Wednesday, May 15, 2013

တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း (ဖေမြင့်)


စပျစ်ခိုင်ကို လှမ်းမမီသည့် မြေခွေးက စပျစ်သီးချဉ်သည်ဟု ပြောသွားသည့် အကြောင်း ပုံပြင်ကို အားလုံး ကြားဖူး ကြပါသည်။ အီစွပ်ရေးသည့် ၄င်းပုံပြင်ကို ပြင်သစ် လင်္ကာပုံပြင်ဆရာ လာဖွန်တိန်းက ပြန်ရေး သောအခါ၌မှု သူကမြေခွေးကို မေးမငေါ့။ စပျစ်ခိုင်ကြီးတွေ လှကလှနဲ့ မစားရတာ နာသကွာဟု ညည်းညူနေမည့်အစား အစိမ်းကြီးတွေပါကွာ ချဉ်ပါတယ်ဆိုပြီး ကျောခိုင်းခဲ့သည့် မြေခွေး၏ တုန့်ပြန်ပုံကို သူသဘောကျ ကြောင်း မှတ်ချက်ချခဲ့သည်။

ကိုယ်မရသည့်အရာကို မကောင်းဟုပြောသည့် စိတ်ဓာတ်မှာ ထောက်ခံစရာ မဟုတ်ပါ။ သို့သော် မဖြစ်နိုင်တာကို စွဲလမ်းမနေဘဲ တစ်နည်းနည်း သံယောဇဉ် ဖြတ်တာ ကောင်းသည်ဆိုသော အချက်ကိုကား ယေဘုယျ လက်ခံရလိမ့်မည် ထင်သည်။

မှန်သည်။ မစားရသည့် စပျစ်သီးကို ချည်သည်ဟု မပြောပါနှင့်။ သို့သော် လူ့လောကထဲမှာ လိုအပ် တာထက် ပိုပြီး စိတ်ပင်ပန်း ဆင်းရဲမှု မခံစားရအောင် ဆိုလျှင်မူ မဖြစ်နိုင်သည့် ကိစ္စကို မသိကျိုးကျွန် ပြုတတ်ဖို့ ကိုယ်မနိုင်သည့် ကိစ္စကို သည်းညည်းခံတတ်ဖို့၊ ပြဿနာ အသေးအမွှားကို အလေးထားမနေဖို့၊ တော်ရုံတန်ရုံ ချို့ယွင်းချက်ကို အသည်းအသန် ကြိုးစားပြင်ဆင်မနေဖို့ စတာတွေကိုတော့ ကျွန်တော့်တို့ သတိပြုဆင်ခြင်ရန် လိုလိမ့်မည် ထင်သည်။

စင်စစ် တစ်ကယ့်အကျိုးအမြတ်ကို ချင့်တွက်မည်ဆိုလျှင် တချို့ကိစ္စသည် သူ့အတိုင်း လွှတ်ထား လိုက်တာ အကောင်းဆုံး ဖြစ်ကြောင်း အများ သဘော ပေါက်နိုင်ကြပါသည်။ သူ့ဘာသာ အရှိန် သေသွားမည့် ပြဿနာ အသေးအမွှားသည် ကိုယ်က ရေးကြီးခွင်ကျယ် လုပ်သောအခါမှ ပြဿနာ အကြီး အမား ဖြစ်လာတတ် သည်။ မဆိုစလောက် ချို့ယွင်းချက်သည်လည်း အတင်းပြင်သည့် အခါတွင်မှ ပြင် လွန်း၍ ဖင်ချွန်းတာမျိုး ဖြစ် သွားတတ်သည်။

တစ်ခါတုန်းက လူတစ်ယောက်မှာ ပုလဲတစ်လုံးရသည်။ ပုလဲက အလုံးလည်း ကြီးသည်။ လှလည်း အလွန်လှသည်။ သို့သော် မဆုစိ လောက် အနာလေး တစ်ခု ပါနေသည်။ ပုလဲလုံးက သည်အတိုင်းလည်း အဖိုး တန်နေသည်။ သို့သော် သည်လူက လောလောဆယ် တန်ဖိုးကို မစဉ်းစား။ အနာကိုပဲ စွဲနေသည်၊ သည်အနာ လေးသာ မပါရင် ကမ္ဘာမှာ အလှဆုံးပုလဲ တန်ဖိုးအကြီးမားဆုံး ပုလဲဖြစ်မှာ မုချပဲဟူ၍ တအုံ နွေးနွေး တွေးနေ သည်။ ပုလဲလုံးကို စိတ်မချမ်းသာစွာနှင့် မကြာခဏ ထုတ်၍ထုတ်၍ ကြည့်ရင်း တစ်နေ့၌ သည် အနာလေးဟာ အပေါ်ယံကြောလေး ရှိမှာ။ နည်းနည်းလေး ခွာလိုက်ရင် အနာစင်သွားနိုင်တယ်ဟူ၍ တွေးမိလာသည်။ သည်လိုနှင့် အပေါ်ဆုံးလွှာကို သူခွာဖြစ်သည်။ တစ်လွှာပါသွားသော်လည်း အနာက စင် မသွား။ ခွာလက်စနှင့် နောက် တစ်လွှာ ဆက်ခွာသည်။ အနာက ကျန်နေဆဲ၊ မထူးဘူးဆိုပြီး တစ်လွှာပြီး တစ်လွှာဆက်ခွာရာ နောက်ဆုံးတွင် ပုလဲတစ်လုံး လုံး ကုန်သည့်အခါတွင်မှ အနာလေး စင်လေသည်။

ပုံပြင်ဟု မထင်ပါနှင့်။ ပုလဲလုံး သမားထက် မိုက်မဲသော ဇွဲမျိုးဖြင့် အနာခွာသောသူသည် အများကြီးရှိသည်။ ခန္ဓာ ကိုယ်က တကယ့်အနာ။ လက်ညိုးမှာ ဆူးစူးသည့် ဒဏ်ရာလေး။ အထဲမှာ ဆူးကျန်နေသလိုလို နာတာတာ မျက်တက်တက်။ သို့သော် ဆူးလည်းမမြင်ရ။ သူ့ဘာသာထားလျှင် ကောင်းသွားမည့်ကိစ္စ။ ဒါကို အသာ မထား။ အသားအနာခံ၍ အပ်နှင့် ဆွသည်။ ဆူးရှိသလား၊ မရှိဘူးလား လိုက်ရှာသည်။ မတွေ့ရ။ လက် မှာသာ ပေါက်သွား ပြဲသွား သည်။ ဒါကို ဟိုအရွက် သည်အရွက်တွေ မီးကင်ပြီး ကပ်သည်။ ကောင်းမလာ။ ဘယ်ကောင်းမည်လဲ။ အနာမရှိ သည့် နေရာက အနာဖြစ်လာပြီ။ လက်က တစစ်စစ်ကိုက်သည်။ နီရဲယောင်ကိုင်းလာသည်။ မနေနိုင် မထိုင်နိုင် အောင် အခံရ ခက်လာသည်။ အနာက ပြည်မမှည့်သေးဘူးကိုး၊ ပြည်မှည့်မှ ပေါက်ထွက်ပြီး သက်သာသွားမည်တဲ့။ ဆရာတွေက ဆိုကြ ပြန်သည်။ ကဲ..ဟိုအရွက် ဒီအရွက်တွေ ထောင်းပြီးအုံ။ အဝတ်နဲ့ စည်းထား နှောင်ထား။ တစ်ရက် ထက်တစ်ရက် ပိုနာလာ၊ ပိုကိုက်လာ၊ လက်တစ်ချောင်းလုံး အထိမခံနိုင်ဖြစ်လာ။ ကိုက်ခဲသည့်ဒဏ် မခံနိုင်တော့၍ စည်းထား တာတွေ ဖြည်လိုက်တော့ အနာက ယောင်ကိုင်းပြဲစိနေ၊ ပြည်တွေယို၊ အသား တွေဆွေး၊ အရေပြားတွေ ပျက်စီး၊ ပြည်စင်သွားအောင် သန့်သွားအောင်ဆိုပြီး ပူသည့် ပြင်းသည့် ဆေးတွေ ထည့်။ အသားအရေတွေ လောင်မြိုက် ပဲ့ရွဲ့၊ အရိုးပါပေါ်လာ။ သည်လိုနှင့် ဆေးရုံတက်ပြီး လက်တစ်ချောင်း ဖြတ်လိုက်ရသူ၊ အသက်တစ်ချောင်းလုံး ဘာမဟုတ် ညာမဟုတ် ဆုံးရှုံးရသူတွေ များလှချေသည်။ ဒါမျိုးက ကျန်းမာရေးဗဟုသုတ နည်းလို့ဖြစ်တာ။ ဗဟုသုတ ရှိတဲ့လူ၊ ကျန်းမာရေး အသိပညာ အသင့်အတင့် ရှိတဲ့လူများမှာ သည်လိုမဖြစ်နိုင်ပါဘူးဟု ဆိုချင်ဆိုပါမည်။ မှန်သည်။ သို့သော် ကျန်းမာရေး အသိ မရှိခြင်းသည် အပြစ်တဝက်ဖြစ်သည်
အနာလေးတစ်ခု ရလျှင် မနေနိုင် မထိုင်နိုင် ဆိတ်ချင် ဆွချင် သည့် စိတ်ကလည်း အပြစ်တစ်ဝက် ပါသည်ဟု ဆိုနိုင်သည်။ အနာသေးသေးကို မကြီးကြီးအောင် ဆိတ်ချင် ဆွချင်သည့် စိတ်။ လူအများအပြားပင် ခန္ဓာကိုယ်မှာ အနာလေးတစ်ခုရလျှင် ဆိတ်ချင်ဆွချင်သည်။ ကိုယ်မှာသာလား၊ မဟုတ်ပါ၊ စိတ်မှာထိခိုက်ဒဏ်ရာလေး ရလျှင်လည်း ထိုနည်းလည်းကောင်း။ ဒဏ်ရာ ကြီးသထက်ကြီးအောင် ပွားများမွေးမြူတတ်သော သဘော ရှိသည်။ အသာထားရမည့် ကိစ္စကို တအုံနွေးနွေး တွေးနေသည်။ ကြီးထွားအောင် ပွားများနေသည်။ မကျေ နပ်စရာလေး နည်းနည်းကို အကျယ်ချဲ့ပွား တွေးတောရင်း ဒေါသမီး တဟုန်းဟုန်း တောက်သည်။ ကသိ ကအောက် ဖြစ်ရသည့် ကိစ္စလေးကို အဖန်တလဲလဲ မြင်ယောင်တွေးတောရင်း လူရှေ့မထွက်ရဲအောင် အရှက်ကြီးရှက်သည်။ စဉ်းစားကြည့်လျှင် ကိုယ့်အရိပ်နှင့်ကိုယ် ပြဿနာ တက်နေသူနှင့် တူသည်။

တစ်ခါက လူတစ်ယောက် စိတ်ရူးပေါက်ကာ လူအလစ်မှာ ကိုယ့်အရိပ်ကိုယ် လိုက်ဖမ်းကြည့်သည်။ အရိပ်က ကိုယ့်အနားလေး ကပ်နေသည်။ သို့သော် ရှေ့သို့လှမ်း၍ ဖမ်းကြည့်လိုက်လျှင် သူက ကိုယ့်ရှေ့ ဘက် ပိုထွက်သွားသည်။ ဖမ်းမရ၊ ဖမ်းလေမရလေ၊ ဖမ်းလေထွက်လေ၊ အတင်းလိုက်ဖမ်း အရိပ်က အတင်း ထွက်ပြေး။ ရပ်နေလျှင် အရိပ်က ကိုယ့်ရှေ့နားလေးမှာ ရပ်နေ။ ကြာတော့ ဒါကြီးကို ကြောက်သလို ဖြစ် လာသည်။ ဆက်မ ဖမ်းရဲတော့။ မနေနိုင်၍ မသိမသာ ပြန်ကြည့်တော့ ကိုယ့်အနားလေး သူက ကပ် နေသည်။ ခပ်ဆတ်ဆတ်လေး ခွာထွက်သည်။ မရ၊ ရှေ့တိုးနောက်ဆုတ် နှစ်ကြိမ် သုံးကြိမ်လုပ်သည်။ အရိပ် က ကွာမကျ၊ ဖျပ်ခနဲ တစ်ဖက် လှည့်ပြီး အသာလစ်ထွက်သည်။ မရ၊ ကပ်ပါလာသည်။ ခပ်သွက်သွက် လျှောက်သည်။ မသိမသာ ပြေးသည်။ သည့်နောက် တအားပြေးသည်။ မရ။ အရိပ်က သူ့နောက်မှ တောက် လျှောက် လိုက်ပါနေလေသည်။

အရေးမဟုတ်သည့် အရာကို ပွားများကပ်ငြိနေမိလျှင် အဲသည်အတိုင်းပင် ကိုယ်ရှာသော ဒုက္ခထဲ ကိုယ် နစ်သွားတတ်သည်။ ဒါကြောင့်လည်း တရုတ်ပညာရှိတို့က “အသေးအမွှား စော်ကားမှုလေးကို သည်းခံလိုက်ပါ။ ကြီးကြီးမားမား စော်ကားခံရခြင်းမှ လွတ်ကင်းမည်။ အသေးအမွှား ဆုံးရှုံးမှုကို လက်ခံ လိုက်ပါ။ ကြီးကြီးမားမား ဆုံးရှုံးရခြင်းမှ လွတ်ကင်းလိမ့်မည်” ဟူ၍ သြ၀ါဒ ပေးခဲ့ကြခြင်းဖြစ်သည်။

တော်စတွိုင်း၏ ပုံပြင်တစ်ပုဒ်မှာ သည်လိုဆိုသည်။ မျောက်တစ်ကောင် ပဲစေ့တွေ လက်နှစ်ဆုပ် အပြည့် ယူလာသည်။ ပဲစေ့လေးတစ်စေ့ လက်ကြားထဲက ထွက်ကျတာကို သူလိုက်ကောက်တော့ အစေ့ နှစ်ဆယ်လောက် ထပ်၍ ကျသည်။ လိုက်ကောက် ထွက်ကျ၊ လိုက်ကောက် ထွက်ကျနှင့် နောက်ဆုံး၌ မျောက်စိတ်တို ကာ ပဲစေ့တွေအားလုံး လွှင့်ပစ်ပြီး ထွက်ပြေးလေတော့သည်။ အသေးအဖွဲကို လိုက်ရှင်းရင်း မနိုင်မနင်းဖြစ်ကာ အလုပ်တစ်ခုလုံး ပျက်သွားရသူတွေ အများကြီးရှိ သည်။ ထို့ကြောင့် နားလည်သူတွေကတော့ ပဲစေ့တစ်စေ့နှင့် ပြီးမည့်ကိစ္စမှာ နောက်ထပ်အနာမခံ။ အဲသည် တစ်စေ့ကိုပဲ ချန်ခဲ့လေ့ ရှိကြသည်။

ဗြိတိသျှစာရေးဆရာကြီး ဂျီကေချက်စတာတန်၏ စီးပွားရေး အမြင်များကို သူနှင့်ခေတ်ပြိုင် ထင်ရှားသူ စာရေးဆရာကြီး ဂျော့ခ်ျဘားနဒ်ရှောက အကြီးအကျယ် စုတ်ပြတ်အောင် ပုတ်ခတ်ဝေဖန်သည့် စာတစ်ပုဒ် စာနယ်ဇင်းများထဲတွင် ရေးထည့်လိုက်သည့် အခါ ချက်စတာတန်၏ မိတ်ဆွေများ အကြီး အကျယ် မကျေမနပ် ဖြစ်ကာ သူတို့လူလည်း ပယ်ပယ်နယ်နယ် ပြန်တွယ်လိမ့်မည်ဟု စောင့်မျှော်ကြသည်။ အချိန်အတန်ကြာသည့်တိုင် ချက်စတာတန်က တစ်ပုဒ်မျှပြန်မရေးဘဲ ငြိမ်ခံနေသည့်အခါ သူ၏ အ ပေါင်း အသင်း အရင်းအချာတစ်ဦးဖြစ်သူ သမိုင်းပညာရှင် ဘဲလော့က သည်လောက်တောင် သွေးကြောင်ရ ကောင်းလားဟု ကရုဏာဒေါသောနှင့် မောင်းမဲပြောဆိုသည်။ ချာစတာတန်က စိတ်မဆိုး။ “ဘဲလော့ရာ ကိုယ် လက်တုံ့ ပြန်ပြီးပါပြီကွ။ ဘားနဒ်ရှောလို စကားတတ်တဲ့လူမျိုးကို တစ်ခွန်းမှ ပြန်မပြောတဲ့နည်းနဲ့ တုံ့ပြန်တာ သူ့အတွက် အထိနာဆုံးဘဲကွ” ဟူ၍သာ သူက နှစ်သိမ့်ပြောဆိုခဲ့သည်။ ချာစတာတန်သည် ကဗျာဆရာဖြစ်သည်။ သတင်းစာဆရာလည်း ဖြစ်သည်။ ဝတ္ထုရေးသမား အဖြစ်လည်း ထင်ရှားအောင်မြင်သည်။ ရေဒီယို အသံလွှင့်သမား လုပ်သည့်အခါ၌လည်း အထူး လူကြိုက် များသူ ဖြစ် သည်။ သို့သော် အဲသည်အရည်အချင်းတွေ ၊ အဲသည်ရာဇဝင်တွေ အားကိုးဖြင့် သူမတုံ့ပြန်။ ဘားနဒ်ရှောလို စကားလုံး ပြောင်သူ၊ သရော်စာ ဝေန်ဖန်စာများ ရေးရာ၌ အလွန်လေ့ကျက် ကျွမ်းကျင်သူကို ထိုလူ၏ နယ်ပယ်၌ ယှဉ်ပြိုင်ဖို့ ဆိုသည်မှာ မိုက်မဲသော အလုပ်ဖြစ်သည်ဟု သူသဘောပေါက်သည်။ ချက်စတာတန်သည် ပဲစေ့တစ် စေ့သာ အဆုံးရှုံးခံခဲ့သည်။ သို့သော် လူတိုင်း အဲသည်လို တစ်စေ့နှင့် ပိုင်းတတ်သည်မဟုတ်။ လက်နှစ်ဖက်လုံးက ပဲစေ့တွေ ထွက် ကျတော့မှ သွားလုပ်မိတာ မှားမှန်းသိကြသူတွေ အများကြီးရှိသည်။ အဓိက က အချင့်အတွက် လွဲခြင်းဖြစ်သည်။ အချင့်အတွက် မှန်ကန်ရန်အတွက် ခေါင်းအေးဖို့လိုသည်။ လူအတော်များများမှာ ကိုယ် မကြိုက် မနှစ်သက်သည့် ကိစ္စမျိုးကြုံလာလျှင် ခေါင်းအေးအေးထား မစဉ်းစားနိုင်ပါ။ ဒေါသဖြင့်သာ တုံ့ပြန် မိတတ်ကြသည်။ ဒေါသထွက် လေ လွဲလေ။

ရှေးခေတ် ဂျပန်ပြည်မှာ ဘုန်းတော်ကြီးတစ်ပါး ရှိသည်။ သူက အလွန်စိတ်တိုသည်၊ ဘာလေး တစ်ခုမျှ သည်းညည်းမခံနိုင်။ သူ့ကျောင်းအနီးမှာ ဖက်ယားပင်ကြီး တစ်ပင်ရှိရာ အဲဒါကို အစွဲပြုပြီး အနီး ပါးနားက လူတွေ က သူ့အား ဖက်ယားပင် ဆရာတော်ဟု ခေါ်ဝေါ်နေကြသည်။ သည်လိုခေါ်သံ မကြာခဏ ကြားရတော့ သူဒေါသ ထွက်ကာ တစ်နေ့မှာ ဖက်ယားပင်ကြီးကို ခုတ်ပစ်သည်။ သစ်ပင်ကြီးခုတ်၍ ငုတ် ချည်းကျန်သည့်အခါ လူတွေက သစ်ငုတ်တို ဆရာတော်ဟု ပြောင်းခေါ်ကြသည်။ ဒါကိုကြားတော့လည်း မခံမရပ်နိုင် ဖြစ်ပြန်ကာ ဒါလောက်တောင် ရှိတာကွာဟူ၍ သစ်ငုတ်ကိုပါ တူးထုတ်ပစ်လိုက်သည်။ ငုတ် မရှိသည့် အခါ လူတွေက တစ်မျိုးပြောင်း ခေါ်သည်။ “ ငုတ်တူးဆရာတော် ” ဟူ၍။ သည်လုအိ နေအထားမျိုးမှာ ဆက်လုပ်လေ ကိုရှုံးလေပင်။ စင်စစ် ပြဿနာဆိုသည်က ကိုယ်က ပြဿနာဟု ခံယူမှ ပြဿနာဖြစ်သည်။ စိတ်အေးအေး ထားမည်ဆိုလျှင် ကိစ္စအတော်များများသည် အသေး အမွှားသာ ဖြစ်သည်။ ကိုယ်ကပုံကြီးချဲ့ ခံစားသည့်အခါ၌မူ အသေးအမွှားက အဆမတန်ကြီးထွားကာ ကိုယ့် ကိုပင် ပို၍ဒုက္ခပေးတော့သည်။

နေရာတကာ အလျှော့ပေး သည်းခံကာ သူများသဘောအတိုင်းချည်း လိုက်နာဖို့ တိုက်တွန်းနေခြင်း မဟုတ်ပါ။ လောက၌ သင့်တင့်လျောက်ပတ်သော အောင်မြင်မှုရရှိရန် အတွက် အချို့သောအရာများအား ကျွန်တော်တို့ ကောင်းသည် မှန်သည်၊ သင့်တော်သည်၊ မိမိအတွက်လည်း အကျိုးဖြစ်ထွန်းမည် ဟူသော အနေအထား များအတိုင်း ဖြစ်လာ ပြောင်းလဲလာအောင် စီမံဖန်တီးတတ်ဖို့လိုပါသည်။ သို့သော် တစ်ဖက်၌ အောင်မြင်မှုနှင့် အတူတွဲလျက် စိတ်ငြိမ်းချမ်းသာမှု ရရှိရန်အတွက်မူ အချို့ သော အရာများနှင့် ပါတ်သက်၍ ဤသည်တို့ကား မိမိဖြစ်စေချင်သည့် ပုံစံအတိုင်း ဖြစ်လာ ပြောင်းလဲ လာအောင် စီမံ ဖန်တီးရန် မစွမ်းသာသည့်အရာများ၊ မဖြစ်ဖြစ်အောင် အတင်းအားထုတ်မည်ဆိုက အကျိုးထက် အပြစ်များမည့် အရာများဟူ၍ သိမှတ်ကာ သူ့အရှိအတိုင်း လက်ခံတတ်ဖို့ လိုမည်ဖြစ်ပါသည်။

 ဖေမြင့်
(တန်ဖိုးထားအပ်သောအရာများ)
Credit To ခွန်အားရှိသောစာ

Related Articles:

Post a Comment