Friday, May 17, 2013

အ မနာပ [ချက်ကော့ (၁၈၆၀-၁၉၀၄)]


မိတ်ဆက်စကား။ ။ ချက်ကော့၏ စာတို့ကို တင်ပြသည်မှာ ဒိဋ္ဌဓမ္မ အဖွဲ့အနွဲ့ အကြောင်းကို ဖော်ပြလို၍ တင်ပြခြင်း ဖြစ်သည်။ ဤလောကကြီးသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ဖြင့် ရောပြွှမ်းနေပါသည်။ ဒိဋ္ဌဓမ္မသမားတို့သည် ထိုနှစ်မျိုးစလုံးကို သုံးသပ်ရစမြဲပင်။ သို့ရာတွင် ဤလောက၌ အနိဋ္ဌာရုံဆိုသည်မှာ ဣဋ္ဌာရုံထက် ပိုများသည်ဟု ထင်စရာ ရှိပါသည်။ ထို့ကြောင့် ဒိဋ္ဌဓမ္မ စာရေးဆရာတို့က ဖြစ်ကြောင်း အမှန်များကို သရုပ်ဖော်လိုက်သည့်အခါ ထိုပုဂ္ဂိုလ်တို့၏ စာများမှာ မမြင်ဝံ့စရာ၊ မကြားဝံ့စရာ အဖြစ်အပျက်များသာ ဖြစ်ရမည်ဟု ယေဘုယျ ယူဆတတ်ကြပါသည်။ စာအရေးအသား ကောင်းသူတို့၏ ဒိဋ္ဌဓမ္မ အကြောင်းအရာတို့ကို ဖတ်ရသောအခါ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်း၍ ၀ိပဿနာ ဥာဏ်ပွင့်ပြီးလျှင် တရားသံဝေဂ ရနေဘိသကဲ့သို့ ရှိပါသည်။ အဖွဲ့အနွဲ့အရာ၌ အနုပညာ မဆန်လျှင်မူကား ဒိဋ္ဌဓမ္မကို သရုပ်ဖော်ခြင်းပင် ဖြစ်စေကာမူ ယင်းသို့ သရုပ်ဖော်သည်မှာ ကြောက်စရာ ကောင်းရုံ၊ လန့်စရာ ကောင်းရုံမျှသာ ရှိတတ်ပါသည်။ အပုပ်ကောင်ကြီးကို မြင်ရသောအခါ အောဂလီဆန်သည့် အရသာ သာလျှင် ပေါ်လာတတ်ပါသည်။ ထို့ကြောင့် ဒိဋ္ဌဓမ္မဟု ဆိုတိုင်းလည်း အသုဘကို ပုံတူကူး၍ တင်ပြခြင်းသည် အနှစ်သာရ ရှိချင်မှ ရှိပေလိမ့်မည်။ အနုပညာ မြောက်ချင်မှ မြောက်ပေလိမ့်မည်။ သို့သော် ချက်ကော့၏ စာများသည် အပုပ်ကောင်ကို ရုပ်ဆောင်၍ ပြရုံမျှ ပြနေသော စာမျိုး မဟုတ်သည်ကို စာရှုသူတို့ ကောင်းစွာ ရိပ်စားမိလိမ့်မည်ဟု ယုံကြည်ပါသည်။

ချက်ကော့သည် ဖြစ်ရပ်မှန်တို့ကို တင်ပြရာ၌ ဒေါမနဿကင်းသည်ဟု ဆိုရပါမည်။ စိတ်နုသောသူတို့ အဖို့ဆိုလျှင် ဖြစ်ရပ်အမှန်တို့၌ တွေ့ရတတ်သော မတရားမှု မညီမျှမှုတို့ဖြင့် အမြီးအမောက် မတည့်သည်ကို ကြည့်ရင်း ဒေါသတဆတ်ဆတ်နှင့် တုန်မိကြပေလိမ့်မည်။ သို့သော် သဘောထားကြီးသော၊ အ ဒေါသ စေတနာနှင့် ပြည့်ဝသော ချက်ကော့အဖို့မှာမူ ဖြစ်ရပ်မှန်တို့ကို အာဃာတတရားနှင့် ယှဉ်၍ ဆုံးဖြတ်နေသည် မဟုတ်ချေ။ ထို့ကြောင့် သာမန်လူများအနေဖြင့် ခံပြင်းစရာကောင်းသော အဖြစ်အပျက်တို့သည် ချက်ကော့အဖို့ သွားမဖြဲဘဲ ကျိတ်၍ရယ်စရာ ကောင်းသော အဖြစ်အပျက် ဖြစ်လာသည်။ ၀မ်းနည်းကြေကွဲစရာဖြစ်သည့် အတ္ထုပ္ပတ္တိသည်ပင်လျှင် ချက်ကော့၏ ဣနြေ္ဒရှိသော ဟာသစိတ်ဓာတ်ကြောင့် စိတ်ပြေစရာ အတ္ထုပ္ပတ္တိများ ဖြစ်လာလေသည်။ ဒေါသထွက်စရာကောင်းသော ကိစ္စတို့သည်လည်း ချက်ကော့အဖို့ ခွင့်လွှတ်စရာကောင်းသော ကိစ္စများ ဖြစ်လာလေသည်။ ထို့ပြင် လူသာမန်တို့က ဂရုမပြုဘဲ သာမည ယူဆမိသော အရာတို့ကို ချက်ကော့က ၀ိသေသဟု မြင်တတ်သည်။ ထိုအခါ လောကကို ခွင့်လွှတ်တတ်သော ဟာသဥာဏ်ဖြင့် ချက်ကော့သည် ၀ိပဿနာ တင်လေသည်။ ထိုအခါ သာမညတို့သည် ကျိတ်၍ ရယ်စရာ ဧရာမကိစ္စ ဖြစ်လာပြန်သည်။ ဤသည်တို့ကား ချက်ကော့၏ အနုပညာပင် ဖြစ်သည်။ ဤ “အ မနာပ” ၀တ္ထုတို၌ အများက ဘာမျှမဟုတ်သော အဖြစ်အပျက်ဟု ပေယျာလကန်ပြုထားသော ကိစ္စတစ်ရပ်သည် ချက်ကော့၏ စာပေအနုပညာ တန်ခိုးကြောင့် အများက ဂရုမပြုဘဲ မရနိုင်လောက်သော ကိစ္စတစ်ရပ် ဖြစ်လာလေသည်။ ဤသို့ သာမညမှ ၀ိသေသသို့ ကူးပြောင်းလာသောအခါ ထုံးစံအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့၏ ဒေါမနဿတရားတို့သည် ကြီးမားလွန်ကဲလာစရာ အကြောင်း ရှိပေလိမ့်မည်။ သို့သော် ချက်ကော့၏ အာသီသမှာ ဒေသနှင့်ကင်းသော အာသီသ ဖြစ်လေရာ၊ သာမညမှ ၀ိသေသဖြစ်လာသော အခါကျခါမှ ကျွန်ုပ်တို့မှာ လောကတစ်ခုလုံးကို ကျိတ်ရယ်စရာဟု သဘောထားကာ ခွင့်လွှတ်ခြင်း ပြုနိုင်လာလေသည်။

လက်ရေးသင် ဆရာကြီးဆာဂေသည် သူ့ သမီး နာတာလျာကို သမိုင်းနှင့် ပထ၀ီသင်ဆရာ အိုင်ဗန်နှင့် လက်ထပ် ထိမ်းမြားပေးသည်။ ထို လက်ထပ်ပွဲမှာ အားလုံး ချောချောမောမော ရှိသည်။ ပွဲထိုင်လာသူတို့သည် အခန်းထဲ၌ ဆိုကြ ကကြနှင့် အလွန်ပျော်မြူးကြသည်။ ကလပ်တစ်ခုမှ ခေါ်ယူငှားရမ်းထားသော စားပွဲထိုးတို့သည် ချေးအလိမ်းလိမ်း ကပ်နေသော လည်စည်းအဖြူကို လည်မှာစည်း၍ ကုတ်အင်္ကျီရှည်ကို ၀တ်ဆင်ကာ ပန်းပျားခပ်မျှ ဖြစ်နေကြသည်။ လက်ထပ်ပွဲမှာ သောသောညံ၍ နေ၏။ ဂုဏ်ရည်မတူသဖြင့် ဖိတ်ကြားခြင်း မခံရသူတို့သည် အိမ်ပြင်ဘက် ပြတင်းပေါက်မှ ချောင်းကြည့်ကြ၏။

ညသန်းခေါင်ယံ၌ ဆာဂေသည် ညစာအတွက် အရန်သင့် ရှိ မရှိ သိရလေအောင် မီးဖိုချောင်ထဲ ၀င်ကြည့်သည်။ မီးဖိုချောင်တစ်ခန်းလုံးမှာ ကြမ်းပြင်မှ ခေါင်မိုးအထိ မီးခိုးအပြည့် တက်နေသည်။ ဘဲနံ့၊ ကြက်နံ့တို့မှာ တစ်ခန်းလုံး လှိုင်နေသည်။ ခုံများပေါ်၌ စားစရာ သောက်စရာများ ပြန့်ကျဲလျက် ရှိသည်။ မာရဖာဟု အမည်ရှိသော မျက်နှာနီနီနှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည့် ထမင်းချက် မိန်းမကြီးမှာ ပစ္စည်းအပြည့် တင်ထားသော စားပွဲခုံတွင် အလုပ်များနေသည်။

ဆာဂေသည် လက်နှစ်ဖက်ကို ပွတ်ကာ သွားရည်ကျသည်ကို နှုတ်ခမ်းဖြင့် ပျတ်ပျတ်မြည်အောင် သိမ်း၍ မာရဖာအား “ငါးသလောက်ကို ကြည့်စမ်းပါရစေဦး”ဟု ပြော၏။ “အောင်မယ်လေး၊ အနံ့ကလေးကလည်း သင်းလို့၊ တစ်ကောင်လုံး ၀ါးစားလိုက်စမ်းချင်ပါဘိကွယ်။ ငါးသလောက်ကို ကြည့်စမ်းပါရစေ”ဟု ထပ်၍ပြော၏။

မာရဖာသည် ခုံတစ်ခုံဆီသို့ သွား၍ အဆီအလိမ်းလိမ်း ကပ်နေသော သတင်းစာ စက္ကူကို ဖွင့်ပြလိုက်သောအခါ စက္ကူအောက် လင်ပန်းထဲတွင် ဆူဖြိုးသော ငါးသလောက်ကြီး တစ်ကောင်သည် နံနံပင်၊ သံလွင်သီး၊ မုန်လာဥများနှင့် အတူရှိနေသည်ကို တွေ့ကြရသည်။ ဆာဂေသည် ငါးကို ကြည့်ပြီး သဘောကျ၍ သက်ပြင်းရှူလိုက်သည်။ သူ့မျက်နှာသည် ၀င်းဝင်းတောက်နေသည်။ မျက်လုံးကြီးများကိုလည်း အထက်သို့လှန်၍ ကြည့်သည်။ ထို့နောက် သွားရည်ယိုသည်ကို ထိန်းရန် နှုတ်ခမ်းစုတ်လိုက်ရာ ဆီမပါသော လှည်းပုံတောင်း တကျွီကျွီမြည်သကဲ့သို့ အသံတစ်ခု ပေါ်လာသည်။ ထို့ပြင်လည်း ဆာဂေသည် ကျေနပ်လွန်းလှသဖြင့် လက်ဖျောက် တစ်ချက်တီးကာ နှုတ်ခမ်းကို နောက်တစ်ကြိမ် ထပ်၍ လျှာဖြင့် သပ်လိုက်သည်။

ထိုအခါ ကပ်လျက်ရှိသော အခန်းတစ်ခုမှ “ဟား၊ ဟား။ ဒါဟာ နမ်းတဲ့အသံပဲ။ မာရဖာ၊ ခင်ဗျား ဘယ်သူ့ကို နမ်းနေတာလဲဗျာ” ဟူသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအသံ ကြားပြီးနောက် တံခါးဝ၌ လက်ထောက်ဆရာ ဗန်ကင်၏ ခေါင်းတုံးဆံတောက်သည် ဘွားခနဲ ပေါ်လာသည်။ “ခင်ဗျား ဘယ်သူနဲ့ နမ်းနေတာတုံးဗျ။ သြော်၊ ဒီလိုကိုး၊ နေရာကျလိုက်လေဗျာ။ ဆရာကြီး ဆာဂေပါလား၊ တယ်ဟုတ်တဲ့ ဆရာကြီးပဲ။ မိန်းမတစ်ယောက်နဲ့ နှစ်ကိုယ်ချင်း တီးတိုး တီးတိုးနဲ့ကိုး” ဟူ၍ ဗန်ကင်က ဆက်ပြောလေသည်။

ဆာဂေသည် စိတ်ရှုပ်သွားသည်။ “ဟဲ့ အရူး၊ မင်းကို ဘယ်သူက ပြောသလဲ၊ ငါ ဘယ်သူ့ကိုမှ နမ်းနေတာ မဟုတ်ဘူးဟဲ့။ ငါးသလောက်ကြီးကို မြင်ရတော့ ကြိုက်လွန်းလို့ သွားရည်ယိုတာဟ။ ဒါကြောင့် နှုတ်ခမ်းပြင်တာ”

“တော်စမ်းပါ ဆရာကြီးရယ်၊ ဒါမျိုးကို သူများ သွားပြောဗျာ။ ကျွန်တော့်ကိုတော့ လာမပြောပါနဲ့” ဟူ၍ ဗန်ကင်က အော်ပြော၏။ ဗန်ကင်မှာ ရယ်ချင်လွန်းလှ၍ ပါးစပ်ပြဲလာသည်။ ထိုနောက် အခန်းထဲမှ ထွက်သွားသည်။ ဆရာကြီးကား မျက်စိမျက်နှာ ပျက်၍ ကျန်ရစ်၏။

ထို့နောက် ဆရာကြီးသည် ဤသို့ တွေးမိ၏။ “သင်းလုပ်ပုံက နောက်ဘာတွေ ရှုပ်လာဦးမလဲ မသိဘူး။ ဒီအကောင်ဟာ တောင်ပြော မြောက်ပြော လျှောက်ပြောဦးမှာပဲ။ တစ်မြို့လုံး မျက်နှာမပြ၀ံ့အောင် သင်း ငါ့အရှက် ခွဲတော့မှာပဲ”

ဆာဂေသည် ခန်းမကြီးထဲသို့ မ၀င်ဝံ့ဝံ့ဖြင့် ၀င်လာသည်။ ပြီးလျှင် ဗန်ကင် ဘာလုပ်နေသည်ကို မရဲတရဲနှင့် လှမ်း၍ကြည့်၏။ ဗန်ကင်သည် ပြာနိုနားတွင် မတ်တတ်ရပ်နေရာမှ ရုတ်တရက် ငုံ့၍ တစ်စုံတစ်ခုကို ပြောလိုက်ရာ ပညာအုပ်ကတော်က ရယ်လေသည်။

“အဲ၊ အဲဒါ ငါ့ကို စောင်းပြောနေတာပဲ”ဟု ဆာဂေက တွေးလိုက်၏။ “ဟုတ်ပြီ၊ ငါ့အကြောင်း ပြောနေတာပဲ။ ဒီလိုအကောင်မျိုး မြန်မြန်သေ မြန်မြန်အေးမှာပဲ။ ဘုရား ဘုရား။ ပညာအုပ်ကတော်ဆိုတာကလည်း သူပြောသမျှ ယုံလိုက်တာပဲ။ ဒါကြောင့် ရယ်နေတာပေါ့။ မဖြစ်ဘူး၊ မဖြစ်ဘူး။ သူပြောတာ မယုံအောင် ငါက တစ်ခုခုတော့ လုပ်ဦးမှပဲ။ ဒီလိုမှ မလုပ်ရင် ဒီငနဲဟာ ငါ့ကို ရွာရိုးလျှောက်ပြီး သောက်တင်းချည်း ပြောနေတော့မှာပဲ”

ဆာဂေသည် စိတ်ရှုပ်ရှုပ်ဖြင့် ဦးခေါင်းကိုကုတ်၍ ပြင်သစ်လူမျိုး ဧည့်သည်တစ်ဦးဖြစ်သူ ဖာဒေကွိုင်ထံသို့ ချဉ်းကပ်လိုက်သည်။

“ဒီလိုဗျာ၊ ခုနကပဲ ကျုပ်က ညစာအတွက် ပြင်ပြီးပြီလားဆိုပြီး မီးဖိုချောင်ထဲ သွားကြည့်တယ်” ဟူ၍ ဆာဂေက စကားကို စသည်။ “ခင်ဗျား ငါးကြိုက်တယ် မဟုတ်လား။ ကျုပ်သိပါတယ်ဗျာ။ ကျုပ်မှာ ငါးသလောက်ကြီး ဟောသလောက်ကြီး ရထားတယ်ဗျ။ တစ်လံလောက် ရှိလိမ့်မယ် ထင်ပါရဲ့။ ဟား၊ ဟား၊ ဟား။ နို့ပေမယ့် ကျုပ်ပြောမလို့ မေ့သွားသဗျာ။ အဲဒီ မီးဖိုချောင်နဲ့ ငါးသလောက်ကိစ္စ လူပြော သူပြောများနေတာ ရှိနေသဗျ။ ကျုပ်က ဘာစားစရာ ရှိသလဲဆိုပြီး မီးဖိုချောင်ထဲ ခုနကပဲ ၀င်ကြည့်မိတယ်။ ကျုပ်က ငါးသလောက် ကြိုက်တတ်လို့ဝင်ကြည့်တာ။ မြင်ရတော့ သွားရည်ယိုသဗျို့။ ဒါနဲ့ ကျုပ်က နှုတ်ခမ်း သပ်လိုက်တယ်။ အဲသလို နှုတ်ခမ်းသပ်လိုက်တယ်ဆိုရင်ပဲ ဗန်ကင်ဆိုတဲ့ အကောင်က ၀င်လာပါလေရော။ ဟဲ… ဟဲ… ဟဲ… ဟဲ နဲ့ လုပ်ပြီး “ဆရာကြီး၊ ဒီလာပြီး နမ်းနေသကိုးလို့ ပြောသဗျာ့။ ကျုပ်က မာရဖာကို ဖက်နမ်းတယ်လို့ ဆိုတာပေါ့ဗျာ။ ကြည့်စမ်းပါဗျာ။ ထမင်းချက်ကို ဖက်နမ်းရမှာလား။ ဒီလို လုပ်ကြံပြောတယ်ဆိုတာ အရူးအနှမ်းမှ လုပ်ကြံပြောတတ်တာ။ မိန်းမရဲ့ ရုပ်ကိုက မျောက်အိုကြီး ကျနေတာပဲ၊ အကျည်းတန်လိုက်တာ လွန်လို့။ အဲဒါကိုများ ဖက်နမ်းရတယ်လို့ဗျာ။ အတော်အူတဲ့ အကောင်ပဲ”

ယင်းသို့ ဆာဂေ ပြောပြနေစဉ် အခြားဧည့်သည်တစ်ဦးဖြစ်သော တာရန်တူလော့သည် ၀င်လာပြီးလျှင် “ဘယ်သူလဲဗျ အူတယ်ဆိုတဲ့ ငနဲဟာ”ဟု စကားဖြတ်ပြောသည်။
ဆာဂေက ပြန်ပြော၏။ “ဗန်ကင်ကို ကျုပ်ပြောနေတာပါဗျာ။ ကျုပ် မီးဖိုချောင်ထဲ ၀င်တုန်းမှာ…”

ဤသို့လျှင် မာရဖာနှင့် ငါးသလောက်အကြောင်းကို ဆာဂေက ထပ်၍ ပြောပြန်သည်။

“ရယ်စရာပဲဗျာ၊ ဒီအကောင်ဟာ တော်တော်အူတယ်။ မာရဖာကို ဖက်နမ်းမယ့်အစား ခွေးဖက်နမ်းရတာကမှ ဇိမ်ရှိဦးမယ်”

ဆာဂေက ဤသို့ပြောပြီးလျှင် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ မက်ဇဒါနှင့် ဆုံမိလေသည်။ ထို့ကြောင့် မက်ဇဒါအား ကပ်၍ ပြောပြန်သည်။

“ကျုပ်တို့ အခု ဗန်ကင့်အကြောင်း ပြောနေတာပါ။ ဒီအကောင်ဟာ တော်တော်အူတဲ့ အကောင်ပဲ။ သူ မီးဖိုချောင်ထဲ ၀င်လာတယ်။ ပြီးတော့ ကျုပ် မာရဖာနားမှာ ရပ်နေတာကို တွေ့သွားတယ်။ ဒီလိုတွေ့တွေ့ချင်းပဲ အမျိုးမျိုး အမနာပ သတင်းလွှင့်တော့တာပဲ။ သူက “ခင်ဗျားတို့ နှစ်ယောက် ဖက်နမ်းနေကြသလား”လို့ မေးတယ်။ သူက မူးနေတော့ ကယောင်ချောက်ချားတွေ ပြောနေတာပေါ့။ ဒီတော့ ကျုပ်က မာရဖာကို နမ်းမယ့်အစား ၀မ်းဘဲကို ဖက်နမ်းတာကမှ ကောင်းလိမ့်ဦးမယ်”လို့ ပြောလိုက်တယ်။ ပြီးတော့ “ဟဲ့၊ အရူးရဲ့။ ငါ့မှာ သားကြီး မယားကြီးနဲ့” လို့တောင်မှ ဆိုလိုက်မိသေး။ သူ လုပ်ပုံနှယ်ဗျာ ကျုပ်မှာ လူတကာ ရယ်စရာ ဖြစ်နေတာပေါ့”

ဤအတွင်း သာသနာ တရားဟော ဆရာတစ်ဦးက ဆာဂေအား “ခင်ဗျားကို ရယ်စရာဖြစ်အောင် လုပ်တာ ဘယ်သူလဲ”ဟု မေးပြန်၏။

“ဗန်ကင်ဆိုတဲ့ အကောင်ပေါ့။ ကျုပ်က မီးဖိုချောင်ထဲမှာ ရပ်နေတာပါ။ ငါးသလောက်ကြီးကို ကြည့်ရင်း ရပ်နေတာပါပဲ” ဆာဂေသည် ဤသို့ အစချီ၍ ဇာတ်ကြောင်းပြန်လှန်သည်။ နာရီဝက်လောက် ကြာသောအခါ ကြွရောက်လာသမျှသော ဧည့်သည်အပေါင်းတို့ ဗန်ကင့်အကြောင်း၊ ငါးသလောက်အကြောင်း စသည်တို့ကို အားလုံး သိကြရလေသည်။

ဆာဂေသည် လက်နှစ်ဖက်ကို ပွတ်ကာ တွေးတောမိပြန်သည်။ “သင်း ပြောချင်တာ ပြောပေ့စေ။ လုပ်ချင်ရာ လုပ်လိုက်နှင့်ဦးပေါ့ကွယ်။ သင်း ငါ့အကြောင်း စပြီးပြောတယ်ဆိုရင်ပဲ လူတွေကတော့ “ဟေ့ အရူး၊ မင်း မဟုတ်တာတွေ ပြောမနေပါနဲ့ကွာ။ တို့သိပြီးသားပါပဲ”လို့ ဆိုပြီးသူ စကားပြောတာ နားထောင်ကြတော့မှာ မဟုတ်ပါဘူး”

ဤကဲ့သို့ တွေးတောရင်းနှင့် ဆာဂေသည် အလွန်တရာမှ ကျေနပ်နှစ်သိမ့်လာပြီးလျှင် ၀မ်းမြောက်ဝမ်းသာနှင့် ဘရန်ဒီလေးခွက်ကို ခွက်ဆင့် သောက်လိုက်လေသည်။ ထို့နောက် သူ့သမီးအား အခန်းအပ်ပြီးလျှင် မိမိအခန်းရှိရာသို့ ပြန်လာလေသည်။ ပြီးလျှင်အပြစ်ကင်းမဲ့သော ကလေးငယ်ပမာ အိပ်မောကျသွားသည်။ နံနက်လင်းသောအခါ သူသည် ငါးသလောက်ကြီးကို သတိမရတော့ချေ။ သို့သော်လူဆိုသည်မှာ ဖြစ်ချင်တာလည်း မဖြစ်ရပါ။ အမနာပ လုပ်ငန်းသည် တွင်ကျယ်လာပြီ ဖြစ်ပါသည်။ ဆာဂေက မည်မျှပင် အလိမ္မာနှင့် စီမံထားသော်လည်း သူစီမံသလို မဖြစ်ပါ။ ရက်သတ္တ တစ်ပတ်ကြာသောအခါ ဆာဂေသည် ဆရာများ၏အခန်းထဲတွင် တပည့်တစ်ယောက် မဟားတရား ပြုမူသည့် အကြောင်းနှင့် ပတ်သက်၍ စကားပြောနေဆဲ ကျောင်းအုပ်ချုပ်ရေးမှူးက သူ့အနီးသို့ လာ၍ လက်တို့ ခေါ်သွားလေသည်။

ထိုနောက် အုပ်ချုပ်ရေးမှူးက “ဒီမှာ ဆရာဆာဂေရယ်၊ ကျုပ် တစ်ခု တောင်းပန်ပါရစေ။ ကျုပ်နဲ့တော့ ဘာမှ မဆိုင်ပါဘူး။ နို့ပေမယ့် ဆရာ့ကို တစ်ဆိတ်တော့ ပြောပါရစေဗျာ။ ၀တ္တရားကလည်း ရှိနေလို့ပါ။ အရပ်ထဲမှာ ဟိုးလေးတကျော် ဖြစ်နေတယ်။ ဆရာဟာ မိန်းမတစ်ယောက်နဲ့၊ ထမင်းချက် မိန်းမနဲ့ ဖြစ်နေတယ်လို့။ အဲဒါ ကျုပ်နဲ့တော့ မဆိုင်ပါဘူးနော်။ ဆရာဟာ့ ဆရာ ဖြစ်ချင်သလို ဖြစ်ပါ။ ကိစ္စ မရှိပါဘူး။ ထမင်းချက်ကို ဖက်နမ်းချင်သပဆိုလည်း ဖက်နမ်းချင် နမ်းပေါ့ဗျာ၊ လုပ်ချင်တာ လုပ်နိုင်ပါတယ်။ နို့ပေမယ့် တောင်းပန်ပါရစေ။ အခုလို ဗြောင်လုပ်တာတော့ မတော်ဘူး ထင်တယ်။ ဆရာဟာ ကျောင်းဆရာကြီးဗျ။ ဒါကို မေ့လို့တော့ မသင့်ပါဘူးဗျာ”ဟု ပြောလေ၏။

ဆာဂေသည် လူစင်စစ်က ကျောက်ဖြစ်သွားဘိသကဲ့သို့ မတုန်မလှုပ်နှင့် ရပ်၍ နားထောင်သည်။ ထိုနောက် ပျားတုပ်ခံရသဖြင့် လည်းကောင်း၊ ရေနွေးလောင်း ခံရသဖြင့်လည်းကောင်း တစ်ကိုယ်လုံး တွန့်သွားဘိသကဲ့သို့ တွန့်သွားပြီးလျှင် အိမ်သို့ ပြန်လေသည်။ တစ်လမ်းလုံး၌ သူ့အား တစ်မြို့လုံးက ၀ိုင်းကြည့်နေသည်ဟု ထင်မှတ်မိ၏။ တစ်မြို့လုံးက သူ့အား ၀ိုင်း၍ အိုးမည်းသုတ်နေသည်ဟု ယူဆမိ၏။ အိမ်ရာပြန်သော် မိန်းမက ဆီး၍ ဒုက္ခပေးပြန်၏။

“ရှင် ဘာမှလဲ မစားပါကလား။ ဘာများ ငိုင်နေတာလဲတော့။ ဖူးစာရေးနတ်များ မျှော်နေတာလားဟင်။ ကျုပ် အားလုံးသိပါတယ် ကိုယ်တော်မြတ်ရယ်။ ရှင် မာရဖာကို လွမ်းနေတာ မဟုတ်လား။ ကျုပ်အပေါ်မှာ ကရုဏာရှိတဲ့ လူတွေကတော့ ရှင့်အကြောင်း သိအောင် မျက်စိဖွင့်ပေးကြသတော့်။ ရှင်ဟာ တော်တော်ယုတ်မာတယ်” စသဖြင့် ဆရာကတော် ဖြစ်သူသည် သူ့အား ထမင်းစားပွဲ၌ မြည်တွန်ရင်း ပါးကို တစ်ချက် နှစ်ချက် ရိုက်လိုက်သေးသည်။

ဆာဂေသည် စားပွဲမှထ၍ ရုတ်တရက် ဦးထုပ်ကိုမျှပင် မဆောင်းနိုင်၊ ကုတ်အင်္ကျီကိုမျှပင် မ၀တ်နိုင်ပဲ ဗန်ကင်ရှိရာသို့ သုတ်ခြေတင်လေသည်။ ဗန်ကင်ကား ထိုအချိန်၌ သူ့အိမ်မှာ ရှိနေသည်။

ဆာဂေသည် ဗန်ကင်ကို တွေ့သော် “မင်း အတော်ဆိုးတဲ့ ငနဲပဲ။ မင်း ငါ့ကို တစ်လောကလုံးရဲ့ တံတွေးခွက်ထဲ ပက်လက်မျောအောင် လုပ်လိုက်တာပဲ။ ဘာ့ကြောင့် အခုလို အမနာပ ပြောရတာလဲကွာ” ဟု အပြစ်တင်သည်။

“ဘယ်လိုလဲဗျ၊ ဘယ်သူက ဆရာကြီးကို အမနာပ ပြောတာလဲ။ ဒီလိုတော့ လုပ်ကြံမပြောပါနဲ့ဗျာ”

“ဒါဖြင့် ငါက မာရဖာကို ဖက်နမ်းတယ်လို့ ဘယ်ခွေးမသားက ပြောတာတုံး။ ကိုင်း၊ မင်းမဟုတ်ဘူးလား … မင်းမဟုတ်ဘူးလား”

ဗန်ကင်သည် မျက်တောင်ပင့်၍ မျက်စိ ပေကလတ် ပေကလတ် ဖြစ်လာသ်ည။ သူ့ခမျာမှာ မျက်နှာမကောင်းတော့ချေ။ ကတုန်ကယင် ဖြစ်နေသည်။ ထိုနောက် ဘုရားသခင် ၀တ်ပြုဝင်ရှိရာသို့ မျက်နှာမူပြီးလျှင် “ကျွန်တော့်ကို ထာဝရဘုရားသခင် ပေးချင်တဲ့အပြစ် ပေးတော်မူပါ။ သေချင်းဆိုးနဲ့ သေရစေရဲ့။ ဆရာကြီးအကြောင်း ဘယ်သူ့ကိုမှ မပြောမိရိုး အမှန်ပါဗျာ။ တကယ်လို့ ပြောမိတယ်ဆိုရင် ကျွန်တော့် အိုးရော၊ အိမ်ရော ပျက်စီးပါစေလို့ ကျိန်ဝံ့ပါတယ်”ဟု ငိုသံပါကြီးနှင့် ပြောလေ၏။

ဗန်ကင် အမှန်အတိုင်း ပြောနေသည်မှာ ယုံမှားဖွယ် မရှိချေ။ ဗန်ကင်သည် သူ့အကြောင်းကို အတင်းအဖျင်းပြောခြင်း မဟုတ်ရိုးအမှန် ဖြစ်သည်။

“ဒါဖြင့် ဘယ်သူလဲ” ဟု ဆာဂေသည် စိတ်တွင် ကျိတ်၍ မေးမိ၏။ သူ့ အသိအကျွမ်းထဲက မည်သူက ပြောလေမည်နည်းဟု သူ သိကျွမ်းသူမှန်သမျှ အားလုံးကို စဉ်းစားကြည့်၏။ ထိုနောက် ရင်ကိုထု၍ “ငါ့အတင်း ပြောတာ ဘယ်သူလဲကွ”ဟု ညည်းတွားလိုက်လေသတည်း။

(Slander by Anton Chekhov)
[ငွေတာရီ၊ အမှတ် (၄၇)၊ မေ ၁၉၆၄]

Credit to: http://www.crystalrays.org/

Related Articles:

Post a Comment