Tuesday, August 20, 2013

အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်တန်းများဆီသို့(Written by အောင်သူငြိမ်း )



ရခိုင်ရိုးမတောင်တန်း တစ်နေရာတွင် ဆင်စီးလေ့လာရေး ခရီးသွားများအား တွေ့ရစဉ်
ဝသန္တရာသီ၏ တိမ်ပန်းချီများကို ငေးမောရင်း မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အား ပထ၀ီမြေလွှာချင်း တွဲချုပ်ထားသည့်နှယ်ရှိသော အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်တန်းများဆီသို့ ရောက်ခဲ့သည်။ ယေဘုယျအားဖြင့် အပူပိုင်းဇုန်ဟု ထင်ရသည့် မကွေးတိုင်းအတွင်းရှိ ပဒါန်း၊ ငဖဲ၊ စေတုတ္တရာ၊ ထီးလင်း၊ ဂန့်ဂေါမြို့များမှာ မိုးရေချိန် လက်မလေးဆယ်အထက် ရရှိသည့် ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများပေါ်၌ တည်ရှိနေကြသည်။
သြဂုတ်လလယ်ပိုင်းက ရခိုင်ရိုးမ တောင်တန်းများ၏ အရှေ့ဘက်ဆုံးအခြေ၊ မကွေးတိုင်း၏ အနောက်ဘက်ဆုံး မြိ့လေးတစ်မြို့ဖြစ်သည့် ငဖဲမြို့နယ်သို့ ရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းမြို့လေးမှာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း၏ နယ်ခြားမြို့ဟု ခေါ်ဆိုနိုင်သည့်အလျောက် ရာသီဥတုမှာလည်း မကွေးတိုင်းအတွင်း အခြားမြို့နယ်များနှင့် လုံးဝကွာခြားလှသည်။
မကွေးမြို့မှ ဧရာဝတီတံတား (မကွေး) ကို ဖြတ်၍ မင်းဘူးမြို့သို့ ရောက်သည်။ မင်းဘူးမြို့ မြောက်လှည်းကောက် အ၀ိုင်းမှတစ်ဆင့် မင်းဘူး-အမ်း ကားလမ်းအတိုင်းလိုက်၍ ပုသိမ်-မုံရွာလမ်းသို့အရောက် ပုသိမ်ဘက်သို့လိုက်၍ ငါးမိုင်ခန့်အကွာတွင် ပဒါန်းမြို့သို့ ရောက်သည်။ ပဒါန်းမြို့မှ အနောက်တည့်တည့်သို့ ထွက်သောအခါ ငဖဲမြို့သို့ ရောက်သည်။
ပဒါန်းမြို့သို့ မရောက်မီကတည်းက အနောက်ရိုးမ တောင်တန်းများ၏ ကျောကုန်းများပေါ် တိမ်တိုက်များ လွန်းထိုးနေသည့် မြင်ကွင်းအား လှမ်းမြင်နေရသည်။ ထိုမြင်ကွင်းက အပူပိုင်းဇုန်မှ ထွက်လာသူ တစ်ဦးအား အိုအေစစ် တစ်ခုအလား ဆွဲဆောင်နေခဲ့သည်။ ပဒါန်းမြို့မှ ငဖဲမြို့သို့ သွားရာကားလမ်း ၀ဲယာတစ်လျှောက် ရခိုင်ရိုးမ အခြေမှ ဆည်ရေသောက်သည့် စပါးခင်းများကလည်း ပြာညို့ညို့ တောင်တန်းကြီးများနှင့် ပနံရလှသည်။
ငဖဲမြို့သို့ ရောက်သောအခါ အဝေးမှ မြင်ကတည်းက ရောက်ဖူးချင်လှသည့် အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်တန်းများဆီသို့ ခရီးနှင်ခဲ့သည်။ အညာခြောက်သွေ့ ရပ်ဝန်းမှ လာသူအတွက် စိမ်းမြမြ လယ်ကွင်းပြင်နှင့် ပြာညို့ညို့ တောင်တန်းကြီးများက အမိအရ ဖမ်းစားထားနိုင်သည်ထက် ပေထောင်ကျော်မြင့်သည့် တောင်တန်းကြီးများပေါ်သို့  ဆင်စီး၍ တက်ရမည်ဆိုသည်က ပြောမပြတတ်အောင် ပျော်နေမိသည်။
ငဖဲမြို့မှ တောင်တန်းကြီးများပေါ်သို့ တက်ရောက်ရန် အစစအရာရာ ကူညီပေးခဲ့သော ဦးတင်ဝင်းမှာ ကျေးဇူးတင်စရာ ကောင်းလှသည်။ အနောက်ရိုးမ တောင်တန်းကြီးများပေါ်သို့ တက်ရောက်ရန် အကြောင်းဖန်ခဲ့ခြင်းမှာလည်း ဦးတင်ဝင်း ကမကထပြု တည်ထောင်ထားသည့် အစုအဖွဲ့ပိုင် သစ်တောများအား လေ့လာရန်ဖြစ်သည်။
ငဖဲမြို့မှတစ်ဆင့် အသစ်ဖောက်လုပ်ထားသည့် ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ဆယ်မိုင်ခန့် လွန်သောအခါ တောက်တဲ့တောင် အခြေမှ ဆင်ဝိုင်းအနီးသို့ ရောက်ခဲ့သည်။ ဆင်ဝိုင်းမရောက်မီ ငရန့်ချောင်းရွာအထိ ဆင်လေးကောင်က အဆင်သင့် လာကြိုနေခဲ့သည်။ ထိုရွာလေးမှာ ရခိုင်ရိုးမပေါ်၌ တည်ရှိသော်လည်း ချင်းလူမျိုးများ အများဆုံး နေထိုင်ကြသည်။
ထိုရွာမှတစ်ဆင့် ငဖဲမြို့နယ်အတွင်း အမြင့်ဆုံး တောင်ကြောဖြစ်သည့် တောက်တဲ့တောင်ပေါ်သို့ ဆင်များစီး၍ တက်ခဲ့ကြသည်။ လမ်းရိုးဟောင်းအတိုင်း တစ်သွယ်၊ တောသစ်တိုး၍ တစ်ဖုံ လျှိုမြောင်များကို ကျော်ရင်း တောက်တဲ့တောင်၏ တစ်ဝက်ကျော် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀ အမြင့်အထိ ရောက်ရှိခဲ့သည်။
အဆိုပါ စီမံချက်မှာ သစ်တောထိန်းသိမ်း ကာကွယ်ရေးအတွက် ထိရောက်လှသော်လည်း တိုးပွားလာမည့် လူဦးရေနှင့် ဘိုးစဉ်ဘောင်ဆက် တောင်ယာခုတ်ခြင်းကိုသာ ဓားမဦးချ လုပ်ကိုင်လာခဲ့သည့် ဒေသခံများအတွက် ၀မ်းရေးကို မည်သည့်နည်းဖြင့် ဖြေရှင်းကြမည်လဲ အတွေးပွားမိသည် . . . . .
တောင်ကြောအမြင့်သို့ရောက်လေ တိမ်တွေကို အနီးကပ်မြင်ရလေ မြင်ကွင်းအသစ် အဆန်းတွေ မြင်ရလေဖြစ်လာခဲ့သော်လည်း ထိုမြင်ကွင်း အသစ်အဆန်းများထဲမှ မြင်ကွင်းအများစုက စိတ်မချမ်းမြေ့စရာများ ဖြစ်နေမှန်း သိလာခဲ့ရသည်။ တောင်တန်းကြီးများအား အဝေးမှမြင်ရစဉ်က ပြာညို့ညို့ဖြင့် လှနေသော်လည်း တောင်တန်းကြီးများ၏ ရင်သားပေါ်ရောက်လာမှ ဒဏ်ရာဒဏ်ချက်တွေနှင့် ပါလားဟု သိခဲ့ရသည်။
"အခုမြင်နေတဲ့ ကွက်လပ်တွေရော ပတ်ဝန်းကျင် တောင်တွေပေါ်က ခပ်စိမ်းစိမ်း ကွက်လပ်တွေပါ ဒေသခံတွေ ခုတ်ထွင်ထားတဲ့ တောင်ယာတွေပေါ့ဗျာ။ အခု မိုးတွင်းမို့ အစိမ်းရောင်လေးတွေ မြင်နေရပေမယ့် နွေအခါဆို လူ့ဦးခေါင်းမှာ ဒက်ပေါက်သလို အကွက်ကြီးတွေ မြင်နေရတာ ကြည့်ကောင်းစရာ မရှိပါဘူး။ သစ်ပင်တွေ ရှိတုန်းက ခုတ်ခဲ့တာ ကျွန်တော်ရော ကင်းလားဆို မကင်းခဲ့ပါဘူး။ ဒါကြောင့် ကိုယ်နိုင်သလောက် ပြုစုမယ်ဆိုပြီး အစုအဖွဲ့ပိုင် သစ်တောစိုက်ဖို့ အစီအစဉ် ချခဲ့တာ" ဟု ဦးတင်ဝင်းက ပြောပြခဲ့သည်။
ထိုတောင်ကြောများပေါ်ရှိ ဒေသခံ အများစုမှာ တောင်ယာစိုက်ပျိုးခြင်းနှင့် သစ်တောထွက်ပစ္စည်းများ အပေါ်တွင်သာ အဓိက မှီခိုကြရသည်။ တောင်ယာစိုက်ပျိုးသည့် မြေကွက်လပ်ရရှိရန် သစ်ကြီး၊ ၀ါးကြီးများအား ပြောင်နေအောင်ခုတ်၍ မီးပါရှို့ကြရသည်။ ထိုသို့ မီးရှို့၍ရသည့် ပြာများက သီးနှံဖြစ်ထွန်းရန် အားပေးသည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။
"တောင်ယာလုံးဝ မခုတ်ဖို့ သူတို့ကို တားလိုက်ရင် သူတို့ဘာသွားစားမလဲဆိုတာ ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူးလေ။ မျှစ်တစ်ချောင်းဟာ ၀ါးတစ်ပင်ပဲလို့ အသိရှိသည့်တိုင်အောင် ဒီမျှစ်ကို ငါမချိုးလည်း သူများချိုးမှာပဲဆိုတဲ့ အသိက လက်တွေ့ပိုကျနေတဲ့ အခြေအနေတွေပေါ့ဗျာ။ နိုင်ငံတော် စီမံချက်ကြီးတွေနဲ့မှ အကောင်အထည် ဖော်နိုင်မယ့် အနေအထားပါ" ဟု ဦးတင်ဝင်းက ပြောကြားခဲ့သည်။
တောက်တဲ့တောင် ပတ်လည်မှ မန်းသစ်တော ကြိုးဝိုင်းအတွင်း ဦးတင်ဝင်းဦး ဆောင်သည့်အဖွဲ့က အစုအဖွဲ့ပိုင် သစ်တောအဖြစ် ဧက ၆၅၀ ရရှိထားသည်။ ထိုအဖွဲ့တွင် ဒေသခံတောင်သူများ အများဆုံး ပါဝင်၍ အဖွဲ့ဝင် ၃၃ ဦးရှိသည်။ ယခုလက်ရှိ တောင်ယာဟောင်း (ဖုန်းဆိုး) များတွင် လျှော်ဖြူ၊ သစ်မွှေး၊ ကျွန်းစသည့်အပင်များ စတင်စိုက်ပျိုးထားသည်။
"ဦးလေးတို့ ဘိုးစဉ်ဘောင်ဆက် တောင်ယာစိုက်ခဲ့ကြတာပဲ။ တောင်ယာစနစ်က တစ်နေရာကို နှစ်နှစ်လောက် စိုက်ပြီးရင် ဒီအတိုင်း ထားခဲ့တာပဲလေ။ မစားလောက်တော့လည်း သစ်တောကိုပဲ မှီခိုရတာပေါ့။ အခုတော့ နိုင်ငံတော်ကလည်း အစုအဖွဲ့ပိုင် သစ်တောစိုက်ခွင့် ပြုတယ်။ ရေရှည်မှာလည်း သစ်တောတွေရှိမှ သဘာဝ မျှတမယ်ဆိုတာ ရေဒီယိုတွေ၊ စာစောင်တွေကနေ သိလာရလို့ သစ်တောစိုက်ဖို့ စိတ်ဝင်စားခဲ့တာ" ဟု ငရန့်ချောင်းကျေးရွာမှ အသက် ၆၁ နှစ်ရှိ တောင်သူဦးမြင့်မောင်တင်က ပြောကြားခဲ့သည်။
မစားလောက်တော့လည်း သစ်တောကိုပဲ မှီခိုရတာပေါ့ဟူသည့် ဦးမြင့်မောင်တင်၏ စကားကို ကြားယောင်ရင်း သစ်တောကထွက်သည့် သစ်လုံးကြီးများ၊ ကျွဲနွားများဖြင့်လည်း မြို့နယ်ခြားအထိ မသယ်ဆောင်ဆောင်နိုင်သည့် သစ်လုံးကြီးများအား မည်သူတွေက ၀ယ်ယူခဲ့သလဲ။ မည်သူတွေထံ မည်သည့်ပုံစံဖြင့် တစ်ဆင့်ရောင်းချခဲ့သလဲ။ အတွေးပွားနေမိသည်။
နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သစ်တောဧရိယာများအတွင်း ကျူးကျော်တောင်ယာများအား စာရင်းပြုစုနေကြောင်း သိရသည်။ သစ်တောဧရိယာ အတွင်းရှိ တဲတိုက်များအား အိမ်ခြေ ၅၀ ကျော်လျှင် ကျေးရွာအဖြစ် အတည်ပြု၍ အိမ်ခြေ ၅၀ မကျော်ပါက နီးစပ်ရာ တဲတိုက်အချင်းချင်း စုပေါင်းကာ ကျေးရွာဖွဲ့ပေးမည်ဟု သိရသည်။ လက်ရှိကျူးကျော်ထားသည့် တောင်ယာနှင့် လယ်ကွက်များအား ပုံမှန်အတိုင်း လုပ်ကိုင်ခွင့်ပေးမည် ဖြစ်သော်လည်း ထပ်မံချဲ့ထွင်ခြင်းကို လုံးဝခွင့်မပြုဘဲ ဥပဒေနှင့် ထိထိရောက်ရောက် အရေးယူသွားမည်ဟုလဲ သိရသည်။
အဆိုပါ စီမံချက်မှာ သစ်တောထိန်းသိမ်း ကာကွယ်ရေးအတွက် ထိရောက်လှသော်လည်း တိုးပွားလာမည့် လူဦးရေနှင့် ဘိုးစဉ်ဘောင်ဆက် တောင်ယာခုတ်ခြင်းကိုသာ ဓားမဦးချ လုပ်ကိုင်လာခဲ့သည့် ဒေသခံများအတွက် ၀မ်းရေးကို မည်သည့်နည်းဖြင့် ဖြေရှင်းကြမည်လဲ အတွေးပွားမိသည်။ ဒေသခံများအတွက် မည်သို့သော အသက်မွေး ၀မ်းကျောင်းမှု ပုံစံအသစ်များက အဆင်ပြေစေမည်လဲ စဉ်းစားမိသည်။
တောက်တဲ့တောင်ပေါ်မှ ပြန်ဆင်းလာသောအခါ စပါးခင်းစိမ်းစိမ်းနှင့် တောင်တန်းပြာ ညို့ညို့များအား အဝေးမှ မြင်ရစဉ်က ကြည်နူးမှုများ ပျောက်ကွယ်နေခဲ့သည်။ ခွန်အားကြီးမားလှသည့် ဆင်ကြီးပေါ်တွင် လိုက်ပါလာရပေသည့် အားအင်ကုန်ခန်း နေသကဲ့သို့ စိတ်နွမ်းနယ်နေခဲ့သည်။
ဘ၀တွင် ပထမဆုံး ဆင်စီးဖူးသည့် အတွေ့အကြုံ၊ အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်တန်းများပေါ်သို့ ပထမဆုံး ရောက်ခဲ့ဖူးသည့် အထိအတွေ့က တောင်တန်းကြီးတွေ ဘယ်လောက်မြင့်မြင့် သစ်ပင်ကြီးတွေ မဖုံးလွှမ်းတော့ ပါလားဟူသော အသိကို ပထမဆုံး ရရှိစေခဲ့သည်။
Credit To First-11

Related Articles: