဲပြားထည့်ပါ၊ ငါ့ဘက် မဲပြားထည့်ပါနှင့် ဟောပြောနေကြကုန်၏။ မင်းတိုင်ပင်ရွေးကောက်ပွဲတုန်းကထက်ပင် အရေးကြီးကြလေသည်။ တစ်ရွာလုံး ဆူညံဆူညံ၊ ကျွက်စီကျွက်စီ ဖြစ်နေကြပြီ။
ဆယ်အိမ်ခေါင်း ဦးဘမောင်က မောင်သာပန်း ဘက်က တိုက်တွန်း၏။ ကျေးရွာကော်မီတီ ဦးထွန်းအောင်က မောင်ရွှေကျေး ဘက်မှ အားပေးလေသည်။ သူတို့နှစ်ယောက် လယ်ထွန်ရာတွင် စကားများရာက ထိုးကြသတ်ကြကုန်၏။ နှစ်ယောက်စလုံး ဖူးဖူးယောင်ယောင် ဖြစ်ကုန်ကြလေပြီ။ ဦးဘမောင် အိပ်ရာမှ မထနိုင်သည်မှာ ၄ ရက်မှ ကြာ၏။ ဦးထွန်းအောင် ဖျားနေသည်မှာ ၆ ရက်ခန့် ကြာလေသည်။
တစ်နေ့သော် လင်းလွန်းပင်ရွာသို့ သမ္ဗာန်ပြာတာ မောင်စု ရောက်၍ လာလေသည်။ မောင်စု၏ လက်ထဲ၌ ၀ါဆိုလဆန်း ၈ ရက်နေ့တွင် သူကြီးရွေးကောက်ပွဲကို ကျင်းပမည် ဟူသော နယ်ပိုင်မင်း၏ အမိန့်ပါလာ၏။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ တစ်စောင်စီ ရကြလေသည်။ မောင်စုလည်း မောင်သာပန်း၏ အိမ်တွင် ဟိုပြော၊ သည်ပြောနှင့် ထမင်းဝအောင် စားသွားလေသည်။ ဆေးလိပ်တွေကိုလည်း နှိုက်ယူသွားသေး၏။ အလွန်ညစ်သော သမ္ဗာန်ပြာတာတွေ ပါတကား။
ထိုနေ့တွင် တစ်ရွာလုံး ဆူနေတော့၏။ လယ်ထွန်ရာမှာလည်း ရွေးကောက်ပွဲ၊ ကြက်ဝိုင်းတွင်လည်း ရွေးကောက်ပွဲ၊ ငါးမျှားရာမှာလည်း ရွေးကောက်ပွဲ၊ ရွာ့ရေတွင်းမှာလည်း ရွေးကောက်ပွဲ၊ ဦးရာဇိန္ဒကျောင်းမှာလည်း ရွေးကောက်ပွဲ၊ ဥပုသ်ဇရပ်တွင်လည်း ရွေးကောက်ပွဲ။ ရွေးကောက်ပွဲ အကြောင်းကိုသာလျှင် တစ်ရွာလုံး ပြောကြားနေကြလေသည်။
ထိုရွေးကောက်ပွဲမှာ လင်းလွန်းပင် ရွာသူရွာသားတို့အဖို့ အလွန်ပင် အရေးကြီးပေ၏။ မြန်မာပြည်သို့ ဘုရင်ခံ အသစ်တစ်ပါး ရောက်လာသည်မှာ သူတို့အတွက် အရေးမကြီး။ အိန္ဒိယပြည်တွင် ဘုရင်ခံချုပ်ကြီးတွေ ပြောင်းလဲသွားသည်မှာ သူတို့အတွက် အရေးမကြီး။ အင်္ဂလန်ပြည်တွင် နန်းရင်းဝန်ကြီးတွေ ပြောင်းလဲသည်မှာ သူတို့အတွက် အရေးမကြီး။ သူတို့ရွာမှာ သူကြီးအသစ် လဲသည်ကသာ အရေးကြီးလေသည်။
ယနေ့ကား ၀ါဆိုလဆန်း ၈ ရက်နေ့တည်း။ တစ်ရွာလုံးရှိ ရွာသူရွာသားတို့ အလုပ် မဆင်ကြတော့ပြီ။ နွားများ အားလပ်ခွင့် ရကြကုန်၏။ ငါးများ ချမ်းသာခွင့် ရကြကုန်၏။
မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ကား တစ်ညလုံး အိပ် မပျော်ကြချေ။ နံနက် ၄ နာရီ အချိန်တွင် အိပ်ရာမှ ထကြပြီးလျှင် အမျိုးမျိုး စီမံလျက် နေကြလေသည်။ ခပ်လှမ်းလှမ်းမှ လာကြသော မဲဆန္ဒရှင်တို့အား ထမင်းကျွေးရန် စီမံကြ၏။ သို့သော် မဲဆန္ဒကို မတရား ၀ယ်ယူသည်ဟု တစ်ဖက်က လျှောက်ထားလျှင် ခက်လေတော့မည်။ မခက်ပါ။ ထိုနေ့တွင် ရဟန်းတော်တို့အား ဆွမ်းကျွေးသည်ဟု ဆိုကာ ၀ိနည်းရှောင်က လွယ်၏။ ဆွမ်းကျွေးကာ တရားနာခြင်းသည် မတရား လက်ဆောင်ထိုးသည် မဟုတ်။ မည်သူမျှ မတားနိုင်။ ကုသိုလ်လုပ်ခြင်းနှင့် မဲဝယ်ခြင်းသည် မည်သို့မျှ မသက်ဆိုင်။ နယ်ပိုင်လည်း စွပ်စွဲနိုင်မည် မဟုတ်။ ဤသို့ ရဟန်းတော်များကို ဆွမ်းကျွေးလျှင် ရွာသူရွာသားတို့ကိုပါ ကျွေးမွေးသည်မှာ ထုံးစံဖြစ်လေသည်။ ထိုသို့ ကျွေးမွေးသည်ကို မဲဝယ်သည်ဟူ၍ မည်သူဆိုနိုင်အံ့နည်း။
ထိုနေ့တွင် ရွှေကျေးအိမ်၌ ဆွမ်းကျွေးပွဲ တစ်ပွဲ၊ သားပန်း အိမ်၌လည်း ဆွမ်းကျွေးပွဲ တစ်ပွဲ ပြုလုပ်ကြလေသည်။ ဉာဏ်များသော ပုဂ္ဂိုလ်တို့ပေတည်း။ ၂ အိမ်လုံးမှာ လူစည်ကားလျက်ပင်။
၁၀ နာရီ ထိုးပြီ။ ဘုန်းတော်ကြီး ဦးရာဇိန္ဒ ကျောင်းဝိုင်း အပြင်ဘက် ဇရပ်တွင် ရွေးကောက်ပွဲ ကျင်းပရာ နေရာများကို ပြင်ဆင်ကြကုန်၏။ မဲပုံးများထားရာ မဲရုံကလေးကိုလည်း စီမံထားကြလေသည်။
လူပျိုခေါင်း မောင်ကာလီတို့ အုပ်စုကား မောင်ရွှေကျေး၏ အိမ်တွင် ထမင်းစားရန် သွားကြကုန်၏။ ထမင်းစားရုံမျှမက လက်ဘက်ရည်တို့ ကွမ်းယာတို့လည်း ဗိုက်ကားအောင် စားသောက်ခဲ့ကြသေးသည်။ ထိုမျှမကသေး မဲ တစ်မဲလျှင် ငွေတစ်ကျပ်ကျ ပေမည်ဆိုက မဲ လိုသလောက်ရအောင် လုပ်ပေးနိုင်သည် ဟူ၍လည်း ဆိုသေး၏။ မောင်ကာလီ အပြောကောင်းသောကြောင့် မောင်ရွှေကျေး၏ သေတ္တာထဲမှ ငွေ ၂၀ ကျပ် ထွက်လေပြီ။
၁၁ နာရီထိုးသော် မောင်လူအေးနှင့် သူ၏စာရေး မောင်ဖျန်စိန်တို့ ရောက်လာကြကုန်၏။ ရွေးကောက်ပွဲ ကျင်းပရာ ဇရပ်သို့ ခြေဦးလှည့်ကြလေသည်။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့လည်း ခရီးဦးကြိုပြုကာ နောက်မှ လိုက်လာကြကုန်၏။ ရွာထဲတွင် ရှိကြသော ရွာသူရွာသား ကလေးများပါ မကျန် ရွေးကောက်ပွဲ ကျင်းပရာ ဇရပ်သို့ လိုက်ပါလာကြလေသတည်း။
ဇရပ်သို့ ရောက်ကြသောအခါ ဇရပ် ပတ်ဝန်းကျင်တွင် ဆူညံဆူညံနှင့် နေကြ၏။ တစ်ကျွန်းပြန် ဦးသာအေးကား အရက်မူးပြီးလျှင် ဟိုပြော၊ သည်ပြောနှင့် လုပ်နေလေ၏။ တစ်ကျွန်းပြန် တည်းဟူသော ဘွဲ့ထူးကြီးကို ရထားသူ ဖြစ်သောကြောင့် ရွာထဲတွင် တံခွန်မှန်ကင်းကဲ့သို့ ထောင်လွှားခြင်း ပြုလျက် နေ၏။ မောင်ရွှေကျေး၏ ပုံးထဲ ခဲပြား မထည့်သူအား မှတ်ထားမည်ဟု ဆိုလေသည်။ သို့သော် ခဲပြားထည့်သည်ကို မည်သူမျှ မမြင်နိုင်အောင် မဲပုံးများထားရာ ရုံကလေးကို အလုံ ကာထားသောကြောင့် ဤသို့ မှတ်ထားရန် ခဲယဉ်းလှပေသည်။
ဦးသာအေး နှောင့်ယှက်သည်ကို မခံနိုင်ရှာသော မောင်သာပန်းက နယ်ပိုင်အား တိုင်ကြားလေသည်။ တစ်ကျွန်းပြန် ဦးသာအေး နယ်ပိုင်ရှေ့သို ရောက်လေပြီ။ မူးနေ၏။ ငြိမ်ငြိမ်သက်သက် မနေလျှင် ခေတ္တသူကြီး မောင်သာပန်း၏ နေအိမ်တွင် ၂၄ နာရီ ချုပ်ထားမည်ဟု ပြောလိုက်တော့မှ ဦးသာအေး ငြိမ်သွားသတည်း။ တစ်ကျွန်းပြန်ပေမင့် ၂၄ နာရီ အချုပ်ကိုကား ကြောက်လှပေ၏။ ဦးသာအေး၏ ကိစ္စ ပြီးသွားလေပြီ။ ရွေးကောက်ပွဲ ကျင်းပရန်သာ လိုတော့၏။
နေပါဦး။ နေပါဦး။ စစ်ကွင်းသူကြီးမင်းသည် လျှောက်လွှာတစ်စောင်ကို ကိုင်ကာ နယ်ပိုင်နားမှာ ရပ်နေပြန်ပြီ။ အဘယ်သို့သော လျှောက်လွှာပါနည်း။ မိမိအား အထူးအာဏာကို ပေးရန် လျှောက်ထားသော လျှောက်လွှာ ဖြစ်လေသည်။ အရေးပိုင်မင်းထံ အစီရင်ခံစာ ရေးမည်ဟု ပြောပြီးလျှင် ရွေးကောက်ပွဲကို စမည် ပြု၏။ စ၍ မရသေး။ ဇလုပ်ကြီး ရွာသူကြီး မောင်သာလင်းသည် လျှောက်လွှာ တစ်စောင်နှင့် သူ့နေရာမှ ထလာပြန်၏။ ခြောက်လုံးပူး သေနတ်ဆုကို ပေးရန် လျှောက်လွှာ ဖြစ်လေသည်။ ဆုများ အကြောင်း ရေးသည့်အခါ စဉ်းစားမည်ဟု ပြောပြီးလျှင် လျှောက်လွှာကို စားပွဲပေါ်၌ တင်ထားလိုက်လေသည်။
ရွေးကောက်ပွဲကို အကယ်ပင် စတော့မည်။ အဘယ်မှာလျှင် စ၍ ရသေးအံ့နည်း။ ကျေးရွာကော်မီတီ မောင်လူကြီးသည် ထောင့် တစ်ထောင့်မှ ထ၍ လာပြန်၏။ ရွာမြေ အသစ် ရှာပေးရန် လျှောက်လွှာ ဖြစ်လေသည်။ ရွေးကောက်ပွဲ လုပ်ရာမှာ သူတို့တွေက တစ်မှု။ အလွန် ရှုပ်ပွေလှပေ၏။ မောင်လူအေး စိတ် မရှည်တော့ပြီ။ လျှောက်စရာရှိလျှင် ရွေးကောက်ပွဲပြီးမှ လျှောက်နိုင်၏ ဟု ပြောလိုက်တော့မှ အေးသွားလေတော့သတည်း။
လျှောက်လွှာ ကိစ္စတွေကာား ပြီးသွားလေပြီ။ ရွေးကောက်ပွဲကို စရန်သာ လိုတော့၏။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့၏ အရည်အချင်းများကို စစ်ဆေးပြီးလျှင် မောင်သာပန်းအား ပုံးအနီ၊ မောင်ရွှေကျေးအား ပုံအစိမ်းတို့ကို ပေးလေသည်။ မောင်လူအေးက ပရိသတ်ကြီးအား မောင်သာပန်းကို သဘောကျလျှင် ပုံးအနီထဲတွင် ခဲပြားထည့်ကြပါ။ မောင်ရွှေကျေးကို သဘောကျလျှင် ပုံးအစိမ်းထဲတွင် ခဲပြားထည့်ကြပါဟု ပြောကြား၏။ အားလုံး တိတ်လျက် နားထောင်နေကြလေသည်။
မောင်သာပန်း အနီ၊ မောင်ရွှေကျေး အစိမ်း။
မောင်ရွှေကျေး အစိမ်း၊ မောင်သာပန်း အနီ။
ထိုခဏတွင် အနီ အစိမ်း၊ အစိမ်း အနီ ဆိုသော အသံများ အပြင် မည်သည့် အသံကိုမျှ မကြားရချေ။
ဆယ်အိမ်ခေါင်း ဦးလူမောင်က ချောင် တစ်ချောင်မှ ထ၍ “မောင်သာပန်းက ရဲရင့်လို့ နီသဗျ။ ကျေးငှက်ရဲ့ အမွှေးအတောင်က စိမ်းလို့ မောင်ရွှေကျေးက စိမ်းသဗျ။ ဘာမှ မှားစရာ မရှိဘူး” ဟု ဆို၏။
“ခင်ဗျားတို့ရဲ့ ကျေးငှက်ကို ကျုပ်တို့ လေးတစ်ချက်တည်းနဲ့ ခွင်းမယ်ဗျ” ဟူ၍ ကော်မီတီ ဦးဒါလီက ဆိုလေသည်။
ပရိသတ်ကြီးလည်း အတောမသတ်အောင် ရယ်ကြလေသတည်း။
မောင်လူအေးသည် ပုံစိမ်းနှင့် ပုံးနီတို့ကို မဲဆန္ဒရုံကလေး အထဲတွင် သွား၍ ထားပြီးနောက် လူခွန်စာရင်းကို ဖွင့်ကာ “မောင်ကာလီ” ဟု ခေါ်လိုက်၏။ မောင်ကာလီ တက်၍ လာလေပြီ။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ နှစ်ယောက်လုံး သူ့ကို ပြုံး၍ ကြည့်ကြလေသည်။
မောင်ကာလီ၏ ပုံပန်းကို ကြည့်ကြပါဦး။ မန္တလေးလုံချည် အသစ်ကို ၀တ်၊ လက်နှီးရောင် ခေါင်းပေါင်းကို ပေါင်းထား၏။ အင်္ကျီကား မရှိပေ။ ဗွက်ဖိနပ်တစ်ရံကို လက်တစ်ဖက်က ကိုင်၊ လက်တစ်ဖက်တွင်ကား ထီး။ ရှုပ်ပွေ၍ နေလေတော့သည်။ စိတ်ရှုပ်စရာ လွန်စွာ ကောင်း၏။ သို့သော် ရွာသူရွာသားတို့ကမူကား မောင်ကာလီမှာ အလွန် ဂိုက်ကျသည်ဟု တီးတိုးစကား ပြောကြားနေကြလေသည်။ မောင်ကာလီးကား ပြုံးပြုံး ပြုံးပြုံးနှင့် ၀င်လာ၏။
မောင်လူအေး၏ အနီးသို့ ရောက်လျှင် ရပ်လျက် နေလေသည်။ မောင်လူအေးကလည်း မေးစရာ ရှိသည်တို့ကို မေး၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေးပြီးလျှင် ခဲပြားတစ်ပြားကို လှမ်း၍ ပေး၏။ လှမ်းယူရန် မောင်ကာလီတွင် လက်ပို မပါ။ လက်နှစ်ဖက်စလုံး မအားရှာပေ။ ပရိသတ်ကြီးက ၀ါးခနဲ ရယ်ကြပြန်လေသည်။ နောက်မှ ဗွက်ဖိနပ်များကို ပုခုံးတွင် ချိတ်ကာ ခဲပြားကို လှမ်း၍ ယူ၏။ ပရိသတ်ကြီးလည်း အတောမသတ်အောင် ရယ်လေတော့သတည်း။
မောင်ကာလီ မဲဆန္ဒရုံမှ ထွက်လာလေပြီ။ မောင်ရွှေကျေးကား သူ့ပုံးထဲ မဲထည့်ခဲ့သည်ဟု ထင်၏။ မောင်သာပန်းကလည်း သူ့ပုံထဲ ထည့်ခဲ့သည်ဟု ထင်မှတ်လေ၏။ မောင်ကာလီကား မောင်ရွှေကျေးထံမှ ငွေနှစ်ဆယ်၊ မောင်သာပန်းထံမှ ငွေနှစ်ဆယ် ရပြီးလေပြီ။ အလွန် အလှော်ကောင်းသော မောင်ကာလီ ပါတကား။
လူခွန်စာရင်းတွင် ပါသောသူတို့အား တစ်ယောက်ပြီးလျှင် တစ်ယောက်ကို ခေါ်လေရာ လူနှစ်ဆယ်ခန့် ဆန္ဒပေးပြီးလေပြီ။ ထို့နောက် မောင်လူအေးက “မြွေဟောက်” ဟု ခေါ်လိုက်ရာ လူအများ ရယ်ကြပြန်၏။ “မြွေဟောက်” ဆိုသူသည် အဘယ်သို့သော သူနည်းဟု သိလို၍ မောင်လူအေး လှမ်း၍ ကြည့်လေသည်။
ဟော ဟော၊ “မြွေဟောက်” ၀င်လာလေပြီ။ အက်ႌ မပါ။ ခေါင်းပေါင်းလည်း မရှိ။ မျက်နှာသုတ်ပ၀ါ ညစ်ပေပေကို လုံချည်လုပ်၍ ၀တ်လာရရှာလေသည်။ လွန်စွာ့ လွန်စွာမှပင် ဆန်းရဲဟန် တူ၏။ မောင်လူအေး သနားမိလေသည်။ သို့သော် “မြွေဟောက်”ကား အရယ်ပင် မပျက်။ ရွာသားတို့ကလည်း ရယ်လျက်ပင်။ သတ္တ၀ါတို့၏ ဓမ္မတာ ဖြစ်လေရာမှာ ပျော်စမြဲဖြစ်သည်ဟု မောင်လူအေး တွေးတောမိပြန်လေသည်။
“မြွေဟောက်” မဲဆန္ဒရုံ အတွင်းမှ ပြန်ထွက်လာသောအခါ “ဟေ့ သာပန်း၊ မင့်ပုံးထဲမှာ ထည့်သကွဲ့” ဟု ဆိုကာ ဆင်းသွားလေသတည်း။ ကြားရသူတို့လည်း ရယ်လျက် ကျန်ရစ်ကြလေသည်။
“မြွေဟောက်” မဲထည့်ပြီးနောက် ရယ်စရာအချက် မပေါ်သေးပေ။ လူပေါင်း ၉၀ ကျော် မဲပေးပြီးလေပြီ။ ၃ – ၄ ယောက်လောက်သာ ကျန်တော့၏။ လူခွန်စာရင်းတွင် နောက်ဆုံးအမည်ကား “ကဇန်း” ဖြစ်သည်။ “ကဇန်း” ဟူ၍ မောင်လူအေး ခေါ်လိုက်ရာ ရွာသူရွာသားတို့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ပြန်၏။ ဟိုကြည့် သည်ကြည့် လုပ်ကြပြန်၏။ အဘယ်ကြောင့်ပါလိမ့်။ ထူးဆန်းသောကြောင့် ဖြစ်ဟန်တူသည်။
ဟော ဟိုမှာ ကြည့်လော့။ လူနှစ်ယောက် တက်လာကြလေပြီ။ တစ်ယောက်ကား ရှေ့က၊ တစ်ယောက်မှာ နောက်က လိုက်လာလေသည်။ ရှေ့လူက နောက်လူကို တွဲ၍ လာခြင်း ဖြစ်သည်။ “ကဇန်း” မျက်စိကွယ်သွားသည်မှာ လေးလမျှသာ ကြာသေးသည်။
“ကဇန်း” မိမိ အနားသို့ ရောက်လျှင် မောင်လူအေးက “ဘယ်သူ့ မဲပုံးထဲ ထည့်ချင်သလဲ” ဟု မေး၏။
“မောင်သာပန်း ပုံးထဲ ထည့်ချင်တယ်” ဟု ဖြေလေသည်။
မောင်လူအေး ကိုယ်တိုင် မဲဆန္ဒရုံထဲသို့ ၀င်ကာ ခဲပြားကို မောင်သာပန်း၏ ပုံးထဲသို့ “ကဇန်း” အစား ထည့်ပေးရ၏။
“ကဇန်း” တို့ ဆင်းသွားလျှင် မဲဆန္ဒပေးသော ကိစ္စကြီး ပြီးသွားလေတော့သတည်း။
မောင်လူအေးလည်း မောင်သာပန်းနှင့် မောင်ရွှေကျေးတို့အား မေးစရာ ရှိသည်တို့ကို မေး၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေး၏။ အုပ်စုသူကြီးတို့အားလည်း စစ်ဆေးလေသည်။
ဤသို့ စစ်ဆေးပြီးလျှင် ပုံးစိမ်းနှင့် ပုံးနီတို့ကို မဲဆန္ဒရုံကလေး အထဲမှ ယူထုတ်ပြီးလျှင် လူကြီးများစုံရာ ရှေ့တွင် ပုံးများကို ဖွင့်ကာ ခဲပြားများကို ရေတွက်၏။ ပရိသတ်ကား ငြိမ်လျက်ပင်။
မဲကို ရေတွက်ပြီးလျှင် မောင်လူအေးက ဤသို့ ကြေညာ၏။
မောင်သာပန်း ၈၅ မဲ။
မောင်ရွှေကျေး ၁၅ မဲ။
ပရိသတ်ကြီး ဆူညံ၍ သွား၏။ မောင်ရွှေကျေးကား ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေပြီ။ ကောင်းကင်သို့ပင် ပျံသွားလေရော့သလား။ ရွာသူရွာသားတို့လည်း စကား တပြောပြောနှင့် ရွာသို့ ပြန်သွားကြကုန်၏။
လင်းလွန်းပင် ရွေးကောက်ပွဲကြီး ဆုံးခန်းသို့ ရောက်လေပြီ။
သိပ္ပံမောင်ဝ
၁၂၉၅ ၀ါခေါင်လ
Credit To ခွန်အားရှိသောစာ

Post a Comment