Tuesday, January 14, 2014

မြန်မာပြည်ကြီးကို မြင်ယောင်ကြည့်ပါ -သခင်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခြေခံဥပဒေ ပြင်ချင်တဲ့ အချက်တွေကို ကြည့်လိုက်တော့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေကို ပြင်ချင်တာတွေ  တွေ့ရတယ်။ ကာလုံရဲ့အခန်းကဏ္ဍ၊ ကာချုပ်ရဲ့ ပါဝါကို ခွင့်ပြုထားပေးတဲ့ အချက်တွေကို ပြင်ချင်တာ။
အဲဒီမှာ ဒေါက်တာနေဝင်းမောင် ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ “ကဲ အခြေခံဥပဒေမှာ အာဏာပြန် မသိမ်းပါဘူးလို့ ရေးထားပါပြီတဲ့ ... တကယ် အာဏာပြန် မသိမ်းတော့ဘူးလား ....” တဲ့။ ဟုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရေစီနဲ့  မညီညွတ်တဲ့ ပုဒ်မတွေ ဒုနဲ့ဒေးပါ။ ပါဝင်နေတဲ့ တပ်မတော်သား တစ်မတ်သားဟာ ရွေးကောက်ခံ မဟုတ်ရုံတင်မက သူတို့ စိတ်ကြိုက် သမ္မတတစ်ယောက် တင်မြှောက်ခွင့် ရှိနေတာကလည်း မနှစ်မြို့စရာပါ။ ပြည်သူ့ဆန္ဒ မဟုတ်ဘူးလေ။

ဒါပေမဲ့လည်း သူတို့ရဲ့ အခန်းကဏ္ဍဟာ မြန်မာ့သမိုင်း တစ်လျှောက် အဆိုးရော အကောင်းပါ တွက်ကြည့်ရင် အတော်ကြီးမားပြီး အတော်အရာ ရောက်နေတာကို ထည့်မတွက်လို့ မရပါဘူး။ အသိအမှတ်ပြုကို ပြုထားရမယ့် အခြေအနေပါ။ ပြီးတော့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တပ်မတော်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အင်စတီ ကျူးရှင်းတွေ အားလုံးထဲမှာ စနစ်တကျ အရှိဆုံး အင်စတီကျူးရှင်း တစ်ခုလည်းဖြစ်ပါတယ်။ အခုထိ ပြည်သူလူထုက အော့ကြောလန်ပါတယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လွှတ်တော် ဥက္ကဋ္ဌကိုယ်တိုင်က သွားဂါရဝ ပြုနေသေးတာကို ကြည့်ရင် သူတို့ အခန်းကဏ္ဍကို အပြုတ်တိုက်ဖို့ဆိုတာ အိပ်မက်ပါပဲ။

နောက်တစ်ခုက စေ့စပ်ဆွေးနွေးရေးကို တောင်းဆိုပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ပြောဆိုမှုကိုလည်း နည်းနည်းတော့ လေ့လာ သုံးသပ်ကြည့်ဖို့ လိုပါမယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာကတည်းက သမ္မတ ဦးသိန်းစိန်နဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ အစောပိုင်း နှစ်တွေကတည်းကပေါ့။ အဲဒီတုန်းက သူတို့ ဘာစကားတွေ ပြောကြသလဲ။ ဒေါ်စု ဘာဆွေးနွေးသလဲ။ သဘောထား ပျော့ပျောင်းပါတယ်လို့ သူကိုယ်တိုင် ပြောခဲ့တဲ့ ဦးသိန်းစိန်နဲ့ ဘာတွေ ညှိနှိုင်းခဲ့သလဲ။ ဦးသိန်းစိန်ကလည်း ဘာတွေ ပြန်ဆွေးနွေး၊ ညှိနှိုင်း၊ ပြောဆိုခဲ့သလဲ။ ပြည်သူတွေ မသိရပါဘူး။ တွေ့ခဲ့ကြတယ် ဆိုတာလောက်ပဲ သိလိုက်ရတယ်။ တကယ့်ကို အလွတ်သဘောပဲ သိရတာပါ။ တိုင်းပြည်ရဲ့ အရေးပါ အရာရောက်တဲ့ ခေါင်းဆောင်နှစ်ယောက် တွေ့ကြဆုံကြ ဆွေးနွေးကြတဲ့အခါ တိုင်းပြည်အတွက် အကျိုးရှိမှာတွေကို ဆွေးနွေးကြ၊ ညှိနှိုင်းကြမယ်လို့ပဲ ပြည်သူတွေက နားလည်ထားပါလိမ့်မယ်။ နေကောင်းလား ဟုတ်ကဲ့ ကောင်းပါတယ်။ အဆင်ပြေရဲ့လား ပြေတာပေါ့ လောက်နဲ့တင် ပြီးခဲ့မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့အထိ နှစ်ဖက်ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ အရိပ်အမြွက်တောင် ပြည်သူကို အသိမပေးပါဘူး။ ဒီလို စကားပြောကြတဲ့အခါ အပြန်အလှန် လေးစားမှု ရှိဖို့အပြင် ပြည်သူလူထုကိုလည်း နှစ်ဖက်စလုံးက လေးစားဖို့ လိုပါတယ်။

တစ်ဦးချင်းအနေနဲ့ ပြောရရင် ဦးသိန်းစိန် ဆိုတာလည်း တပ်မတော် ခေါင်းဆောင်ဟောင်းတွေထဲမှာ တော်တော့်ကို Flexible ဖြစ်ပြီး တော်တော့်ကို ရိုးဖြောင့်တဲ့အပြင် အရင်စစ်ခေါင်းဆောင်တွေတောင် မရဖူးတဲ့ ပြည်သူထောက်ခံမှု၊ နိုင်ငံတကာ ထောက်ခံမှုတွေ ရထားတဲ့သူ ဖြစ်ပါတယ်။ ဒေါ်စုဆိုတာက အထွေအထူး ပြောနေစရာတောင် မလိုဘူး။ အရင်ကတည်းက လူထုခေါင်းဆောင်၊ ပြည်သူအတွက် မိသားစုဘဝကို စွန့်လွှတ်ပြီး အနစ်နာခံ ပေးဆပ်ခဲ့သူ၊ ပညာတတ် အမျိုးသမီး၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်။ သူ့ကို လွှတ်ပေးလိုက်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ခွင့်ပြုခဲ့ကတည်းက ဘာ အကြောင်းရှိလို့ပဲ ဖြစ်ဖြစ် လက်ရှိ အစိုးရဘက်က အီလစ်တွေရဲ့ သဘောထား ပျော့ပျောင်းမှုအဖြစ် မြင်ကြည့်လို့ ရပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်ယောက် ကြားမှာ ဘာလို့ ခုနောက်ပိုင်း တင်းမာမှုတွေ ဖြစ်လာရတာလဲ။

အစက ဟုတ်မလိုလိုနဲ့ နောက်ဆုံးကျတော့မှ မာနတွေ ပြလာကြရတာလဲ။ ကိုယ်က လူထု ခေါင်းဆောင်ပဲ။ လူထုကို တိုင်တည်ပြီး တွေ့ခွင့်ကို ခပ်မာမာပဲ တောင်းမယ်။ တစ်ဖက်ကလည်း ကိုယ်က လက်ရှိအစိုးရ အကြီးအကဲ၊ သမ္မတမို့လို့ မတွေ့ချင် မတွေ့ဘူး ဆိုပြီး .....။ သူတို့ကြားမှာ ညှိနှိုင်းမှုတွေ ရှိရမှာပါ။ ၂၀၁၀ တုန်းကလို ဒီချုပ်က No Vote လုပ်ပြီး ရွေးကောက်ပွဲ မဝင်လို့ မရပါဘူး။ တိုင်းပြည်ကို တကယ် ကောင်းစား စေချင်တယ်ဆိုရင် တိုင်းပြည် တိုးတက်လာအောင် ရသလောက် ‘ခွင်’ ထဲက ကြိုးစားရမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ တာဝန်ပါ။ ဒီလိုပြောလို့ အဲဒီ့ ခေါင်းဆောင်တွေကို ခေါင်းဆောင်ကောင်း လုံးဝ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဝေဖန် နေတာတော့ ဟုတ်ပါတယ်။ တိုင်းပြည်တိုးတက် ကောင်းစားလာဖို့က အဲဒီခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ မဟာဗျူဟာပေါ်မှာ မူတည်နေလို့ပါ။

ပြီးတော့ လွှတ်တော်က ၅၉ (စ)ကို မူအရ ပြင်ပေးသင့်တယ်လို့  မြင်ပါတယ်။ သမ္မတဖြစ်ခွင့် အရည်အချင်းတစ်ခုဟာ သားသမီးအထိ ကန့်သတ် ထားတာတော့ မဖြစ်သင့်ပါဘူး။ တကယ်လို့ ဒီပုဒ်မဟာ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ချင်တဲ့ သဘောပါလို့ ပြောရင် ဒါကို မဲပေးတဲ့ ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ပြန်ချေပရမှာပါပဲ။ နိုင်ငံတော် သမ္မတလောင်း တစ်ဦးရဲ့ သားသမီးတွေဟာ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် ပြည်သူတွေက မဲမပေးချင်ရင် မပေးဘဲ နေနိုင်ပါတယ်။ ဒါ ပြည်သူလူထုက ဆုံးဖြတ်ပါလိမ့်မယ်။ အခုအခြေအနေအရလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်က နိုင်ငံခြားသား ဖြစ်နေတာမို့လို့ အချို့သော အမျိုးသားရေး ဝါဒီများဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်ကြတာတွေ ရှိပါတယ်။ ဒါကြောင့် သူတို့ ရွေးကောက်ပွဲမှာ ဒီချုပ်ကို မဲမပေးဘဲ နေနိုင်ပါတယ်။ တခြားပါတီတွေကို မဲ ပေးနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူအများရဲ့ဆန္ဒဟာ ဒေါ်စုကို မဲပေးကြတယ်ဆိုရင်တော့ သူ သမ္မတ ဖြစ်သင့်တာပါပဲ။ ဒါကို လက်ခံရပါမယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉ (စ)ဟာ သူ့ကို ရည်ရွယ်ထားတဲ့အတွက် မဖြစ်မနေ ပြင်ပေးရမယ်ဆိုတဲ့ စကားကို စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ အားနည်းချက်တွေကို ထောက်ပြီး ပြောဆို နေတာတွေကလည်း အလွန်အန္တရာယ်ကြီးပြီး တင်းမာမှုကို ပိုဖြစ်စေနိုင်ပါတယ်။ တကယ်လို့သာ ပြောတဲ့လေသံနဲ့ စကားလုံးတွေကို ဒီ့ထက်နည်းနည်း နားခံသာအောင် ပညာသားပါပါ ပြောတဲ့လေသံမျိုး ပြောင်းပြီး ၅၉ (စ)ကို ပြင်ခွင့်ရအောင် တခြားစကားရပ်တွေနဲ့ အစားထိုး သုံးစွဲ ပြောဆိုလို့ကော မရဘူးလားလို့လည်း စဉ်းစားမိပါတယ်။ လူထုအင်မတန် အားကိုးယုံကြည် လေးစားခံရတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ့်အန္တရာယ်ကိုလည်း အလေးထားသင့်ပါတယ်။ တစ်ဖက်ကို နာအောင် ဆွပေးပြီး အလိုရှိတာကို တောင်းဆိုတာထက် တစ်ဖက်ရဲ့ သောက၊ စိုးရိမ်ပူပန်မှု၊ မတူညီတဲ့ ဖြတ်သန်းမှု၊ မတူညီတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု၊ မတူညီတဲ့ လေ့ကျင့် သင်တန်း ပေးမှုနဲ့ ဝါဒ အဖြန့်ခံထားခဲ့ရတဲ့ အခြေအနေတွေကို နားလည်အောင် ကြိုးစားပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးတာက ပိုထိရောက်ပြီး အဖြေရနိုင်တဲ့ နည်းလမ်းလို့ မြင်ပါတယ်။

မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတာ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဖွံ့ ဖြိုးတိုးတက်ဖို့ပါ။ အခု နိုင်ငံရေးစနစ်က ခွင့်ပြု ပေးထားတာကလည်း အပြန်အလှန် Check and Balance ရှိတဲ့ ပုံစံပါ။ သမ္မတ တစ်ယောက် တည်းမှာတင် လုပ်ပိုင်ခွင့်တွေ ပုံအောနေတာ မဟုတ်တဲ့အတွက် တိုင်းပြည် အကျိုးကို သယ်ပိုးချင်ရင် သမ္မတ နေရာမှ မဟုတ်ပါဘူး။ ကိုယ်ရောက်ရှိတဲ့ နေရာကနေ သယ်ပိုးပေးလို့ ရပါတယ်။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်ဘူးလို့ မဆိုလိုသလို ဖြစ်စေချင် ပါတယ်လို့လည်း မပြောပါဘူး။

စာရေးသူတို့ မြန်မာနိုင်ငံကို ရှေ့လျှောက် လူနဲ့ မောင်းနှင်ရတဲ့ ပုံစံမဟုတ်ဘဲ မူနဲ့ မောင်းနှင်ရတဲ့ ပုံစံ ဖြစ်စေချင်လို့ပါ။ သမ္မတ တစ်ယောက်တည်းနဲ့တင် တိုင်းပြည် တည်ဆောက်လို့ မရသလို စစ်တပ်က ပါနေလို့ တိုင်းပြည်တည် ဆောက်လို့ မရဘူး ဆိုတာလည်း မဟုတ်ပါဘူး။ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ယိုယွင်းလာတဲ့ ဗျူရိုကရေစီယန္တရား၊ အကျင့်ပျက် ခြစားမှု၊ ဝန်ထမ်းတွေရဲ့ အရည်အချင်း ချို့တဲ့မှု၊ တရားဥပဒေ စိုးမိုးရေး အားနည်းမှုတွေဟာ ဥုံဖွဆိုပြီး အကုန်ကောင်းသွားမှာ မဟုတ်သလို သမ္မတ တစ်ယောက်တည်း ပြင်လို့လည်း မရနိုင်ပါဘူး။ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိဂုံးချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကြားဖူးတာလေးနဲ့ နိဂုံးချုပ်ပါရစေ။ ဗိုလ်ချုပ်တို့ အင်္ဂလန်သွားပြီး ဘုရင်ခံနဲ့ သွားတွေ့မယ် ဆိုတဲ့အခါ သူ့ကို့ Your Majesty ဆိုပြီး နှုတ်ဆက်ဖို့ ဗိုလ်ချုပ်ကို ပြောပါတယ်တဲ့။ အဲလိုပြောတော့ ဗိုလ်ချုပ်က ငါတို့ကို နယ်ချဲ့ထားတဲ့သူကို အဲလို မပြောနိုင်ဘူးလို့ ငြင်းတယ် ဆိုပါတယ်။ ဒါပေမဲ့ “ဒါဟာ သံတမန် နည်းလမ်းအရ ပြောကို ပြောရတဲ့ အခေါ်အဝေါ်ဖြစ်ပါတယ်။ အောက်ကျတယ်လို့ ဗိုလ်ချုပ် မခံယူပါနဲ့။ လွတ်လပ်ရေးကို တောင့်တနေကြတဲ့ ဗမာပြည်သူ ပြည်သားတွေကို မြင်ယောင်ကြည့်လိုက်ပါ” လို့ ဘကြီး ဘဘေက နားချတော့မှ Your Majesty ရယ်လို့ ကောင်းကောင်းမွန်မွန်ပဲ သွားနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဆင့်စကားနဲ့ ကြားဖူးတဲ့ အဖြစ်အပျက်လေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်လေးကို ကြားမိပြီး ဗိုလ်ချုပ်အောင်ဆန်းကို ပိုလို့ လေးစားချစ်ခင်သွားမိပါတယ်။ အခုလက်ရှိ နိုင်ငံရေး ဖြစ်စဉ်တွေမှာလည်း ခေါင်းဆောင်များ မြန်မာပြည်ကြီးကို မြင်ယောင်ကြည့်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
Credit To The Voice Weekly

Related Articles:

Post a Comment